ရုရှားက စစ်ပွဲအတွက် ဆန္ဒရှိနေသည်ကို ပြသနေဆဲဖြစ်သည်ဟု ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန် ဝေဖန်ပြောကြား

ရုရှားက စစ်ပွဲအတွက် ဆန္ဒရှိနေသည်ကို ပြသနေဆဲဖြစ်သည်ဟု ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန် ဝေဖန်ပြောကြား
အယ်လက်ဆေးနန်းတော်၌ ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ပွေ့ဖက်နှုတ်ဆက်နေပုံအားမတ်လ ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အယ်လက်ဆေးနန်းတော်၌ ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ပွေ့ဖက်နှုတ်ဆက်နေပုံအားမတ်လ ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 27 March 2025

ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းအားထုတ်မှုများရှိနေသည့်တိုင် ရုရှားသည် စစ်ပွဲအတွက် ဆန္ဒရှိနေသည်ကို ပြသနေဆဲဖြစ်သည်ဟု မတ်လ ၂၆ ရက်တွင် ပြင်သစ်သမ္မတ  အမ် မန်နျူရယ်မက်ခရွန်က သတိပေးပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုက ကြားဝင်ဆောင်ရွက်ပေးနေသော အလားအလာရှိသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ယူကရိန်းလုံခြုံရေးကို မြှင့်တင်ပေးရန် ရည်ရွယ်သော ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြင်သစ်သမ္မတက အထက်ပါအတိုင်း သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိမည်ဆိုပါက ဥရောပက ယူကရိန်းကို ကမ်းလှမ်းနိုင်သော လုံခြုံရေး အာမခံချက်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိရန် မတ်လ ၂၇ ရက်တွင် မက်ခရွန်က ယူက ရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့်အတူ ဥရောပခေါင်းဆောင်များကို လက်ခံကြိုဆိုမည်ဖြစ်သည်။

၀ါရှင်တန်သည် ရုရှားဘက်က မေတ္တာရပ်ခံထားသော လိုအပ်ချက်များကို ဆန်းစစ်သွားမည်ဟု စောစောပိုုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်ဆိုသော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်သည် အချိန်ကြာလိမ့်မည်ဟု သတိပေးခဲ့သည်။

ရှေ့တွင် သဘောထားတင်းမာမှုများရှိလာနိုင်သည့် လက္ခဏာအဖြစ် စောစောပိုင်းရရှိထားသော သဘောတူညီချက်ဖြစ်သည့် ပင်လယ်နက်တွင်တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းကို ရပ်တန့်ရန်နှင့်လျှပ်စစ်ဓာတ် အားပေးစက်ရုံများကိုတိုက်ခိုက်ခြင်းမပြုရန်ဟူသော အချက်တို့အား လမ်းလွဲသွားအောင် လုပ်နေသည်ဟု ရုရှားနှင့်ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲနေကြသည်။

ပါရီမြို့တွင် ဇယ်လန်းစကီးနှင့်အတူ ပြောကြားရာ၌ မက်ခရွန်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ရုရှားကစတင်သောကျူးကျော်စစ်အဆုံးသတ်ရေးအတွက် အဆုံးအဖြတ်ပေးသောအဆင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် ရုရှားအထိ လာရောက်ဆွေးနွေးနေသည်။

မက်ခရွန်က ယူကရိန်းအတွက် ယူရိုနှစ်ဘီလျံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ) ရှိသော စစ်ရေးအကူအညီသစ်ကို ကြေညာခဲ့သည်။ ပြင်သစ်သည် လက်ရှိသို လှောင်ထားသော စစ်လက်နက်ပစ္စည်းများကို  ယူကရိန်းထံအလျင်အမြန်ပို့ပေးရန် အဆင်သင့်ဖြစ်နေသည်ဟု သိရသည်။

ရုရှားသည် ယူကရိန်းကမ်းလှမ်းသော ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြိုတင်သတ်မှတ်ချက်များမပါဘဲ လက်ခံရမည်ဟု မက်ခရွန်ကပြောကြားခဲ့ပြီး ရုရှားက စစ်ပွဲအတွက် စိတ်ဆန္ဒကိုပြသနေဆဲဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့ကာ ငြိမ်းချမ်းရေးကို စွန့်စားလုပ်ဆောင်နေသည့် ယူက ရိန်းကို ချီးကျူးခဲ့သည်။

ရုရှားသည် စည်းကမ်းသတ်မှတ်ချက်အသစ်များကို ချမှတ်နေပြီး အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို တုံ့ပြန်ခြင်းမရှိဟု မက်ခရွန်က စွပ်စွဲခဲ့သည်။

“ယူကရိန်းဟာကျူးကျော်ခံရတဲ့နိုင်ငံဖြစ်နေတာတောင် ပြည့်ပြည့်ဝဝချွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်ရေးအတွက် သဘောတူတယ်လို့ အမေရိကန်ကို ရှင်းရှင်းလင်းလင်းပြောထားပါတယ်”ဟုု မက်ခရွန်က ပြောကြားခဲ့သည်။

“ရုရှားဘက်ကလည်း အလားတူလုပ် ဆောင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု မက်ခရွန်က ဖြည့်စွက်ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသည် ရိုးရှင်းလိမ့်မည်မဟုတ်ဟု ဂျမေကာနိုင်ငံကိုသွားသောခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက ပြောကြားခဲ့သည်။

“အချိန် နည်းနည်းယူရပါလိမ့်မယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တို့က အဲဒီလမ်းကြောင်းပေါ်ကို ရောက်နေပါပြီ”ဟု ရူဘီယိုက ပြောသည်။                         

Ref: AFP

Most Read

Most Recent