၈၈ မျိုးဆက်များနှင့် ခေတ်အဆက်ဆက် နိုင်ငံရေးမျိုးဆက်များပါဝင်မည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်းများ တိုင်းဒေသကြီးခုနစ်ခုတွင် အဓိကဦးစားပေး ဖွင့်လှစ်မည်

၈၈ မျိုးဆက်များနှင့် ခေတ်အဆက်ဆက် နိုင်ငံရေးမျိုးဆက်များပါဝင်မည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်းများ တိုင်းဒေသကြီးခုနစ်ခုတွင် အဓိကဦးစားပေး ဖွင့်လှစ်မည်
Published 3 October 2017

၈၈ မျိုးဆက်များနှင့် ခေတ်အဆက်ဆက် နိုင်ငံရေးမျိုးဆက်များပါဝင်မည့် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် ပါတီဖြစ်မြောက်ရေးကော်မတီရုံးခန်းများအား တိုင်းဒေသကြီးခုနစ်ခုတွင် အဓိကဦးစားပေး ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးခုနစ်ခုတွင် ပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်း ဖွင့်လှစ်ခြင်းလုပ်ငန်းများ အဓိကထား လုပ်ဆောင်နေပြီး ကျန်ပြည်နယ်တို့တွင် တိုင်းရင်းသားပါတီ အဖွဲ့အစည်းများနှင့် မဟာမိတ်လုပ်မှုကို အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးဗဟိုကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးရဲနိုင်အောင်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားသည်။

ဦးရဲနိုင်အောင်က “ကျွန်တော်တို့ ပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်းတွေက လောလောဆယ် မကွေးတိုင်းဖွင့်ပြီးပြီ။ ဧရာဝတီတိုင်းဖွင့်ပြီးပြီ။ ကျန်တာတော့ အဓိကပြည်နယ်တွေထက်စာရင် လောလောဆယ်က တိုင်းခုနစ်ခုကို အဓိကထား အာရုံစိုက်လုပ်မှာပေါ့။ ကျန်တာတော့ ကျွန်တော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံမှန်စည်းရုံးရေးတွေ ဆင်းနေတာတော့ရှိပါတယ်။ ကျွန်တော်တို့က ပြည်နယ်နဲ့စာရင်တိုင်းပေါ့ဗျာ။ ယေဘုယျသဘောအားဖြင့်တော့ တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့က မဟာမိတ်လုပ်မှုကို အဓိကထားမယ်ဆိုတော့ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်မယ်။ ပြည်နယ်တွေမှာ အဲဒါကိုအဓိကအာရုံစိုက်မယ်။ ပြည်နယ်တွေမှာ လုံးဝမလှုပ်ရှားတာတော့ မဟုတ်ဘူးပေါ့။ တိုင်းဒေသကြီးခုနစ်ခုမှာ အဓိကပထမဦးစားပေးပေါ့” ဟုပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က ဧရာဝတီတိုင်းဒေသကြီးအတွက် ပါတီဖြစ်မြောက်ရေးကော်မတီရုံးခန်းကို ဟင်္သာတမြို့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါရုံးခန်းဖွင့်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်” ဟုရေးသားထားသော အပြာရောင်အင်္ကျီနှင့် အပြာရောင်ပုဆိုးဝင်ဆင်ကာ သံခြေကျင်းနှင့် လက်ထိပ်ခတ်ထားသည့်ပုံစံဖြင့် ကဗျာရွတ်ဆို သရုပ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့်အောက်တိုဘာ ၄ ရက်တွင်လည်း ပဲခူးတိုင်းဒေသကြီးအတွက် ပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်းကို ပဲခူးမြို့တွင် ဖွင့်လှစ်သွားရန်ရှိပြီး အဆိုပါပဲခူးတိုင်းတွင် ဖွင့်လှစ်ပြီးပါက တိုင်းဒေသကြီးသုံးခုအထိ ပါတီဖြစ်မြောက်ရေးကော်မတီရုံးခန်းများ ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိရာ လာမည့်နိုဝင်ဘာတွင် ပါတီအမှတ်တံဆိပ်၊ ပါတီလိုဂို၊ ပါတီအလံတို့အား ဆုံးဖြတ်အတည်ပြုသွားရန်ရှိကြောင်း ဦးရဲနိုင်အောင်က ဆိုသည်။

“အခုဟာကတော့ ကြိုတင်ပြင်ဆင်ရေးကာလပေါ့။ ကျွန်တော်တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီထဲမှာစပြီး ပါတီမှတ်ပုံတင်မယ်။ မှတ်ပုံတင်တဲ့ လုပ်ငန်းတွေစမှာပေါ့။ သူကလည်း သူ့ရဲ့လုပ်ငန်းစဉ်တွေရှိသေးတာကို ကျွန်တော်တို့ကတင်မယ်။ သူတို့ကစစ်မယ်။ ပါတီဝင်တစ်ထောင်ရဲ့စာရင်း စသဖြင့် သူ့လုပ်ငန်းစဉ်တွေတော့ ရှိတာပေါ့။ ၂၀၁၇ ခုနှစ်ထဲမှာ ဘာလုပ်စရာရှိလဲဆိုရင် အောက်တိုဘာလကုန် နိုဝင်ဘာထဲမှာ ပါတီရဲ့နာမည်၊ ပါတီလိုဂို၊ ပါတီအမှတ်တံဆိပ် အဲဒါတွေဆုံးဖြတ်မယ်။ မြို့နယ်ပေါင်းစုံ အစည်းအဝေးလေးခေါ်ပြီး အဲဒါဆုံးဖြတ်မယ်” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် မျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်များက ပါတီဖြစ်မြောက်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်လျက်ရှိပြီး နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ဗဟိုအဆင့်ဦးဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပဖွဲ့စည်းခဲ့ကြောင်း သိရသည်။