စွန့်စားခရီးသွားလုပ်ငန်း (Adventure Tour) ကို ထမံသီဘေးမဲ့တောတွင် ဖော်ဆောင်ရန်စီစဉ်နေ

စွန့်စားခရီးသွားလုပ်ငန်း (Adventure Tour) ကို ထမံသီဘေးမဲ့တောတွင် ဖော်ဆောင်ရန်စီစဉ်နေ
Published 29 October 2017

ထမံသီဘေးမဲ့တောကို တွေ့ရစဉ်

စွန့်စားခရီးသွားလာသည့် လုပ်ငန်း (Adventure Tour) ကိုထမံသီ ဘေးမဲ့တောတွင် ဖော်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ထမံသီဘေးမဲ့တောသည်  စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်အကြားတွင် တည်ရှိပြီး ဘေးမဲ့တောအတွင်းရှိ ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ ငှက်များ၊ အပင်မျိုးစိတ်များနှင့် ထမံသီ ဘေးမဲ့တော၏ ပျက်စီးခြင်းမရှိသေးသော သဘာဝသစ်တောများကို လေ့လာနိုင်ရန်၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ပူးတွဲ အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ဘေးမဲ့တောအတွင်းရှိ သားရဲတိရစ္ဆာန်အချို့ကို တွေ့ရစဉ်

“စွန့်စွန့်စားစား ခရီးသွားလုပ်ငန်း  (Adventure Tour) လို့လည်း ပြောလို့ရသလို (Wildlife Tourism) လို့လည်း ပြောလို့ရတယ်။ တောရိုင်းတိရစ္ဆာန်တွေကို ကြည့်ရှုတာပေါ့။ Adventure Tour က နိုင်ငံခြားမှာ အောင်မြင်နေပေမယ့် မြန်မာနိုင်ငံမှာကျတော့ ခရီးသွား တယ်လို့ မသတ်မှတ်ကျသေးဘူး။ တော်တော်လေးကို နည်းနေသေးတယ်။ ဒါကြောင့် ဒီလိုခရီးစဉ်ကို ပြည်တွင်းကလူတွေ သွားချင်လာအောင် သွားတတ်လာအောင် ဆွဲဆောင်ပေးရမယ်။ ထမံသီဘေးမဲ့တော ခရီးစဉ်မှာဆိုရင် ရှားပါးတောရိုင်းတိရစ္ဆာန်တွေ၊ ငှက်တွေ၊ အပင်မျိုးစိတ်တွေ ကြည့်ရှုလေ့လာလို့ရမယ်။ တောအတွင်းက ရေတံခွန်တွေ၊ ချောင်းတွေတစ်လျှောက်မှာ ကနူးလို လက်နဲ့ ကိုယ်တိုင်လှော်ရတဲ့ လှေတွေကို ကျောက်ဆောင်ကျောက်ကမ်းပါးတွေကြားထဲ စီးလို့ရမယ်။ တောထဲသွားရတာ အနားယူရတာ တောရဲ့အလှကို ခံစားရတာစသဖြင့် သဘာဝတောထဲမှာ စွန့်စားသွားလာပြီး အနားယူ အပန်းဖြေရတဲ့ အရသာကို ထိုက်ထိုက်တန်တန် ခံစားနိုင်အောင် စီစဉ်ပေးထားမယ်။ နောက်ပြီးနိုင်ငံခြားက စွန့်စားသွားလာလိုသူတွေလည်း ထမံသီဘေးမဲ့တောထဲမှာ ဒီလိုလုပ်လို့ရတယ်ဆိုတာ အသိပေးရမှာပေါ့”  ဟု ဦးသန်းဌေးက ပြောကြားသည်။

ဘေးမဲ့တောအတွင်းရှိ သားရဲတိရစ္ဆာန်အချို့ကို တွေ့ရစဉ်

ထမံသီဘေးမဲ့တောအတွင်း Adventure Tour ဖော်ဆောင်ရာတွင် အစိုးရနှင့် နိုင်ငံတကာအကူအညီများ အထောက်အပံ့များရယူနိုင်ရန်နှင့် ခရီးသွားများကို ထိုက်တန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် စီစဉ်ထားပြီး တော၏သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမည့် ကိစ္စများကို လုံး၀ ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်သည်။

“ဒီလို ခရီးသွားလုပ်ငန်းက ရေရှည်အားဖြင့် သာမန်အပန်းဖြေ ခရီးသွား လုပ်ငန်းထက် ခဲယဉ်းတယ်။ နောက်ပြီး သူ့ကိုရင်းနှီးမြှုပ်နှံချင်တဲ့ လူဆိုတာကလည်း မရှိသလောက်ပဲ။ ဒါကြောင့် ဒီလုပ်ငန်းကို လူသိများလာအောင် Marketing ကောင်းကောင်း လုပ်ပေးရမယ်။ အစိုးရနဲ့ နိုင်ငံတကာက အကူအညီတွေရယ်၊ ဒီဘေးမဲ့တောကို ထိန်းသိမ်းဖို့ ထောက်ပံ့နေတဲ့ ပြည်ပအလှူရှင်တွေ သူတို့ရဲ့ အကူအညီတွေကို ပေါင်းစပ်ပြီး ဖော်ထုတ်ရမယ်။ ဒီခရီးသွား လုပ်ငန်းကို ဖော်ဆောင်ပြီဆိုတာနဲ့ ခရီးသည်တွေကို Facility အပြည့်အဝပေးနိုင်အောင်၊ တောရဲ့သဘာဝကိုလည်း အထိအခိုက်နည်းအောင် သစ်လုံးအိမ်လေးတွေ ဆောက်ပေးထားမယ်။ Toilet ကောင်းကောင်းလည်း ထားပေးရမယ်။ အရေးကြီးဆုံးက အမှိုက်ကိစ္စပဲ။ နိုင်ငံခြားသားတွေက အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တဲ့ အလေ့အကျင့်ရှိတော့ အမှိုက်ပြဿနာ သိပ်မတွေ့ရပေမယ့် ပြည်တွင်းခရီးသွားတွေမှာတော့ အမှိုက်စွန့်ပစ်တာကို စည်းကမ်းတကျ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်။  အမှိုက်ပစ်တာတွေ့ရင် ဒဏ်ငွေ ဘယ်လောက်အထိ ရိုက်မယ်ဆိုပြီး စီစဉ်ရမယ်။ ခရီးသွားလုပ် ငန်းကို ဖော်ဆောင်တယ်ဆိုပေမယ့် သစ်တောနဲ့သဘာ၀၀န်းကျင်ကို လုံးဝပျက်စီးခံလို့မရဘူး” ဟု ဦးသန်းဌေး က ဆက်လက် ပြောကြားသည်။

ဘေးမဲ့တောအတွင်းရှိ သားရဲတိရစ္ဆာန်အချို့ကို တွေ့ရစဉ်

ထမံသီဘေးမဲ့တောသည် ၈၃၀ ဒသမ ၄၀ စတုရန်းမိုင်ကျယ်ဝန်းပြီး ဘေးမဲ့တောအတွင်း အာရှဆင်၊ ပြောင်၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ မျက်ခုံးဖြူ မျောက်လွှဲကျော် အပါအဝင် ရှားပါးနို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ၅၀ ကျော်၊ တောဘဲမန်ဒါလီ (white - winged Duck)၊  ရေဗလုံ Mask Fin Foot) အောက်ချင်းငှက် စသော ရှားပါးငှက်မျိုးစိတ်များ၊ ကမ္ဘာပေါ်တွင် ဒုတိယအရှားပါးဆုံး တိုက်လိပ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများစွာ တည်ရှိသည်။

 

 

 

 

 

Most Read

Most Recent