ရုရှားနှင့် တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး အစီအမံတစ်ရပ်ကို ယူကရိန်းက အမေရိကန်ထံ တင်ပြမည်

ရုရှားနှင့် တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး အစီအမံတစ်ရပ်ကို ယူကရိန်းက အမေရိကန်ထံ တင်ပြမည်
ဂျက်ဒါးမြို့ရှိ တော်ဝင်နန်းတော်၌ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်(ယာ)တို့ မတ် ၁၀ ရက်က တွေ့ဆုံနေပုံကို တွေ့ရစဉ် (Photo: AFP)
ဂျက်ဒါးမြို့ရှိ တော်ဝင်နန်းတော်၌ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်(ယာ)တို့ မတ် ၁၀ ရက်က တွေ့ဆုံနေပုံကို တွေ့ရစဉ် (Photo: AFP)
Published 11 March 2025

ယူကရိန်းက ရုရှားနှင့် တစ်စိတ်တစ်ပိုင်းအပစ်အခတ်ရပ်စဲရေးအတွက် အစီအမံတစ်ရပ်ကို မတ် ၁၁ ရက်တွင် အမေရိကန်ပြည်ထောင်စုထံတင်ပြမည်ဟုသိရပြီး ယူကရိန်းသည် သုံးနှစ်ကြာစစ်ပွဲပြီးဆုံးစေရေးအတွက် လိုက်လျောချက်များတောင်းဆိုထားသည့် သမ္မတဒေါ်နယ်ထရန့်၏ အမေရိကန်အစိုးရထံမှ အကူအညီများ ပြန်ပေးရန်လည်း မျှော်လင့်ထားသည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး ယူကရိန်းကလည်း ဒရုန်း ၃၃၀ ကျော်ဖြင့် ရုရှားနိုင်ငံတစ်ဝန်းကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ချိန်တွင် ဆော်ဒီဆွေးနွေးပွဲဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အိမ်ဖြူတော်ရှိ သမ္မတရုံးခန်း၌ သမ္မတဒေါ်နယ်ထရန့်က သမ္မတဗိုလိုဒီမာဇယ်လန်းစကီးကို ကျေးဇူးကန်းသူဟု ပြောဆိုခဲ့ကာ ၎င်းတို့နှစ်ဦး စကား အခြေအတင်ဖြစ်ခဲ့ပြီးနောက်ပိုင်း မတ် ၁၁ ရက် ညနေပိုင်းတွင် ယူကရိန်းတာဝန်ရှိသူများနှင့် အမေရိကန်တာဝန်ရှိသူများ ဆော်ဒီဆိပ်ကမ်းမြို့ ဂျက်ဒါး၌ပြုလုပ်မည့် အစည်းအဝေးသည် အဆင့်အမြင့်ဆုံး အစည်းအဝေးဖြစ်လာမည်ဖြစ်သည်။

ဇယ်လန်းစကီး၏ ဝတ်စားဆင်ယင်ပုံကို ထရန့်က ပြောကြားခဲ့ပြီးနောက် ၀ါရှင်တန်က  ယူကရိန်းကိုပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းထားလိုက်သည့်အပြင် ဂြိုဟ်တုဓာတ်ပုံများပေးခြင်းလို ထောက်လှမ်းရေး သတင်းများပေးခြင်းကိုလည်း ရပ်ဆိုင်းခဲ့ရာ ယင်းသို့လုပ်ဆောင်ခြင်းသည် ဆွေးနွေးရေးစားပွဲဝိုင်းသို့ ယူကရိန်းလာစေရန် ဖိအားပေးခြင်းဖြစ်သည်။

ထရန့်ထံသို့ နောင်တရကြောင်းပေးစာကို ရေးခဲ့သော ဇယ်လန်းစကီးက မတ် ၁၁ ရက်တွင် ဂျက်ဒါးမြို့၌ ဆော်ဒီအိမ်ရှေ့မင်းသားကို တွေ့ဆုံခဲ့သည်ဆိုသော်လည်း အမေရိကန်ကိုယ်စားလှယ်များနှင့်ပြုလုပ်မည့် ဆွေး နွေးပွဲသို့ ၎င်းတက်ရောက်မည်မဟုတ်ဘဲ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ထိပ်တန်းတပ်မှူးတို့တက်ရောက်မည်ဟု သိရသည်။

ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်နှင့် ဂျက်ဒါးတွင်တွေ့မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆွေးနွေးပွဲတွင် အကူအညီများရပ်ဆိုင်းထား သည့်ကိစ္စအား မိမိတို့ ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

“ကောင်းမွန်တဲ့ အစည်းအဝေးဖြစ်လာမှာဖြစ်ပြီး သတင်းကောင်းတွေရှိလာမယ့် အစည်းအဝေးဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ရူဘီယိုက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကာကွယ်ရေးနှင့်သက်ဆိုင်သော စစ်ဆင်ရေးများအတွက် ထောက်လှမ်းရေးသတင်းများ ပေးခြင်းကို ဖြတ်တောက်မည်မဟုတ်ဟု ရူဘီယိုက ပြောကြားခဲ့သည်။

ယခင်ကပေးခဲ့သော လက်နက်အကူအညီများအတွက် လျော်ကြေးအဖြစ် အမေရိကန်က ယူကရိန်း၏ကြွယ်ဝသော သယံဇာတများကို ထုတ်ယူခွင့်ရရှိမည့် ထရန့်တောင်းဆိုသော သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရခြင်းမရှိဘဲ ဇယ်လန်းစကီးသည် အိမ်ဖြူတော်မှ ထွက်ခွာလာခဲ့ရသည်။

ယင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် လိုလာနေဆဲဖြစ်သည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ သို့သော်လည်း မတ် ၁၁ ရက် အစည်းအဝေးတွင် ထိုကိစ္စကို အလေးပေးမည်မဟုတ်ဟု မာကိုရူဘီယိုက ပြောကြားခဲ့သည်။

ဇယ်လန်းစကီး အိမ်ဖြူတော်ကိုသွားခဲ့ပြီးနောက်ပိုင်း ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အပေးအယူကိစ္စတွင် ပိုမိုတောင်းဆိုခွင့်ရှိရန် ကြိုးပမ်းမှုအဖြစ် ရုရှားက ယူကရိန်းသိမ်းပိုက်ထားသော ကို့စ်ဒေသက ရုရှားကျေးရွာများကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

ဆော်ဒီဆွေးနွေးပွဲအကြိုနေ့ဖြစ်သော မတ် ၁၀ ရက်တွင် ယူကရိန်းက မော်စကိုမြို့အား ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ရာ ဒရုန်း ၃၃၇ စင်းကိုအသုံး ပြုခဲ့သည်ဟု သိရသည်။

Ref: AFP

Most Read

Most Recent