
သဘောထားကဲဲွနေသော နိုင်ငံတော်တရားရုံးချုပ်က မတ် ၅ ရက်တွင် သမ္မတဒေါ်နယ်ထရန့်ကို တရားဥပဒေအရ ရှုံးနိမ့်စေခဲ့ပြီး ပြည်ပအကူအညီ အမေရိကန်ဒေါ်လာနှစ်ဘီလျံခန့်ကို ထိန်းချုပ်ရန် ထရန့်၏ ကြိုးပမ်းမှုကို ပယ်ချလိုက်သည်။
ထရန့်အစိုးရအဖွဲ့ကို ဥပဒေကြောင်းအရ စိန်ခေါ်ရာတွင် ထင်သာမြင်သာရှိသော ပထမဆုံး စီရင်ဆုံးဖြတ်မှု၌ နိုင်ငံတော်တရားရုံးက ပြည့်စုံနေပြီဖြစ်သော အကူအညီ ကန်ထရိုက်များအတိုင်း ငွေပေးချေမှုများကို ပေးရန်လိုအပ်သည်ဟူသော အောက်တရားရုံးအမိန့်ကို ထောက်ခံမဲ ငါးမဲ၊ ကန့်ကွက်မဲ လေးမဲဖြင့် အတည်ပြုခဲ့သည်။
အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအတွက် အမေရိကန်အေဂျင်စီ (USAID) နှင့်ချုပ်ထားသော ကန်ထရိုက်များအတွက် ငွေပေးချေမှုများကို ပြန်လည်လုပ်ဆောင်ရန်နှင့် အစိုးရက ဖြည့်ဆည်းပေးရမည့် တာဝန်ခံမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်းဖြစ်စေရမည်ဟု ဖက်ဒရယ်တရားသူကြီးတစ်ဦးက ညွှန်ကြားခဲ့သည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။
ကွန်ဆာဗေးတစ်များဖြစ်သော ဂျွန်ရောဘတ်(တရားသူကြီးချုပ်)၊ အေမီကိုနေးဘာရတ်(ထရန့် ခန့်အပ်ထားသော တရားသူကြီး) တို့က အဖွဲ့ဝင်ကိုးဦးပါသော နိုင်ငံတော်တရားရုံးတွင် လစ်ဘရယ်သမားသုံးဦးနှင့်အတူ မဲပေးခဲ့ကြသည်။
တရားသူကြီး ဆမ်ဝဲလ်အလီတိုက သဘောထားကွဲသည်ဟုရေးသားခဲ့သည်။ အခြားကွန်ဆာဗေးတစ်သုံးဦးကလည်း သဘောထားကွဲသည်ဟု ဖော်ပြခဲ့ကြသည်။
“တရားစီရင်ပိုင်ခွင့်ရှိပုံမရတဲ့ ခရိုင်တရားသူကြီးတစ်ဦးတည်းက (ထာဝရ ဆုံးရှုံးသွားဖို့ရှိတဲ့) အခွန်ထမ်း ပြည်သူတွေရဲ့ အမေရိကန်ဒေါ်လာနှစ်ဘီလျံကို အပြတ်ပေးဖို့ အမေရိကန်အစိုးရအဖွဲ့ကို အတင်းအကျပ် လုပ်စေဖို့ အတားအဆီးမဲ့ အာဏာရှိနေပါသလား” ဟု အယ်လီတိုက ရေးခဲ့သည်။
“အဲဒီမေးခွန်းအတွက် အဖြေဟာ No ဆိုပြီး ပြတ်ပြတ်သားသားဖြတ်သင့်ပါတယ်။ ဒါပေမဲ့ ဒီတရားရုံးရဲ့တရားသူကြီးအများစုက အခြားနည်းလမ်းကို စဉ်းစားနေတယ်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော် အံ့အားသင့်မိပါတယ်” ဟု ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။
ထရန့်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ဦးဆောင်သော အစိုးရအဖွဲ့ စွမ်းဆောင်ရည်ဌာနကို ဖွဲ့စည်းခဲ့ကာ အစိုးရအဖွဲ့၏အချို့သောအပိုင်းများကို ချုံ့ပစ်ခြင်းသို့မဟုတ် ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
USAID သည် ဝန်ထမ်းအများဆုံး ထုတ်ပယ်ခံရသောအေဂျင်စီဖြစ်သည်။ USAID သည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးအစီအစဉ်များနှင့် အရေးပေါ်အစီအစဉ်များအတွက် နိုင်ငံ ၁၂၀ ခန့်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ဖြန့်ဝေပေးနေသော အေဂျင်စီဖြစ်သည်။
USAID ကို အစွန်းရောက်သော အရူးများက လည်ပတ်နေခြင်းဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။ အီလွန်မက်စ်ကလည်း USAID သည် အပိုင်းပိုင်းဖြတ်ထုတ်ပစ်ရရန် လိုအပ်သည့် ရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
ထရန့်အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များအား ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ထောက်ခံသော American Civil Liberties Union (ACLU) က နိုင်ငံတော်တရားရုံး၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။
“ပြည်ပအကူအညီငွေတွေကို ရပ်ပစ်ဖို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ကြိုးပမ်းမှုဟာ သမ္မတလုပ်ပိုင်ခွင့်အာဏာကို အဆင်ခြင်မဲ့ ရက်စက်တဲ့ မကြုံစဖူး အလွဲသုံးစားလုပ်မှုဖြစ်ပါတယ်” ဟု အမှုဆောင်ဒါရိုက်တာ အန်သိုနီရိုမီယိုက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“ကွန်ဂရက်က တရားဝင်ခွင့်ပြုပေးထားတဲ့ အစီအစဉ်တွေအတွက် ရန်ပုံငွေတွေကို ရပ်ဆိုင်းကြောင်း သမ္မတက တဖက်သတ်ကြေညာတဲ့အခါ အဲ့ဒါဟာ သမ္မတထရန့်က သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်တယ်ဆိုပြီး အောက်တရားရုံးက မှန်ကန်စွာ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ရိုမီယိုက ဆက်လက်ဖော်ပြထားသည်။