ယူကရိန်း အပစ်အခတ်ရပ်စဲရေးကိစ္စ သမ္မတဗလာဒီမာပူတင်က အလားအလာကောင်းသောစကားကို ပြောခဲ့သည်ဆိုသော်လည်း မပြည့်စုံဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မှတ်ချက်ပြု

ယူကရိန်း အပစ်အခတ်ရပ်စဲရေးကိစ္စ သမ္မတဗလာဒီမာပူတင်က အလားအလာကောင်းသောစကားကို ပြောခဲ့သည်ဆိုသော်လည်း မပြည့်စုံဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မှတ်ချက်ပြု
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နေတိုးအကြီးအကဲ မာ့ခ်ရုတို့ မတ်လ ၁၃ ရက်က အိမ်ဖြူတော်ရှိ သမ္မတရုံးတွင် တွေ့ဆုံနေပုံကို တွေ့ရစဉ်(Photo:AFP)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နေတိုးအကြီးအကဲ မာ့ခ်ရုတို့ မတ်လ ၁၃ ရက်က အိမ်ဖြူတော်ရှိ သမ္မတရုံးတွင် တွေ့ဆုံနေပုံကို တွေ့ရစဉ်(Photo:AFP)
Published 14 March 2025

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဖြစ်လာနိုင်စရာရှိသော ယူကရိန်းအပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အလွန်အလားအလာကောင်းသော စကားကိုပြောကြားခဲ့သည် ဆိုသော်လည်း မပြည့်စုံသေးဟု မတ်လ ၁၃ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ပူတင်က ရက် ၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ၎င်းထောက်ခံသည်ဟု ပြောကြားခဲ့သည် ဆိုသော်လည်း အလေးထားစရာ မေးခွန်းများရှိနေသောကြောင့် ၎င်းက အမေရိကန်သမ္မတနှင့် ဆွေးနွေးချင်သည်ဟု ပြောကြားခဲ့ပြီးနောက် ထရန့်၏ အထက်ပါပြောစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

“သူရဲ့ပြောဆိုမှုက အလားအလာ အလွန်ကောင်းပေမယ့် မပြည့်စုံပါဘူး”ဟု ထရန့် က ပြောကြားခဲ့သည်။ ထရန့်က အိမ်ဖြူတော်တွင် နေတိုးအကြီးအကဲ မာ့ခ်ရုကို လက်ခံတွေ့ဆုံသည့်အခါ သတင်းထောက်က ပူတင် ၏ မှတ်ချက်စကားနှင့်ပတ်သက်၍ မေးမြန်းရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က သူနဲ့တွေ့ချင်ပါတယ်။ စကားပြောချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မြန်မြန်ရအောင် လုပ်ရမှာဖြစ်ပါတယ်”ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

အပစ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မတင်မကျ တုံ့ပြန်မှုအား ကြိုးကိုင်ခြယ်လှယ်လွန်းသော စကားအဖြစ် မတ်လ ၁၃ ရက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ရှုတ်ချလိုက်သည်။

“အပစ်ရပ်စဲရေး အဆိုပြုချက်နဲ့ပတ်သက်လို့ ရုရှားသမ္မတပူတင်ရဲ့ခန့်မှန်းရလွယ်လွန်းတဲ့ စကားတွေ၊ ခြယ်လှယ်လွန်းလိုတဲ့ စကားတွေကို အခုကျွန်တော်တို့က အားလုံး ကြားထာပြီးပါပြီ”ဟု နိုင်ငံကို ညစဉ်ပြောကြားသော မိန့်ခွန်းတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

၀ါရှင်တန်က ကြိုတင်သတ်မှတ်ချက်မရှိဘဲ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ရုရှား အားတိုက်တွန်းထားသည် ဆိုသော်လည်း ယင်းသို့လက်ခံရာတွင် အတားအဆီး အများအပြားရှိနေသည်ဟု ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဘာဖြစ်ဖြစ် ရှုပ်ထွေးတဲ့ သတ်မှတ်ချက်တွေကို ချမှတ်မထားပါဘူး။ ရုရှားက အဲဒီသတ်မှတ်ချက်တွေကို ချမှတ်နေပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ အတိုင်းပါပဲ အချိန်ကြာအောင် လုပ်နေသူ၊ အပြုသဘောမဆောင်တဲ့ အနေအထားဖြစ်အောင် လုပ်နေသူဟာ ရုရှားဖြစ်ပါတယ်”ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

အမှန်တကယ်အားဖြင့် ပူတင်သည် ငြင်းဆန်ရန် ပြင်ဆင်ထားသည်ဆိုသော်လည်း စစ်ပွဲကို ၎င်းဆက်တိုက်ချင်နေသည်ကို သမ္မတထရန့်အား တိုက်ရိုက်မပြောရဲ ဖြစ်နေသည်ဟု ဇယ်လန်းစကီးက စွပ်စွဲခဲ့သည်။

“ပူတင်ဟာ ဘာတစ်ခုမှ အလုပ်မဖြစ်တဲ့ ကြိုတင်သတ်မှတ်ချက်တွေ၊ ဒါမှမဟုတ် အချိန်ကြာနိုင်သမျှ ကြာစေမယ့် ကြိုတင်သတ်မှတ်ချက်တွေနဲ့ အပစ်အခတ်ရပ်စဲရေး  အဆိုပြုချက်ကို ဘောင်ခတ်နေတာဖြစ်ပါ တယ်”ဟု ယူကရိန်းသမ္မတက ဆက်လက် ပြောကြားခဲ့သည်။

ကီလိုမီတာ ထောင်ချီရှည်လျားသည့် ရှေ့တန်းတစ်လျောက် အပစ်အခတ်ရပ်စဲရေးကို မည်သို့စောင့်ကြည့်မလဲ ဟု ပူတင်က မေးခွန်းထုတ်ထားသည်။                   

Ref:AFP

Most Read

Most Recent