
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့်အပစ်အခတ်ရပ်စဲရေး အယူအဆကို ၎င်းထောက်ခံသည်ဟု မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဆိုသော်လည်း ဒေါ်နယ်ထရန့်နှင့် ၎င်းဆွေးနွေးချင်သော ကိစ္စကို မည်သို့မည်ပုံ အကောင်အထည်ဖော်ရမလဲဆိုသည်နှင့်ပတ်သက်၍ လေးနက်သော မေးခွန်းများရှိနေသည်ဟု ဆိုသည်။
ပူတင်က ယူကရိန်း၌ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်-ယူကရိန်းပူးတွဲအစီအမံကို အထက်ပါအတိုင်း တု့ံပြန်လိုက်ခြင်းဖြစ်သည်။ ယင်းကိစ္စဆွေးနွေးရန် အမေရိကန်အထူးသံတမန် စတိဗ်ဝစ် ကော့ဖ်သည် မတ်လ ၁၃ ရက် နှောင်းပိုင်း၌ ရုရှားတာဝန်ရှိသူများနှင့်တွေ့ဆုံရန် မော်စကိုမြို့ကို ရောက်ရှိနေသည်။
“တိုက်ပွဲတွေ ရပ်သွားစေဖို့ အဆိုပြုချက်တွေကို ကျွန်တော်တို့က သဘောတူပါတယ်။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲတာဟာ ကာလရှည်ငြိမ်းချမ်းရေးကို ဦးတည်စေပြီး အကျပ်အတည်းရဲ့အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းတဲ့ အခြေခံပေါ်မှာ ကျွန်တော်တို့က သဘောတူတာဖြစ်ပါတယ်”ဟု မော်စကို သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ပြောကြားခဲ့သည်။
“ဒါပေမဲ့လည်း မသိမသာ ကွဲပြားတာတွေ ရှိနေပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားစစ်သားများသည် ကို့စ်ဒေသ၌ ယူကရိန်းစစ်သားများကို တိုက်ထုတ်ရန် ရည်ရွယ်သော ထိုးစစ်ကို လတ်တလော ဆင်နွှဲနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က တိုက်ပွဲတွေကို ရက် ၃၀ ရပ်ထားမယ်ဆိုရင် အဲဒါဟာ ဘာအဓိပ္ပာယ်လဲ။ အဲဒီကို ရောက်နေသူတွေက မတိုက်ခိုက်ရဘဲ ထွက်လာကြရမှာလား။ အပစ်အခတ်ရပ်စဲရေး ကြီးကြပ်မှုကို ဘယ်လို စီစဉ်မှာလဲ။ အားလုံးဟာ အလေးအနက်ထားရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်”ဟု ရုရှား သမ္မတက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့ လိုအပ်မယ် ထင်ပါတယ်။ သမ္မတထရန့်နဲ့ ဖုန်းစကားပြောတာမျိုး၊ သူနဲ့ဆွေးနွေးတာမျိုး လိုပါတယ်”ဟု ပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားစစ်သားများသည် ရှေ့တန်းဒေသ အားလုံးကို လက်တွေ့ကျကျ ချီတက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ မော်စကိုသည် ယူကရိန်းစစ်သားများကို ကို့စ်ဒေသထဲမှ မောင်းထုတ်ရာတွင် အောင်မြင်မှုရသည့် အပေါ်အခြေခံပြီး အပစ်အခတ်ရပ်စဲရေး၏ နောက်လာမည့် အဆင့်များကို ဆုံးဖြတ်ရ လိမ့်မည်ဟု သမ္မတပူတင်က ဆက်လက်ပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်-ယူကရိန်း အဆိုပြုချက်ကို နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ သမ္မတပူတင်၏ အကြံပေး ယူရီအူရှာ ကော့ဗ်က မတ်လ ၁၄ ရက်တွင် ဝေဖန်ပြောကြားလိုက်ပြီး အပစ်အခတ်ရပ်စဲရေးသည် ယူကရိန်းစစ်တပ်အတွက် အသက်ရှူပေါက် မျှသာဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
“အဲဒါဟာ ယူကရိန်းစစ်တပ်အတွက် ယာယီအသက်ရှူပေါက်ရဖို့ဆိုတာ ထက်မပိုပါဘူး”ဟု အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးမိုက်ဝေါ့ဇ်နှင့် ဖုန်းစကားပြောခဲ့ပြီးနောက် ယူရီအူရှာကော့ဗ်က အစိုးရသတင်း မီဒီယာကို ပြောကြားခဲ့သည်။
ရုရှားသည် ရုရှား၏တရားဝင်ဖြစ်သော အကျိုးစီးပွားတို့ကို သေချာစေလိမ့်မည့် ကာလရှည် ငြိမ်းချမ်းရေး အဖြေတစ်ရပ်ကို ရည်ရွယ်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“မိမိတို့ကြိုးစားနေတဲ့အရာဟာ ကာလရှည်ငြိမ်းချမ်းရေးဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
“ငြိမ်းချမ်းတဲ့ လုပ်ရပ်ကို အတုခိုးထားတဲ့ အဆင့်မှန်သမျှကို မျက်မှောက်အခြေအနေမှာ ဘယ်သူကမှ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
ယူကရိန်းတွင် ရက် ၃၀ အပစ်ရပ်စဲရေး ကိစ္စအတွက် အမေရိကန်စေ့စပ်ရေးသမားများ ရုရှားကိုရောက်နေသည်။
Ref:AFP