ယူကရိန်းခေါင်းဆောင်အဖြစ် မိမိ၏နေရာကို အစားထိုးရန်လွယ်ကူမည်မဟုတ်ဟု သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား

ယူကရိန်းခေါင်းဆောင်အဖြစ် မိမိ၏နေရာကို အစားထိုးရန်လွယ်ကူမည်မဟုတ်ဟု သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
ဗြိိတိန်၏ တတိယမြောက်ချားလ်ဘုရင်နှင့် သမ္မတဇယ်လန်းစကီးတို့ ဆန်းဒရင်တန်အိမ်တော်၌ လက်ဆွဲနှုတ်ဆက်နေပုံကို မတ် ၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)
ဗြိိတိန်၏ တတိယမြောက်ချားလ်ဘုရင်နှင့် သမ္မတဇယ်လန်းစကီးတို့ ဆန်းဒရင်တန်အိမ်တော်၌ လက်ဆွဲနှုတ်ဆက်နေပုံကို မတ် ၂ ရက်တွင် တွေ့ရစဉ် (Photo:AFP)
Published 3 March 2025

ယူကရိန်းသမ္မတအဖြစ် မိမိ၏နေရာကို အစားထိုးရန် လွယ်ကူလိမ့်မည်မဟုတ်ဟု မတ် ၂ ရက်တွင် ဗိုလိုဒီမာဇယ်လန်းစကီးက ဗြိတိန်မီဒီယာကို ပြောကြားခဲ့သည်ဆိုသော်လည်း စစ်ဒဏ်သင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးမည်ဆိုပါက မိမိနုတ်ထွက်ပေးမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းကို နေတိုးကာကွယ်ရေး မဟာမိတ်သို့ ဝင်ခွင့်ပြုမည်ဆိုပါက မိမိသည် ယူကရိန်းသမ္မတအဖြစ်မှ နုတ်ထွက်ရန် အဆင်သင့်ဖြစ်နေသည်ဟု ရုရှားကျူးကျော်မှု သုံးနှစ်ပြည့်နှစ်ပတ်လည်မတိုင်မီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၃ ရက်တွင် ဗိုလိုဒီမာဇယ် လန်းစကီးက ပြောကြားထားသည်။

စစ်ပွဲပြီးဆုံးစေရန် သဘောတူညီချက် မှန်သမျှ၏ အစိတ်အပိုင်းအဖြစ် ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ခွင့်ပေးရန် ဇယ်လန်းစကီးက တောင်းဆိုထားသည်ဆိုသော်လည်း ၀ါရှင်တန်ဦးဆောင်သော နေတိုးအဖွဲ့ကမူ ယင်းသို့ လုပ်ဆောင်လိုခြင်းမရှိပေ။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲအကြောင်းကို သမ္မတဒေါ်နယ်ထရန့် နှင့် ဇယ်လန်းစကီးတို့ ဆွေးနွေးရာတွင် အဆင်မပြေဖြစ်ခဲ့ပြီးနောက် အမေရိကန်ရီပတ် ဘလီကင်တို့က ဇယ်လန်းစကီး နုတ်ထွက်ရနိုင်သည်ဟု ပြောကြားခဲ့ကြသည်။

“ကျွန်တော့်ရဲ့နေရာကို  အစားထိုးမယ်ဆိုရင် ဖြစ်ပျက်နေတဲ့အရာ၊ ထောက်ခံမှုတို့ကြောင့် ကျွန်တော့်နေရာကို လူစားထိုးတာဟာ ရိုးရှင်းမှာမဟုတ်ပါဘူး”ဟု ဇယ်လန်းစကီးက ဗြိတိန်မီဒီယာကို ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော် ဝင်အရွေးမခံအောင်လုပ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ အဲဒါဟာ နည်းနည်းပိုခက်ပါမယ်။ ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ စေ့စပ်ညှိနှိုင်းရတာမျိုး လိုအပ်ပါလိမ့်မယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“နေတိုးဝင်ခွင့်နဲ့ဖလှယ်မယ်လို့ ကျွန်တော်ပြောထားပါတယ်။ အဲဒါဆိုရင် ကျွန်တော် နုတ်ထွက်ပေးပါမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ယူကရိန်းအတွက် ငြိမ်းချမ်းရေးရှိမယ်ဆိုရင်၊ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ကျွန်တော့်ရဲ့ရာထူးကနေ တကယ် ထွက်ခွာစေချင်တယ်ဆိုရင် ကျွန်တော်က အဆင်သင့်ပါပဲ။ ကျွန်တော်က အဲဒါကို နေတိုးနဲ့ အလဲအ လှယ်လုပ်ပေးနိုင်ပါတယ်”ဟု ကိယက်ဗ်မြို့တွင် လွန်ခဲ့သော ရက်ပိုင်းတုန်းက ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းအတွက် အရေးပါသောငွေများနှင့် လက်နက်များကို ထောက်ပံ့ပေးခဲ့သည်ဆိုသော်လည်း အမေရိကန်သမ္မတက မော်စကိုနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လိုက်ခြင်းဖြင့် ယူကရိန်းကိုလည်းကောင်း၊ ယူကရိန်းကို ထောက်ပံ့ပေးနေသော ဥရောပနိုင်ငံများကိုလည်းကောင်း တုန်လှုပ်စေခဲ့ပြီး ၎င်းတို့ လက်မခံနိုင်သော အချက်များဖြင့် စစ်ပွဲပြီးဆုံးသွားနိုင်သည်ကို ၎င်းတို့က စိုးရိမ်နေကြသည်။

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့ဇ်က “ကျွန်တော်တို့နဲ့ ဆက်ဆံနိုင်မယ့် ခေါင်းဆောင်တစ်ဦး လိုအပ်နေပါတယ်။ နောက်ဆုံးမှာ ရုရှားတွေနဲ့ အပေးအယူလုပ်နိုင်ပြီး ဒီစစ်ပွဲပြီးသွားစေဖို့ ကျွန်တော်တို့ ခေါင်းဆောင်တစ်ဦး လိုအပ်နေပါတယ်”ဟု CNN ကို ပြောကြားခဲ့သည်။

“ဇယ်လန်းစကီးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စေ့ဆော်မှုတွေ ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာ စေ့ဆော်မှုတွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးဆိုတာနဲ့ ကွဲပြားနေတယ်ဆိုတာ ထင်ရှားလာတာကြောင့် ကျွန်တော်တို့မှာ တကယ့်ပြဿနာရှိလာတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သော ရီပတ်ဘလီကင် မိုက်ဂျွန်ဆင်ကလည်း “သူဟာ အဓိပ္ပာယ်ရှိတဲ့ ပုံစံနဲ့လာဖို့လို ပါတယ်။ ဒါမှမဟုတ် ကျေးဇူးတရားနဲ့ စားပွဲဝိုင်းကို ပြန်လာဖို့လိုပါတယ်။ ဒါမှမဟုတ် ယူကရိန်းကို အခြားတစ်ယောက်က ခေါင်းဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။                                                           Ref:AFP

Most Read

Most Recent