
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးအား ဖမ်းဆီးပြီး ICC သို့ လျင်မြန်စွာလွှဲ ပြောင်းပို့ဆောင်ခဲ့မှုကို တရားဝင်စုံစမ်းစစ်ဆေးသွားမည်ဟု အထက်လွှတ်တော်က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၇၉ နှစ်အရွယ်ရှိ ဒူတာတေးသည် ၎င်း၏သမ္မတသက်တမ်းအတွင်း လူပေါင်းထောင်ချီ သေဆုံးစေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနှင့်ပတ် သက်ပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုစွဲချက်ဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင် တရားရင်ဆိုင်နေရသည်။
ထို့ပြင် ဒူတာတေးသည် ICC တွင် တရားစီရင်ခံနေရသည့် ပထမဆုံး အာရှခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်လာခဲ့သည်။
ဒူတာတေးအား ဖမ်းဆီးမှုနှင့် ICC ကို လွှဲပြောင်းပို့ဆောင်မှုကို စုံစမ်းစစ်ဆေးရေးကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်၏ အစ်မဖြစ်သည့် အထက်လွှတ်တော်အမတ် အမ်မီးမားကို့စ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အမ်မီးမားကို့စ်သည် ဒူတာတေး၏ သမီးအကြီးဆုံးဖြစ်သည့် လက်ရှိ ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေးနှင့် ရင်းနှီးသည့် မိတ်ဆွေဖြစ်သည်။
မားကို့စ်မိသားစုနှင် ဒူတာတေးမိသားစုသည် ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတွင် မဟာမိတ်ဖွဲ့ပြီး သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် နောက်ပိုင်းတွင် ၎င်းတို့မိသားစုနှစ်စု အကြားဆက်ဆံရေးများ ပြတ်တောက်ခဲ့ သည်။ဆာရာဒူတာတေးသည် သမ္မတမားကို့စ်အား လုပ်ကြံသတ်ဖြတ်မည့် အစီအစဉ်ကို ထုတ်ဖော် ပြောကြားခဲ့သည်ဆိုသည့် စွဲချက် အပါအဝင် စွဲချက်အချို့ဖြင့် စွပ်စွဲပြစ်တင်ခံခဲ့ရသည်။
“အထက်လွှတ်တော်ရဲ့ ပြည်ပဆက်ဆံရေး ဥက္ကဋ္ဌတစ်ဦးအနေနဲ့ သမ္မတဟောင်း ဒူတာတေးဖမ်းဆီးခံရမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ ကျွန်မတိုက်တွန်းပါတယ်။ ဒီကိစ္စဟာ နိုင်ငံကို နှစ်ခြမ်းကွဲ သွားစေခဲ့ပါတယ်”ဟု အမ်မီးမားကို့စ်က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
“အဲဒီကိစ္စမှာ တရားမျှတတဲ့ လုပ်ငန်းစဉ် ရှိ၊ မရှိဆိုတာကို သိရှိနိုင်ဖို့နဲ့ ဒူတာတေးရဲ့ တရားရေးအခွင့်အရေး တွေဟာ အသိအမှတ်ပြုခံထားရုံသာမကဘဲ ကာကွယ်ပေးခံထားတယ် ဆိုတယ်ဆိုတာကို စိတ်ချာသေချာစေဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာနဲ့ တရားရေး လုပ်ငန်းစဉ်တွေဟာ ထိပ်ဆုံးနေရာမှာ ဆက်ပြီး ရှိနေရပါမယ်”ဟု အမ်မီးမားကို့စ်က ပြောကြားခဲ့သည်။
ဒူတာတေးသည် ဟောင်ကောင်သို့ ယာယီခရီးထွက်ခဲ့ပြီးနောက် မတ် ၁၁ ရက်တွင် မနီလာမြို့တော် လေဆိပ်သို့ ရောက်ရှိချိန်တွင် ဖမ်းဆီးခံခဲ့ရကာ နာရီပိုင်းအတွင်းမှာပင် ICC သို့ လွှဲပြောင်း ပို့ဆောင်ခံခဲ့ရသည်။
အထက်လွှတ်တော်ကမူ မတ် ၂၀ ရက်တွင် လူသိရှင်ကြား ကြားနာစစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ခဲ့ကာ သက်သေအထောက်အထားများရရှိရန်အတွက် ထိပ်သီးရဲအရာရှိများနှင့် အစိုးရအရာရှိအချို့ကို ဖိတ်ကြားထားည်။
အမ်မီးမားကို့စ်သည် အရေးကိစ္စအများအပြားတွင် ၎င်း၏ မောင်ဖြစ်သူ ဖာဒီနန်မားကို့စ်နှင့် သဘောထားချင်း တိုက်ဆိုင်မှုမရှိဘဲ ကိုယ်ပိုင်အတွေးအမြင်ရှိသူဖြစ်သည်။ သူသည် မေ ၁၂ ရက်တွင် ပြုလုပ်မည့် သက်တမ်း ဝက်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Ref:AFP