ထရန့်၏ စစ်ရေးစွက်ဖက်မည့် ခြိမ်းခြောက်မှုအပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုက စစ်ရေးလေ့ကျင့်ရန် ညွှန်ကြား

ထရန့်၏ စစ်ရေးစွက်ဖက်မည့် ခြိမ်းခြောက်မှုအပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုက စစ်ရေးလေ့ကျင့်ရန် ညွှန်ကြား
Published 16 August 2017


သြဂုတ် ၁၄ ရက်က ကာရာကက်မြို့တွင် ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ပေဒရီနို၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသည့် စစ်သားများ (Photo: AFP)

ဗင်နီဇွဲလားအား စစ်ရေးဖြင့် အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်ခြေရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုအား တုံ့ပြန်ရန် လာမည့်သီတင်းပတ်တွင် နိုင်ငံအဆင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဗင်နီဇွဲလားသမ္မတ နီကိုလက်မာဒူရိုက သြဂုတ် ၁၄ ရက်တွင် စစ်တပ်အား ညွှန်ကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုအား သြဂုတ် ၂၆ နှင့် ၂၇ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက မြို့တော်ကာရာကက်တွင် ထောက်ခံသူများစုဝေးမှု၌ ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအား လိုအပ်လျှင် စစ်ရေးဖြင့် အရေးယူနိုင်ခြေအပါအဝင် ရွေးချယ်စရာ နည်းလမ်းမျိုးစုံကို စဉ်းစားနေကြောင်း ထရန့်က သြဂုတ် ၁၁ ရက်တွင် သတိပေးခဲ့အပြီး မာဒူရိုအစိုးရက ယင်းကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထရန့်၏ ခြိမ်းခြောက်မှုသည် ရူးနှမ်းမှုဖြစ်ပြီး အမေရိကန်သည် ဗင်နီဇွဲလားအား တိုက်ခိုက်လိုနေကြောင်း မျက်နှာဖုံး ကွာကျသွားခြင်းဖြစ်သည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဗလာဒီမာပေဒရီနိုက ပြောကြားခဲ့သည်။

ထရန့်၏ ခြိမ်းခြောက်မှုသည် ဝါရှင်တန်က ကမ္ဘာတွင်အကြီးဆုံးဖြစ်သည်ဟု ဆိုထားသည့် ဗင်နီဇွဲလား၏ အရန်ရေနံသိုက်ကို ထိန်းချုပ်ရန် ဝါရှင်တန်က ကြိုးပမ်းနေကြောင်း အကြိမ်ကြိမ်ပြောကြားထားမှုကို ပို၍အားကောင်းစေခဲ့ကြောင်းလည်း မာဒူရိုအစိုးရက ထုတ်ပြန်ခဲ့သည်။ ဗင်နီဇွဲလားတွင် နက်ရှိုင်းနေသော စီးပွားရေးအကျပ်အတည်းနှင့် မာဒူရို၏ အာဏာရှင်ဆန်လာမှုအား တုံ့ပြန်ရန်အတွက် အမေရိကန်က ပြုလုပ်ခဲ့သော ယင်းခြိမ်းခြောက်မှုကို ဗင်နီဇွဲလားအား ဆန့်ကျင်သည့် နိုင်ငံများအပါအဝင် လက်တင်အမေရိကနိုင်ငံအားလုံးက ခါးခါးသီးသီး ငြင်းပယ်ခဲ့ကြသည်။

ဗင်နီဇွဲလားအား စစ်ရေးဖြင့်အရေးယူရန်အတွက် အသင့်ပြင်ထားရန် ထရန့်ထံမှ ညွှန်ကြားမှုမရရှိသေးကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ ဗင်နီဇွဲလားအား ပူးတွဲအရေးယူဆောင်ရွက်ရန်အတွက် စီစဉ်ရန် အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်ကလည်း ကိုလံဘီယာ၊ အာဂျင်တီးနား၊ ချီလီနှင့် ပနားမားစသည့် လက်တင်အမေရိက မဟာမိတ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဗင်နီဇွဲလား ပြဿနာအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းကို ရှာတွေ့မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဗင်နီဇွဲလားသည် ပျက်သုဉ်းလုနိုင်ငံအဖြစ်သို့ ကျရောက်သွားပါက ကမ္ဘာလုံးခြမ်း၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်နေကြောင်း ပင့်စ်က ကိုလံဘီယာသို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။

ကျူးဘားနှင့် ရုရှားတို့၏ မဟာမိတ်ဖြစ်သော ဗင်နီဇွဲလားက သမ္မတဟောင်း ဟူဂိုချားဗက်ဇ်လက်ထက်အတွင်း ရုရှားထံမှလေယာဉ်ဖျက် ကာကွယ်ရေးစနစ်များနှင့် တင့်ကားများအား ဝယ်ယူထားခဲ့သည်။ လက်ဝဲဝါဒီခေါင်းဆောင် မာဒူရိုက ဗင်နီဇွဲလားကို တင့်ကားများ၊ လေယာဉ်များ၊ ဒုံးများဖြင့် ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။ ဗင်နီဇွဲလား အတိုက်အခံညွန့်ပေါင်းကပင် နိုင်ငံအား ယင်းကဲ့သို့အင်အားသုံးမည့် မည်သည့်ခြိမ်းခြောက်မှုကိုမဆို ပယ်ချကြောင်း သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်ကလည်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးများအား ပြည်ပအင်အားကြီးများ၏ စွက်ဖက်မှုများကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent