တောင်ကိုရီးယားအစိုးရက သမ္မတရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင်ပြုလုပ်ရန် အတည်ပြုဖွယ်ရှိ

တောင်ကိုရီးယားအစိုးရက သမ္မတရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင်ပြုလုပ်ရန် အတည်ပြုဖွယ်ရှိ
Published 7 April 2025

တောင်ကိုရီးယားအစိုးရသည် သမ္မတ ရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ပြုလုပ်ရန် ဆုံးဖြတ်သွားလိမ့်မည့်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ဧပြီ ၇ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အခြေခံဥပဒေဆိုင်ရာတရားရုံးက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့မှုကြောင့် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် သမ္မတယွန်းဆော့ယို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် အစိုးရအဖွဲ့က သမ္မတရွေး ကောက်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့အတွက်  နိုင်ငံတော်ရုံးပိတ်ရက် သတ်မှတ်ရန်လိုအပ်သဖြင့် အစိုးရအဖွဲ့သည် ဧပြီ ၈ ရက်တွင် အစည်းအဝေးပြုလုပ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ချသွားမည်ဟု အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ယာယီသမ္မတ ဟန်ဒွတ်ဆူးက ကြေညာလိမ့်မည်ဟု ထုတ်ပြန်ခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။

နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့နောက် လွှတ်တော်က ယွန်းအားစွပ်စွဲ ပြစ်တင်ခဲ့ပြီး သမ္မတတာဝန်များကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကာ ထိုဖြစ်ရပ်များသည် တောင်ကိုရီးယားနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းသို့ ကျရောက်သွားစေခဲ့သည်။

ထို့နောက် ဧပြီ ၄ ရက်တွင် အခြေခံဥပဒေဆိုင်ရာတရားရုံးက စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ယွန်းကို ရာထူးမှဖယ်ရှားရန် စီရင်ချက် ချမှတ်ခဲ့သည်။

ဧပြီ ၆ ရက်ကလည်း တောင်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ ဝူဝမ်ရှစ်က သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာများကို လျှော့ချရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

“ကျွန်တော်တို့ဟာ အခြေခံဥပဒေကို လျင်မြန်စွာ ပြင်ဆင်သင့်တယ်ဆိုတာကို ပြည်သူတွေကို ကျွန်တော် ပြောကြားလိုပါတယ်။ အရင်သမ္မတရဲ့ အခြေခံဥပဒေနဲ့မညီတဲ့ တရားမဝင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှု ကြောင့် ပြည်သူတွေဟာ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ဆန္ဒရှိလာခဲ့ကြပါတယ်”ဟု ဝူက ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်ရှုပ်ထွေးမှုတွေဟာ အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ စီရင်ချက်နဲ့အတူ အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် ပဋိပက္ခဖြစ်စေနိုင်တဲ့ သမ္မတလုပ်ပိုင်ခွင့် အာဏာတွေကတော့ ဆက်လက် တည်ရှိနေဆဲဖြစ်ပါတယ်”ဟု ဝူက ပြောကြားခဲ့ပြီး တောင်ကိုရီးယား နိုင်ငံသားအများစုသည် အင်ပါယာသမ္မတ စနစ်ကို ပြောင်းလဲချင်နေသည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Gallup Korea ကုမ္ပဏီ၏ ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ပါဝင်ဖြေဆို သူ ၅၄ ရာခိုင်နှုန်းက သမ္မတစနစ်ကို ပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးကို ထောက်ခံခဲ့ကြပြီး ၃၀ ရာခိုင်နှုန်းကမူ ဆန့်ကျင်ခဲ့ကြသည်။

တောင်ကိုရီးယားတွင် ၁၉၈၇ ခုနှစ်က အခြေခံဥပဒေကို နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး သမ္မတသက်တမ်းကို ငါးနှစ်သက်တမ်းနှင့် တစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် ရေးဆွဲခဲ့သည်။         

Ref:AFP

Most Read

Most Recent