မိသားစုဝမ်းရေးအတွက် အိမ်ခြံဝိုင်းကို အတိုးနှင့်ပေါင်နှံ၍ ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင် သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ဒုက္ခဖြစ်ပြန်လာရသူ အများအပြားရှိ

မိသားစုဝမ်းရေးအတွက် အိမ်ခြံဝိုင်းကို အတိုးနှင့်ပေါင်နှံ၍ ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင် သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ဒုက္ခဖြစ်ပြန်လာရသူ အများအပြားရှိ
Published 30 October 2017

MoU လုပ်သားအဖြစ် တရားဝင် အလုပ်သွားလုပ်သော်လည်း အလုပ်မရဘဲ ပြန်ရောက်လာသူများအား တွေ့ရစဉ်

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာ နည်းပါးခြင်းကြောင့် မိသားစုဝမ်းရေးအတွက် အိမ်ခြံဝိုင်းကို အတိုးနှင့် ပေါင်နှံ၍ ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင် သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ဒုက္ခဖြစ်ပြီး ပြန်လာရသည့်အတွက် ငွေကြေးယူပြီး ပို့ဆောင်ပေးသည့် ကုမ္ပဏီကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီဖြစ်သည့် Lucky ကုမ္ပဏီက စက်တင်ဘာ ၁၄ ရက်တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည့် မြန်မာလုပ်သား ၁၇၉ ဦးအနက် အလုပ်မရဘဲ နေအိမ်ခြံဝင်း တစ်ခုတွင် နေရာချထားခြင်း ခံရသည့် အလုပ်သမား ၄၅ ဦးမှာ မြန်မာအလုပ်သမား သံအရာရှိ၏ လမ်းညွှန်ချက်၊ AAC အဖွဲ့၏ ကူညီမှုဖြင့် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီခန့်က မြဝတီမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံ အလုပ်အကိုင်ရှာ ဖွေရေးကုမ္ပဏီများက ပို့ဆောင်သည့် MoU လုပ်သားများကို ထိုင်းဘက်က အလုပ်ရှင် သို့မဟုတ် ပွဲစားများက စာချုပ်ပါအတိုင်း စက်ရုံများသို့ တာဝန်ယူ ပို့ဆောင်ခြင်းမရှိဘဲ ဈေးဗန်းရွက်ရောင်းသလို အရောင်းခံနေရသည်ဟု အလုပ်သမားများက ပြောကြားသည်။

ယင်းကုမ္ပဏီက ပို့ဆောင်သည့် အလုပ်သမားများမှာလည်း ထိုင်းဘက်ရှိ ပွဲစားက ရာသီသီးနှံစက်ရုံများသို့ အလုပ်သွင်းပြီး နောက်ဆုံး အလုပ်လုံးဝမရသူ ၄၅ ဦးသာ မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၄၀ ကျော် အလုပ်မရဘဲ အငတ်ငတ် အပြတ်ပြတ် ဒုက္ခခံနေခဲ့ရသည့်  မြန်မာလုပ်သား ၄၅ ဦးအား မြန်မာနိုင်ငံ မြဝတီမြို့သို့ လာရောက်ပို့ဆောင်ခဲ့သူ AAC မဟာမိတ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းက အလုပ်သမားတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိသော Lucky ကုမ္ပဏီမှာ တာဝန်ရှိသူများကို အလုပ်သမားများနှင့်အတူ တရားစွဲဆိုသွားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံကနေ အခက်အခဲအမျိုးမျိုးနဲ့ တက်လာခဲ့ကြတယ်။ တချို့ဆိုရင် အိမ်ပေါင်လာသူတွေ၊ အတိုးချေးလာသူတွေလည်း ပါတယ်။ တရားဝင်ပေမယ့် အလုပ်မရှိတဲ့အတွက် MoU ဟာ တရားဝင် လူကုန်ကူးတဲ့ စနစ်လို ဖြစ်နေတယ်။ မြန်မာကုမ္ပဏီ အနေနဲ့လည်း ထိုင်းပွဲစားတွေဘက်က ဒီလိုလုပ်မယ်မှန်း မသိလို့ ပို့တာလို့ ပြောတယ်။ လက်ရှိမှာ အလုပ်သမားတွေ ဒုက္ခရောက်တယ်။ အလုပ်မရှိဘူး။ နောက်အလုပ်တွေမှာ အလုပ်စပ်ပြီး လူသွင်းတယ်။ အလုပ်သမားတွေက အေဂျင်စီကို မယုံတော့တဲ့အတွက် AAC ကို အကူညီတောင်းလာတယ်။ မြန်မာအလုပ်သမားတွေရဲ့ ဆန္ဒအတိုင်း မြန်မာနိုင်ငံကိုလာပြီး ပို့ဆောင်ပေးတဲ့ ကုမ္ပဏီတာဝန်ရှိသူကိုရော နယ်ကလိမ်တဲ့ ပွဲစားတွေကိုပါ တရားစွဲဖို့ မြန်မာမြေသို့ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်” ဟု ကိုရဲမင်းက ပြောကြားသည်။

မြဝတီသို့ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦးက “ညီမတို့က အိမ်ခြံကို တစ်ဆယ်ကျပ်တိုးနဲ့ ပေါင်ပြီး တရားဝင်ဆိုလို့ သွားခဲ့တာပါ။ ခုနစ်သိန်းကျော် ကုန်ကျပါတယ်။ ဒီငွေတွေကို ဘယ်လို ပြန်ဆပ်နိုင်တော့မလဲ။ ခြံကြီးကို ထိုးပေးလိုက်ရတော့မှာပေါ့။ အစကတော့ အလုပ်လုပ်ပြီး ပြန်ရွေးမယ်လို့ စိတ်ကူးထား ပေမယ့် ခုတော့နေစရာမရှိဘဲ အမေအိုနဲ့ ဘယ်လို ဖြေသိမ့်ရတော့မှာလဲ” ဟု မျက်ရည်သုတ်ရင်း ပြောကြားသည်။

ထို့ပြင် လွန်ခဲ့သည့် လဆန်းပိုင်းကလည်း တရားဝင် MoU လုပ်သားများမှာ တရားမဝင် လုပ်သားအဖြစ် အလုပ်ဖြုတ် အဖမ်းခံရပြီး ပြန်လည်ရောက်ရှိခဲ့သည်။ သို့သော်လည်း ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးသည့် ဒဏ်ကြောင့် MoU လုပ်သားအဖြစ် မြဝတီချစ်ကြည်ရေး တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နေ့စဉ်ရာပေါင်းများစွာ ထွက်ခွာလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent