ဂါဇာမှ ပါလက်စတိုင်းသားများကို ရွှေ့ပြောင်းပေးမည့် ဒေါ်နယ်ထရန့်၏စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ဂါဇာမှ ပါလက်စတိုင်းသားများကို ရွှေ့ပြောင်းပေးမည့် ဒေါ်နယ်ထရန့်၏စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ပြောကြား
ဂါဇာရှိ အဆောက်အအုံများ ပြိုကျပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ် (Photo: AFP)
ဂါဇာရှိ အဆောက်အအုံများ ပြိုကျပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ် (Photo: AFP)
Published 11 March 2025

ပါလက်စတိုင်းသားများကို ဂါဇာကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းပေးမည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ စီမံချက်ကို ပုံဖော်နေပြီဟု အစ္စရေးလက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး ဘတ်ဇာလယ် စမော့ထရစ်ခ်က မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

“အဲဒီစီမံချက်ကို အမေရိကန်အစိုးရနဲ့ ပူးပေါင်းပြီးပုံဖော်နေပါပြီ။ အဲဒီစီမံချက်က အရှေ့အလယ်ပိုင်းမှာရော ၊ အစ္စရေးအတွက်ပါ သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖန်တီးပေးနိုင်တဲ့ အလားအလာရှိတယ်”ဟု ဘဏ္ဍာ ရေးဝန်ကြီး စမော့ထရစ်ခ်က အစ္စရေးလွှတ်တော်အစည်းအဝေးတွင် ပြောသွားခဲ့သည်။

ထို့ပြင်မစ္စတာ စမော့ထရစ်ခ်အဆိုအရ ပါလက်စတိုင်းသားများ ရွှေ့ပြောင်းရေးကို  ကြီးကြပ်တာဝန်ယူမည့် စီမံရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။ စမော့ထရစ်ခ်သည် ဟားမာ့စ်ကိုစစ်ဆင်နွှဲရန် အကြိမ်ကြိမ်ထောက်ခံလာသူ ၊ ဂါဇာဒေသတွင် အစ္စရေးတို့ ထာဝရရပ်တည်နိုင်ရေးကို ထောက်ခံမှုပြသလာသူဖြစ်သည်။

သို့သော်ထရန့်၏စီမံချက်က ရွှေ့ပြောင်းလာမည့် ပါလက်စတိုင်းသားများကို ခေါ်ယူလက်ခံပေးမည့်နိုင်ငံများကို ရှာဖွေရဦးမည်ဟု စမော့ထရစ်ခ်ကဆိုသည်။ ယင်းစီမံချက်ကို  အစ္စရေးက ထောက်ခံသော်လည်း ပါလက် စတိုင်းသားများနှင့်  အာရပ်နိုင်ငံများက လက်မခံနိုင်ကြပေ။

အချိန်ယူရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်းကို ဝန်ကြီးစမော့ထရစ်ခ်က တွက်ဆပြခဲ့ပြီး တစ်နေ့ကို လူတစ်သောင်းနှုန်းဖြင့် ရွှေ့မည်ဆိုလျှင် တစ်ပတ်ခုနစ်ရက်ဖြင့် ခြောက်လကြာမြင့်မည်ဖြစ်ကြောင်း ၊ အကယ်၍ တစ်နေ့ကိုလူငါးထောင်နှုန်းဖြင့် ရွှေ့မည်ဆိုပါက အချိန်တစ်နှစ်ထိကြာသွားမည် ဖြစ်ကြောင်း ၊ အလွန့်အလွန်ရှည်လျားမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြောသည်။

ကျွမ်းကျင်သူများကမူ ဂါဇာရှိနေထိုင်သူများကို အတင်းအကျပ်ပြောင်းရွှေ့ပေးမည်ဆိုပါက နိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်း  ဖြစ်လိမ့်မည်ဟု သတိပေးတားနေကြသည်။

အာရပ်ခေါင်းဆောင်များကမူ စစ်ပွဲအပြီး ပါလက်စတိုင်းပြည်သူ နှစ် ဒသမ ၁ သန်းကို အပြောင်းအရွှေ့လုပ်စရာမလိုသည့်  အီဂျစ်၏နိုင်ငံ၏စီမံချက်ကို ထောက်ခံနေကြသည်။ အစ္စရေးနှင့်အမေရိကန်ကမူ ကန့်ကွက်ထားသည်။အမေရိကန်ဒေါ်လာ ၅၃ ဘီလျံကုန်ကျမည့်စီမံချက်ဖြစ်ပြီး ဟားမာ့စ် အုပ်စုကလည်း လက်ခံကြိုဆိုခဲ့သည်။

အီဂျစ်၏ ဂါဇာထူထောင်ရေးစီမံချက်က အဆင့်သုံးဆင့် ၊ ကာလအားဖြင့် ငါးနှစ်ခန့်ကြာမည်။ ပထမအဆင့် သီတင်းပတ်ခြောက်ပတ်အတွင်း အပျက်အစီးပုံများနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းသွားမည်ဖြစ်ပြီး ဒေါ်လာသုံးဘီလျံ ကုန်ကျမည်။

 ဒုတိယအဆင့်က နှစ်နှစ်ကြာမည်ဖြစ်ကာ အိမ်ရာများနှင့် လျှပ်စစ်မီး ၊ ရေစသည့် ဝန်ဆောင်ရေးလုပ်ငန်းများ တည်ဆောက်သွားမည်။ ဒေါ်လာ ၂၀ ဘီလျံကုန်ကျမည်။ တတိယအဆင့်တွင် လေဆိပ်တစ်ခု ၊ ဆိပ်ကမ်းနှစ်ခု ၊ စက်မှုဇုန်တစ်ခုတို့ထည့်ဆောက် မည်ဖြစ်ပြီး ဒေါ်လာဘီလျံ ၃၀ ကုန်ကျမည်။ အချိန်နှစ်နှစ်ကြာမည်။ ထို့ပြင်စီမံချက်အရ ပါလက်စတိုင်းပညာရှင်များပါသည့် အုပ်ချုပ်ရေးကော်မတီတစ်ရပ်ဖွဲ့ပြီး ၎င်းကော်မတီက  ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဂါဇာသို့ပြန် ရောက်မလာမီ ဂါဇာအရေးကို ယာယီစီမံသွားမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent