မောင်တောမြို့နယ် မြို့ဦးရွာအဝင်လမ်း တံတားအောက်မှ လက်လုပ်မိုင်းအလုံး ၄၀ တွေ့ရှိ

မောင်တောမြို့နယ် မြို့ဦးရွာအဝင်လမ်း တံတားအောက်မှ လက်လုပ်မိုင်းအလုံး ၄၀ တွေ့ရှိ
Published 30 October 2017

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့ဦးရွာအဝင်ရှိ တံတားအောက်မှ တွေ့ရှိရသော လက်လုပ်မိုင်းများအား သက်ဆိုင်ရာမှ စစ်ဆေးနေစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့ဦးရွာအဝင်လမ်း တံတားအောက်မှ လက်လုပ်မိုင်းအလုံး ၄၀ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လက်လုပ်မိုင်းများကို အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီခွဲတွင် တံတားထိပ်နေအိမ်မှ ကိုညွန့်တင်ဆိုသူက တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကို သတင်းပေးပိုခဲ့သဖြင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တံတားဘေးမှာ အိမ်ရှိတယ်။ အဲဒီအိမ်က ကိုညွန့်တင် (၄၀ နှစ်) က စတွေ့တယ်။ တံတားအောက်မှာ လက်လုပ်မိုင်းအလုံး ၄၀ ကို အစုလိုက်တွေ့တယ်။ အဲဒါကို သတင်းပေးတော့ ကျွန်တော်တို့ လိုက်သွားတယ်။ BE တပ်က ရှင်းတယ်။ မိုင်းတွေက PVC ပိုက်နဲ့ လုပ်ထားတာပါ။ အချင်း တစ်လက်မခွဲ၊ အလျား ခြောက်လက်မရှိတယ်။ အဲဒါ တပ်ကို အပ်လိုက်ပါတယ်” ဟု မောင်တောမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တွေ့ရှိသည့် လက်လုပ်မိုင်းများမှာ ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အချင်း တစ်လက်မခွဲ၊ အလျားခြောက်လက်မ ရှိ စုစုပေါင်း အလုံး ၄၀ ဖြစ်ကြောင်းနှင့် အဆိုပါမိုင်းများကို တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့က သိမ်းဆည်းသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် နောက်ပိုင်းတွင် လက်လုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ မကြာခဏ ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။

ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများအား ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ယခုလဆန်းကလည်း ဒေသခံတိုင်းရင်းသားနှစ်ဦး ဘင်္ဂါလီများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ပြီးခဲ့သော သြဂုတ်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပုဒ်မ ၁၄၄ ဆက်လက် ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ အင်အား လျှော့ချခြင်း မရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent