
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယီမင်နိုင်ငံရှိ အီရန်၏ မဟာမိတ်ဖြစ်သည့် ဟူရ်သီအဖွဲ့ကို မတ် ၁၅ ရက်က အကြီးစား စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်နေသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ထရန့်က ဟူရ်သီအဖွဲ့ကို စစ်ရေးအရ အရေးယူတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ပထမဆုံးနေ့မှာပင် လူ ၃၁ ဦး သေဆုံးခဲ့ကာ ထိုတိုက်ခိုက်မှုများသည် နောက်ထပ်ရက်အနည်းငယ် ကြာမြင့်လိမ့်မည်ဟု ခန့်မှန်းရသည်။
ထရန့်သည် ဟူရ်သီအဖွဲ့၏ အဓိက ထောက်ခံသည့် အီရန်နိုင်ငံကိုလည်း သတိပေးခဲ့ပြီး အီရန်အနေဖြင့် ဟူရ်သီအဖွဲ့ကို ထောက်ခံမှုအား ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်ကို ခြိမ်းခြောက်မည်ဆိုပါက အမေရိကန်သည် အီရန်ကို အပြည့်အဝ တာဝန်ခံခိုင်းမည်ဖြစ်ကာ အီရန်အပေါ် ကောင်းမွန်စွာ ဆက်ဆံမည်မဟုတ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
အမေရိကန်အရာရှိတစ်ဦးကမူ ထိုတိုက်ခိုက်မှုများသည်သီတင်းပတ်အနည်းငယ် ကြာမြင့်နိုင်ခြေရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုတိုက်ခိုက်မှုများသည် ဇန်နဝါရီလတွင် ထရန့်၏ သမ္မတတာဝန်များ စတင်ထမ်းဆောင်ချိန် နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ အကြီးဆုံး စစ်ဆင်ရေးတစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန်သည် အီရန်၏ နျူကလီးယားစီမံကိန်းနှင့်ပတ်သက်ပြီး အီရန်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် ကြိုးပမ်းနေကာ အီရန်အပေါ် ပိတ်ဆို့မှုများ ချမှတ်နေချိန်တွင် ဟူရ်သီသူပုန်များကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
“ဟူရ်သီအကြမ်းသမားအားလုံး၊ သင်တို့ အချိန်ကုန်ပြီ။ ဒီနေ့ကစပြီး သင်တို့ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ရမယ်။ မရပ်ဘူးဆိုရင်တော့ သင်တို့ အရင်က တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်”ဟု ထရန့်က ၎င်း၏ Truth Social ပလက်ဖောင်းတွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် လူ ၃၁ ဦးသေဆုံးပြီး ၁၀၁ ဦးဒဏ်ရာရရှိခဲ့ ကာ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်ဟု ဟူရ်သီတို့ အုပ်ချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အန်နီးစ်အယ် အက်စ်ဘာဟီက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဟူရ်သီအဖွဲ့၏ နိုင်ငံရေးဗျူရိုကမူ ထိုတိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
“ကျွန်တော်တို့ရဲ့ ယီမင်လက်နက်ကိုင် အဖွဲ့တွေဟာ တင်းမာမှုကို တင်းမာမှုနဲ့ တုံ့ပြန်သွားဖို့ အပြည်ပအဝ ပြင်ဆင်ထားပါတယ်”ဟု ဟူရ်သီအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ တိုက်ခိုက်မှုများသည် ဟူရ်သီတို့ အခိုင်အမာ ခြေကုပ်ယူထားသည့် နေရာဒေသရှိ အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ကြောင်း ဆန်နာမြို့တော်တွင် နေထိုင်သည့် ဒေသခံများက ပြောကြားခဲ့သည်။
ယီမင်နိုင်ငံအနောက်တောင်ပိုင်းရှိ ဟူရ်သီအဖွဲ့၏ စစ်စခန်းများ၊ ဒါယန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ ဒါယန်မြို့သည် ဟူရ်သီခေါင်းဆောင်များ မ ကြာခဏ အစည်းအဝေး ပြုလုပ်သည့်မြို့ ဖြစ်သည်။
Ref:Reuters