
အမေရိကန်တွင် တရုတ်ဟက်ကာများ ဆိုက်ဘာတိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အရာရှိနှစ်ဦးအပါအဝင် တရုတ်နိုင်ငံသား ၁၂ ဦးသည် ၂၀၂၄ ခုနှစ်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုက်ဘာတိုက်ခိုက်မှုအပါအဝင် အခြား ဆိုက်ဘာတိုက်ခိုက်မှုများအတွက် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက မတ် ၅ ရက်က ပြောကြားခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရသည့် နစ်နာသူများထဲတွင် အမေရိကန်အခြေစိုက် တရုတ်အစိုးရအတိုက်အခံများ၊ အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အမေရိကန်၏ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရအေဂျင်စီများပါဝင်သည်ဟု တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
i-soon ဟုလူသိများသည့် Anxun Information Technology ကုမ္ပဏီမှ ဝန်ထမ်းရှစ်ဦး၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အီးမေးလ်အကောင့်များ၊ ဆဲလ် ဖုန်းများ၊ ဆာဗာများနှင့် ဝက်ဘ်ဆိုက်များကို ဟက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် နယူးယောက်တွင် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးအပါအဝင် အဆိုပါသံသယရှိသူ ၁၀ ဦးသည် ဘာသာရေးအဖွဲ့အစည်းများ၊ ဂျာနယ်လစ်များနှင့် အစိုးရအေဂျင်စီများကို ပစ်မှတ်ထားရန် ခေတ်မီဆန်းပြား သည့် ဆိုက်ဘာတိုက်ခိုက်မှုနည်းနစ်များကို အသုံးပြုခဲ့ပြီးစုဆောင်းရရှိထားသည့် အချက်အလက်များကို တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးပို့ခဲ့သည်ဟု အမေရိကန်အစိုးရ ရှေ့နေမက်သူး ပိုဒိုစကီးက ပြောကြားခဲ့သည်။
ပုဂ္ဂလိက တရုတ်ဟက်ကာများသည် အချို့ဖြစ်ရပ်များတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် နိုင်ငံ့လုံခြုံရေးဝန်ကြီးဌာတို့၏ ငွေကြေးအထောက်အပံ့ကို ရရှိခဲ့သည်ဟုလည်း အမေရိကန်တရားရေးဝန်ကြီး ဌာနကပြောကြားခဲ့သည်။
ဖြစ်စဉ်အများစုတွင် ဟက်ကာများသည် ၎င်းတို့ပစ်မှတ်ထားသည့် နစ်နာသူများကို စနစ်တကျရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးအားနည်းသည့် ကွန်ပျူတာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ ရရှိခဲ့သည့်အချက်အလက်များကို တရုတ်အစိုးရကို ပြန်လည်ရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
i-soon ကုမ္ပဏီသည် ၎င်းတို့အောင် မြင်စွာဆိုက်ဘာတိုက်ခိုက်နိုင်ခဲ့သည့် အီးမေးလ်အကောင့်တစ်ခု ချင်းစီအတွက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် နိုင်ငံ့လုံခြုံရေးဝန်ကြီးဌာနတို့ထံမှ ဒေါ်လာ ၁၀၀၀၀ မှ ဒေါ်လာ ၇၅၀၀၀ ကြား အခကြေးငွေရယူခဲ့သည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သံသယရှိသူ ၁၀ ဦးစလုံးသည် လွတ်မြောက်နေဆဲဖြစ်ပြီး ထိုသံသယရှိသူများကို ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးငွေချီးမြှင့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ်းလှမ်းထားသည်။
ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုပစ်မှတ်များထဲတွင် တရုတ်နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ကို မြှင့်တင်နေသည့် သာသနာပြုအဖွဲ့အစည်းတစ်ခု၊ ဟောင်ကောင်သတင်းစာတစ်စောင်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနများ ပါဝင်ခဲ့သည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နောက်ထပ်စွဲချက် တင်ခံရသူနှစ်ဦးမှာ APT 27 အမည်ရှိ ဟက်ကာအဖွဲ့ထဲမှ အဖွဲ့ဝင်နှစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးကိုဖမ်းဆီးရမိရန် သတင်းပေးသူကို ဒေါ်လာ ၂ သန်းချီးမြှင့်မည်ဟု ဆုငွေထုတ်ထားသည်။
Ref: AFP