
ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက သဘာဝသယံဇာတတို့ကို လွှဲပြောင်းပေးရန် သဘောတူညီချက် လက်မှတ်ရေးထိုးရေးအတွက် ၀ါရှင်တန်သို့လာရန် ပြင်ဆင်လျက်ရှိစဉ် သမ္မတဒေါ်နယ်ထရန့်က အမေ ရိကန်လုံခြုံရေးအာမခံချက်ကမ်းလှမ်းခြင်း သို့မဟုတ် ယူကရိန်းအတွက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးကမ်းလှမ်းချက်ကို ပယ်ချသည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနှင့်သံတမန်ရေး ပြန်လည်ဆက်ဆံရန်နှင့် သုံးနှစ်ကြာယူကရိန်းစစ်ပွဲ အမြန်ဆုံးပြီးဆုံးစေရန်အတွက် အမေရိကန်မူဝါဒကို ပြောင်းပြန်လှန်ပစ်ခဲ့သော ထရန့်က ဥရောပမဟာမိတ်နိုင်ငံများက ယူကရိန်း၏လုံခြုံရေး အတွက် တာဝန်ယူကြရလိမ့်မည်ဟု ပြောကြားခဲ့သည်။
လေယာဉ်၊ အာကာသယာဉ်၊ ဒုံးပျံတို့ တည်ဆောက်ရေးပညာတွင်လည်းကောင်း၊ အခြား နည်းပညာတို့အတွက်လည်းကောင်း အသုံးပြုသော မြေရှားသတ္တုများ ထုတ်ယူရေးအတွက် အမေရိကန်က ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ပြီးနောက် ဇယ်လန်းစကီးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ လာမည်ဖြစ်ပြီး သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိမ့်မည်ဟု ထရန့်က အစိုးရ အဖွဲ့အစည်းအဝေး၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါဟာ ယူကရိန်းအတွက် တော်တော်ကောင်းပါတယ်။ သူတို့က ကျွန်တော်တို့ကို အဲဒီကို ခေါ်တာကြောင့်ဖြစ်ပါတယ်”ဟု ထရန့် ပြောကြားခဲ့သည်။
“ကျွန်တော်တို့က အဲဒီနိုင်ငံကိုသွားရပါလိမ့်မယ်။ ကျွန်တော်တို့အဲဒီမှာရှိနေတဲ့အခါ ကျွန်တော်တို့ရဲ့လူတွေကို ဘယ်သူကမှ ဟိုလိုလို ဒီလိုလို လုပ်လို့မရတာကြောင့် အဲဒါဟာအလိုအလျောက် လုံခြုံရေးနည်းလမ်းဖြစ်ပါ တယ်”ဟု ထရန့်က ပြောကြားသည်။
သို့သော်လည်း အမေရိကန်ပြည်ထောင်စုက ယူကရိန်းလိုလားသည့် တရားဝင်လုံခြုံရေးအာမခံချက်များကို ပေးမည့်ကိစ္စအား ထည့်မစဉ်းစားဟု ထရန့်က ပြောကြားခဲ့သည်။
“ကျွန်တော်က လုံခြုံရေးအာမခံချက်တွေကို တော်တော်များများ ပေးမှာမဟုတ်ပါဘူး”ဟု သမ္မတက ပြောကြားသည်။
“အဲဒီလုံခြုံရေးကိစ္စလုပ်ဖို့ ကျွန်တော်တို့မှာ ဥရောပရှိနေပါတယ်။ ဥရောပဟာသူတို့(ယူကရိန်း)ရဲ့အနားက အိမ်နီးချင်းဖြစ်တယ်ဆိုပေမယ့် အရာရာ အဆင်ပြေအောင်တော့ ကျွန်တော်တို့ သေသေချာချာလုပ်ကြ ရမှာပါ”ဟု ဒေါ်နယ်ထရန့်က ဆက်လက်ပြောကြားခဲ့သည်။
စစ်ပွဲပြီးဆုံးရန် မည်သည့် အလျှော့ပေးမှုများ လုပ်ရန်လိုအပ်မလဲဟု မေးမြန်းသည့်အခါ ထရန့်က ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စအား ပယ်ချခဲ့သည်။ နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ရန်ကြိုးစားခြင်းသည် ရုရှား ကျူးကျော်ရခြင်း၏နောက်ကွယ်က အကြောင်းရင်းဖြစ်သည်ဟု ရုရှား၏သဘောထားကို ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။
“နေတိုးအနေနဲ့လည်း အဲဒီကိစ္စကို မေ့ထားလို့ရပါတယ်။ အဲဒါဟာ အားလုံးစတင်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းဖြစ်မယ်ထင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒင်သည် ယူကရိန်းကို နောက်ဆုံးတွင် နေတိုးအဖွဲ့ဝင်ဖြစ်လာစေမည်ဟု ပြောခဲ့သည်ဆိုသော်လည်း မည်သည့်အချိန်တွင် နေတိုးအဖွဲ့ဝင်ဖြစ်ရမည်ဟူသောအချိန်ဇယားကို မပြောခဲ့ပေ။ Ref: AFP