NLD ပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ မြန်မာနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ဘာသာပေါင်းစုံဆုတောင်းပွဲ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပမည်

NLD ပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ မြန်မာနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ဘာသာပေါင်းစုံဆုတောင်းပွဲ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပမည်
Published 8 October 2017

NLD ပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ မြန်မာနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ဘာသာပေါင်းစုံဆုတောင်းပွဲ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပရာတွင် အဆင်ပြေချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး NLD ပါတီတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အလုပ်အမှုဆောင်ကော်မတီများ အထူးအစည်းအဝေးကို အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘာသာပေါင်းစုံ ဆုတောင်းပွဲအတွက် လုပ်တာပါ။ ကျန်တဲ့ကိစ္စမရှိပါဘူး။ အဲဒါကလည်း တစ်နိုင်ငံလုံး အောက်တိုဘာ ၁၀ ရက်ညနေပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်နယ်နဲ့တိုင်းအားလုံးမှာ လုပ်မှာပါ။ အဓိက,ကတော့ဗျာ။ ဘာသာရေးအရခွဲခြားမှုမရှိဘဲနဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားပြီးတော့ နေထိုင်တယ်ဆိုတာကို တိုင်းပြည်ထဲမှာ ဒီဟာလေးကိုပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုရှိသွားစေချင်တယ်။ ကြိုပြင်ဆင်တာပေါ့။ အလုပ်က အများကြီးလုပ်ရမယ်။ လူအင်အားကလည်း ပရိသတ်ကလည်း ကျွန်တော်ထင်တယ်။ သောင်းနဲ့ချီ တက်လာမယ်ဆိုတော့ ဘယ်လောက်တက်လာမလဲတော့ မခန့်မှန်းတက်သေးဘူး။ ဘာသာအသီးသီးက ဖိတ်ကြားထားတဲ့ သက်ဆိုင်ရာဘာသာကြီးက ကိုးကွယ်သူတွေရှိတာကို။ ဘာသာရေးလေးခုဆိုတော့ အကုန်လုံးပေါ့။ မိမိကိုးကွယ်တဲ့ ဘာသာက သတ်မှတ်ထားတဲ့ ဘာသာရေးဝတ်စုံနဲ့ တက်ကြမှာကို။ အဲဒီမှာပြဿနာက အနှောင့်အယှက်တွေ ရှိမလာအောင်ပေါ့လေ။ ပြောလို့မရဘူး။ ဒီလိုသတင်းကိုအခြေခံပြီး ဆူပူချင်တဲ့သူတွေက ပြဿနာရှာနိုင်သေးတယ်လေ။ အဲဒါတွေကြိုညှိတာပေါ့” ဟု NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ပြောကြားသည်။

NLD ပါတီ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်အမှုဆောင်ကော်မတီများက ကြီးမှူး၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အောက်တိုဘာ ၁၀ ရက်တွင် တစ်ပြိုင်နက် ပြုလုပ်မည်ဖြစ်သော်လည်း ယင်းနေ့တွင် ပြုလုပ်နိုင်ခြင်းမရှိသည့် NLD ပါတီတိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်များအနေဖြင့် အောက်တိုဘာ ၁၇ ရက်၊ ၂၄ ရက်၊ ၃၁ ရက်တို့တွင် ပြုလုပ်နိုင်ကြောင်း၊ မြို့နယ်နှင့်ခရိုင်များသည် သီးခြားပြုလုပ်ရန်မလိုဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ ပြုလုပ်သည့်ပွဲများကို ဝိုင်းဝန်းပံ့ပိုးပေးရန် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က အောက်တိုဘာ ၅ ရက်က The Daily Eleven သတင်းစာကို ပြောကြားထားသည်။

ထိုသို့ ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်ရန် ရွေးချယ်ထားသည့် ရက်များသည် အင်္ဂါနေ့များဖြစ်သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းက စတင်ကာ ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မောင်တောဒေသ နယ်စပ်တစ်လျှောက်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကို တစ်ပြိုင်နက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် တပ်မတော်သားအချို့ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး ဒေသခံရခိုင်တိုင်းရင်းသားများ၊ မြို၊ ဒိုင်းနက်၊ သက်၊ မရာမာကြီးနှင့် ဟိန္ဒူဘာသာဝင်များသည် ကျေးရွာများမှစွန့်ခွာကာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့များသို့ တိမ်းရှောင်ခဲ့ရကာ ဘင်္ဂါလီအများအပြားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားသည့် အခြေအနေဖြစ်ပြီး လက်ရှိတွင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုကာ ဆောင်ရွက်နေရသည့် အခြေအနေဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ထိုသို့ဖြစ်ပေါ်နေချိန်တွင် ရခိုင်ပြည်နယ်၌ ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ပြီး လက်ရှိတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရှေ့မတိုးနိုင်သည့် အခြေအနေဖြစ်နေကြောင်း သုံးသပ်မှုများရှိနေသည်။

Most Read

Most Recent