
ရုရှားနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပြီးနောက် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များပေးရန် လိုလားသော ဥရောပနှင့် နေတိုးအဖွဲ့ထဲက နိုင်ငံ ၃၀ မှ စစ်တပ် အကြီးအကဲများသည် မတ် ၁၁ ရက်တွင် ပါရီ မြို့၌ တွေ့ဆုံကြမည်ဖြစ်သည်။
ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် သုံးနှစ်ကျော်ကြာချိန်တွင် ဥရောပသည် မိမိ၏ကာကွယ်ရေးကို မြှင့်တင်ရန်နှင့် အမေရိကန်ပြည်ထောင်စုကို မှီခိုနေခြင်းမှ ကင်းလွတ်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နေတိုးအဖွဲ့ကို ပြောင်းပြန်လှန်သွားအောင်လုပ်ခဲ့ပြီး ရုရှားနှင့် ပြန်ပေါင်းရန် ကြိုးပမ်းနေသောကြောင့် ဥရောပက ကာကွယ်ရေးကို မြှင့်တင်ရန်လျင်လျင်မြန်မြန် ကြိုးစားလာ ခြင်းဖြစ်သည်။
ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်ဆက်ဆံရေးများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ဝေဖန်ခဲ့သောကြောင့် အမေရိကန်ခေါင်းဆောင်က ရုရှားကို မျက်နှာသာပေး ထားသော သဘောတူညီချက်အား ယူကရိန်းလက်ခံလာစေရန် အတင်းအကျပ်လုပ်ဆောင်လာနိုင်သည်ကို ယူကရိန်းတွင်လည်းကောင်း၊ ဥရောပမဟာမိတ်နိုင်ငံများတွင်လည်းကောင်း စိုးရိမ်မှုတိုးလာနေသည်။
ထရန့်က ယူကရိန်းကိုပေးနေသည့် စစ်ရေးအကူအညီများကို ဆိုင်းငံ့ထားလိုက်သည့် အပြင် ထောက်လှမ်းရေးသတင်းများပေးခြင်းကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ သို့သော်လည်း ခံစစ်ဆိုင်ရာ စစ်ဆင်ရေးများအတွက် ယူကရိန်းထံ ထောက်လှမ်းရေးသတင်းများမျှပေးနေခြင်းကို ဖြတ်တောက်မည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မတ် ၁၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ယူကရိန်းကိုယ်စားလှယ်များနှင့် အမေရိကန်ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ရုရှားနှင့် ဝေဟင်၊ရေကြောင်း အပစ်အခတ်ရပ်စဲရေးကိစ္စကို အဆိုပြုမည်ဟု ယူကရိန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဗြိိတိန်နှင့် တူရကီတို့အပါအဝင် နေတိုးအဖဲဲွ့ဝင်နိုင်ငံများနှင့် ဥရောပနိုင်ငံ ၃၀ တို့မှ စစ်ဦးစီးချုပ်များ၏ ပါရီအစည်းအဝေးသည် ဆော်ဒီတွင် ယူကရိန်းနှင့် အမေရိကန်ဆွေးနွေးပွဲပြုလုပ်သည့်နေ့နှင့် တစ်နေ့တည်းတွင် ကျင်းပခြင်းဖြစ်သည်ဟု ပြင်သစ်စစ်တပ်က ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က အစည်းအဝေးကို မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ နေတိုးစစ်ရေးကွပ်ကဲမှုအဖွဲ့နှင့်ခက်ခဲသော ညှိနှိုင်းဆောင်ရွက်မှုကို လုပ်ဆောင်နေသည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ၌ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး အသက်ဝင်စေရန် “ဆန္ဒရှိသူ များ၏ညွန့်ပေါင်းအဖွဲ့”ကို မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမားတို့က ဦးစီးဆောင်ရွက်လျက်ရှိသည်။
ဥရောပ၏ စစ်အင်အားကြီးငါးနိုင်ငံဖြစ်သည့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်တို့မှ ကာကွယ်ရေးဝန်ကြီးများသည် ယခုအစည်းအဝေးအပြီး မတ် ၁၂ ရက်တွင် ပါရီ မြို့၌ တွေ့ဆုံကြမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲများက ဥရောပကို လိုအပ်သည့်အလျောက် လက်နက်ပြန်လည်တပ်ဆင်ရေးနှင့် ယူကရိန်းကို စစ်ရေးအကူအညီပေးရေးတို့ ပါဝင်မည်ဟုဆိုသည်။
Ref: AFP