ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးသည် နောက်ဆုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရောက်လာမည်ဟု ယုံကြည်ကြောင်း အမေရိကန် ဒုတိယသမ္မတ ပြောကြား

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးသည် နောက်ဆုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရောက်လာမည်ဟု ယုံကြည်ကြောင်း အမေရိကန် ဒုတိယသမ္မတ ပြောကြား
ဖေဖော်ဝါရီ ၂၈ ရက်က ဘဲဥပုံရုံးခန်းတွင် ယူကရိန်းသမ္မတဇယ်လန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့စကားအခြေအတင်ဖြစ်နေစဉ် ဒုတိယသမ္မတဂျေဒီဗန့် ဝင်ပြောနေပုံကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂၈ ရက်က ဘဲဥပုံရုံးခန်းတွင် ယူကရိန်းသမ္မတဇယ်လန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့စကားအခြေအတင်ဖြစ်နေစဉ် ဒုတိယသမ္မတဂျေဒီဗန့် ဝင်ပြောနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 4 March 2025

ယူကရိန်းခေါင်းဆောင်ဗိုလိုဒီမာဇယ်လန်းစကီးသည် လွန်ခဲ့သော သီတင်းပတ်က  အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် စကားအခြေအတင်ဖြစ်ခဲ့ပြီးနောက် ၎င်းသည် ရုရှားနှင့်ငြိမ်းချမ်းရေးဆွေး နွေးမှုကို နောက်ဆုံးတွင် သဘောတူလိမ့်မည်ဟု ယုံကြည်ကြောင်း မတ်လ ၃ ရက်တွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရုပ်သံထုတ်လွှင့်ခဲ့သည့် ထရန့်နှင့် အိမ်ဖြူတော်တွေ့ဆုံပွဲတွင် လေးစားမှုကင်းမဲ့သည်ကို ပြသခဲ့ကြောင်း Fox News နှင့်အင်တာဗျူးတွင် ဗန့်က ပြောကြားခဲ့ပြီး အမေရိ ကန်သမ္မတက လိုလားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စေ့စပ်ညှိနှိုင်းရန် ပြတ်ပြတ်သားသားစိတ်မပါပုံကို ပြသခဲ့သည်ဟု ဆိုသည်။

“ဇယ်လန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမရောက်သေးဘူးထင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခု မရောက်သေးဘူးလို့ ထင်ပါတယ်”ဟု ဗန့်က ပြောကြားခဲ့သည်။

“နောက်ဆုံးမှာတော့ သူဟာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ရောက်လာမယ်ထင်ပါတယ်။ သူ ရောက်လာရမှာပါ”ဟု အမေရိကန် ဒုတိယသမ္မတက ပြောကြားခဲ့သည်။

ရုရှားနှင့်ငြိမ်းချမ်းဆွေးနွေးမှုများကို ယူကရိန်းသဘောတူရေးအတွက် တွန်းတွန်းတိုက်တိုက်လုပ်ဆောင်မှုအဖြစ် ထရန့်က ယူကရိန်းသို့ စစ်ရေးအကူအညီ ဆိုင်းငံ့ကြောင်းအိမ်ဖြူတော်က မကြေညာမီ Fox News အစီအစဉ်တင်ဆက်သူ ရှောင်ဟန်နီ တီနှင့် ဂျေဒီဗန့်တို့၏အင်တာဗျူးကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ဗန့်သည် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် ထရန့်နှင့် ဇယ်လန်းစကီးတို့ စကားအခြေအတင်ဖြစ်ရာတွင် စကားဖြင့် ဝင်ရောက်ဆွပေးခဲ့သူဖြစ်ပြီး ဇယ်လန်းစကီး၏ချဉ်းကပ်နည်းကို ဝေဖန်ခဲ့သည်။ ထို့အပြင် ယူကရိန်း ခေါင်းဆောင်က အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်စကား မပြောသည့်အတွက် ဗန့်က ဝေဖန်ခဲ့သည်။

ဇယ်လန်းစကီးက ငြိမ်းချမ်းရေးကို အလေးအနက်ထား ဆွေးနွေးရန် ဆန္ဒရှိနေသရွေ့ အိမ်ဖြူတော်တံခါးကို ဖွင့်ထားသည်ဟု  ဗန့်က ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးသဘောတူညီချက် အသေးစိတ်တွေကိုတောင် ငြင်းဆန်မယ်ဆိုရင်  သမ္မတရုုံး(ဘဲဥပုံရုံးခန်း) ဒါမှမဟုတ် အခြားဘယ်နေရာကိုမှ ဝင်လာလို့မရနိုင်ပါဘူး”ဟု ဗန့်က ပြောကြားခဲ့ပြီး ယူကရိန်းနှင့်ရုရှားတို့သည် အလျှော့ပေးမှုများလုပ်ရန် လိုအပ်လိမ့်မည်ဟု ဆိုသည်။

“သမ္မတပြောထားသလိုပဲ အဲဒီသဘောထားရပ်တည်ချက်တွေ ပြောင်းသွားတဲ့အခါ  သူတို့က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားတဲ့အခါ သမ္မတထရန့်ဟာ ဖုန်းကိုကောက်ကိုင်မယ့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဇယ်လန်းစကီးနှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ဆွေးနွေးရေးစားပွဲဝိုင်းသို့ ရောက်လာရေးသည် အလွန်အရေးကြီးသည်ဟု ဗန့်က ပြောကြားသည်။

အမေရိကန်ဒုတိယသမ္မတက ယူကရိန်းကို ထောက်ပံ့ပေးနေသော ဥရောပနိုင်ငံများကိုလည်း ဝေဖန်ခဲ့ပြီး လက်တွေ့ကျရန် ဆော်သြခဲ့ကာ စစ်ပွဲသည် ထာဝရဖြစ်နေနိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent