
ဆီးရီးယားနိုင်ငံတွင် သမ္မတဘာရှာ အယ်အာဆတ်ကို ဖြုတ်ချခဲ့သည့် ဒီဇင်ဘာလနောက်ပိုင်း နိုင်ငံအတွင်း မိုင်းများနှင့်အခြား ပေါက်ကွဲမှုများကြောင့် လူ ၇၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟု ကြက် ခြေနီအဖွဲ့က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
“၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နောက်ပိုင်း ဆီးရီးယားနိုင်ငံမှာ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာပါတယ်”ဟု ပြောကြားခဲ့ကာ ယင်းနောက်ပိုင်းနှင့် မတ် ၂၅ ရက်အတွင်း သေဆုံးသူစံချိန် တင် ၇၄၈ ဦးရှိသည်ဟု ဆိုသည်။
နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် တစ်နှစ်တာလုံးတွင် ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူ ၉၁၂ ဦးရှိပြီး ယခုအရေအတွက်နှင့် နှိုင်းယှဉ်လျှင် သေဆုံးသူ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ပိုင်းမူ လနေရာတွေကို ပြန်လာကြတဲ့ ရွှေ့ပြောင်း နေထိုင်သူအရေအတွက် မြင့်တက်လာတာနဲ့အတူ ဒေသခံတွေဟာ နှစ်ပေါင်းများစွာနေအိမ်နဲ့ ဝေးကွာနေကြတဲ့အတွက် အန္တရာယ်ရှိ တဲ့နေရာတွေက ဘယ်နေရာလဲဆိုတာ မသိကြဘဲ သွားလာနေရာကနေ ဒီလိုတွေကြုံတွေ့နေကြတာပါ”ဟု ICRC ကဆိုသည်။
အရပ်သားများသည် စစ်တပ်ပြိုလဲသွားပြီးနောက် အာဆတ်အစိုးရ ကျန်ခဲ့သော စစ်မော်တော်ယာဉ်များ နှင့် လက်နက်သိုလှောင်မှုများမှ အန္တရာယ်များ မြင့်တက်မှုနှင့်ကြုံတွေ့နေရကြောင်း ICRC ကဆိုသည်။
အာဆတ်ကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၈၀၀,၀၀၀ နှင့် ဒုက္ခသည် ၂၈၀,၀၀၀ အပါအဝင် ဆီးရီးယားနိုင်ငံသား တစ်သန်းကျော်သည် နေအိမ်များသို့ ပြန်သွားခဲ့ကြကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
၁၄ နှစ်နီးပါးကြာ ပြည်တွင်းစစ်ကြောင့် လူငါးသိန်းကျော် သေဆုံးခဲ့ပြီး လူ ၁၀ သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ ရပြီးနောက် နိုင်ငံတစ်ဝန်းတွင် မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်များ ပျံ့ကျဲလျက်ရှိသည်။
စစ်ပွဲအတွင်း ဖောက်ခွဲရေးခဲယမ်း ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ ဝန်းကျင်အတွင်း ဖောက်ခွဲရန် ပျက်ကွက်ခဲ့မှုနှင့်အတူ ခဲယမ်းတစ်သန်းကျော် အသုံးပြုခဲ့သည်ဟု Handicap နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းက လွန်ခဲ့သည့်လတွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။
ဆီးရီးယားတွင် ကာလကြာရှည် အုပ်ချုပ်ခဲ့သည့် ဘာရှာအာဆတ် အစိုးရသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အစ္စလာမ်မစ် ဦးဆောင်သည့် သူပုန်များ၏ ဖြုတ်ချမှုကို ခံခဲ့ရပြီးနောက် ဆီးရီးယား၏ လုံခြုံရေးအခြေအနေ သည် ရေရာမှုမရှိသည့် အနေအထားကို ရောက်ရှိနေသည်။ ဆီးရီးယားရှိ အမေရိကန်သံရုံးသည် ၂၀၁၂ ခုနှစ်က တည်းက သံတမန်ရေးရာ လုပ်ငန်းလည်ပတ်မှုကို ဆိုင်းငံ့ထားခဲ့သည်။
ဧပြီ ၃ ရက်နေ့ကလည်း နိုင်ငံအနောက် မြောက်ပိုင်းရှိ နေအိမ်တစ်အိမ်တွင် မပေါက်ကွဲသေးသော ပေါက်ကွဲရေးပစ္စည်းအကြွင်း အကျန်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦး အပါအဝင် လူလေးဦးသေဆုံးခဲ့သည်။
ယင်းပစ္စည်းကို နေအိမ်ထဲသို့ ယူသွားခဲ့ပုံပေါ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် နေအိမ်လည်း ပျက်စီးသွားကြောင့် White Helmets အဖွဲ့က ဆိုသည်။
Ref:AFP