
နိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် မကြာသေးမီက တောမီးများလောင်ခဲ့စဉ် ကူညီကယ်ထုတ်မှုများတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားသင်္ဘောသားသုံးဦးအား F-2 နှစ်ရှည်နေထိုင်ခွင့်ဗီဇာများ ပေးအပ်လိုက်ပြီဟု တောင်ကိုရီးယားအစိုးရက ဧပြီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
" တောမီးတွေလောင်တုန်းက သက်ကြီးရွယ်အိုတွေကို ဘေးကင်းအောင် အင်ဒိုနီးရှားနိုင်ငံသားသုံးဦးက ကူညီပေးခဲ့လို့ နိုင်ငံအပေါ်သူတို့ရဲ့ အထူးစွမ်းဆောင်ချက်တွေကိုထောက်ပြီး နှစ်ရှည်နေထိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ဘဲ အနီးအနားနေသူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့လို့ သူတို့ကိုစိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်" ဟု တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုဘေးအန္တရာယ်နှင့်ဘေးကင်းရေး တန်ပြန်ရေးဌာနချုပ်မှ လက်ထောက်အကြီးအကဲ လီဟန်ယောင်က ပြောသည်။
နှစ်ရှည်နေထိုင်ခွင့်ဗီဇာရသူ သုံးဦးအနက် မြောက်ဂျောင်ဆန်ပြည်နယ်တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ်သင်္ဘောသား ဆူဂီယန်တို ဆိုသူသည် မတ်လ ၂၅ ရက် ညပိုင်းက ၎င်းနေသည့်ရွာသို့ တောမီးကူးစက်ချိန် မပြေးလွှားနိုင်သူ ၆၀ ကို ကုန်းပိုးကယ်ထုတ် ပေးခဲ့သည်။
ရွာသူကြီးအဆိုအရ ဆူဂီယန်တိုသည် ကြင်နာတတ်ပြီး လူကြီးသူကြီးများအား အလေးအပင်အိတ်များ ကူသယ်ပေးလေ့ရှိသည်။ အိမ်သုံးပစ္စည်းများလည်း ကူတပ်ပေးလေ့ရှိသည်။ နောက်သူရဲကောင်းနှစ်ဦးကလည်း သင်္ဘောသားများပင် ဖြစ်သည်။
ထုတ်ပြန်ချက်များအရ တောင်ကိုရီးယားတောမီးကြောင့် သေဆုံးသူ ၃၁ ဦးရှိပြီး ၅၁ ဦး ဒဏ်ရာရခဲ့သည်။
Ref: The Korea Herald