ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့က ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူ

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့က ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူ
Published 23 March 2025

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့က ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မတ် ၂၂ ရက်က သဘောတူခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ သုံးနိုင်ငံမှ ထိပ်သီးသံတမန်များ၏ အစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို မျှဝေပြီး တာဝန်ယူသွားကြရန် သဘောတူခဲ့ကြကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်အကြား ပြီးခဲ့သည့်နှစ်မေလက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ကြုံတောင့်ကြုံခဲ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ် မတ် ၂၂ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ တော်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သမိုင်းကြောင်းနှင့် နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားခဲ့သည့် ထိုသုံးနိုင်ငံအကြား ယခုနှစ်အစည်းအဝေးတွင် ကုန်သွယ်ရေးများကို မြှင့်တင်ရန်၊ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်ကို ထပ်မံ ပြောဆိုကြရန် သဘောတူခဲ့ကြသည်။

အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှု၊ မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲတွင် ရုရှားကို စစ်ကူပေးရန် စစ်သားများစေလွှတ်နေမှု၊ လက်နက်များစမ်းသပ်မှုများကြောင့် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် အဆိုပါ သုံး ပွင့်ဆိုင်အစည်းအဝေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းတာဟာ မိမိတို့ သုံးနိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားနဲ့ တာဝန်ဝတ္တရားဖြစ်တယ်ဆိုတာကို မိမိတို့ ထပ်လောင်းအတည်ပြုပါတယ်”ဟု တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြိး ချိုတေးယူလ်က သုံးပွင့်ဆိုင်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် ဂျပန်သည် ယခင်က မြောက်ကိုရီးယားနှင့် တရုတ်ကို ဆန့်ကျင်သည့် သဘောထားချင်း တူညီခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အိုင်ဝါယာက တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးချို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့နှင့် ဒေသတွင်းအရေးကိစ္စများ၊  နိုင်ငံတကာအရေး ကိစ္စများတွင် အတွေးအမြင်များကိုဖလှယ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွွားမည်ဟု အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာအခြေအနေက ပိုပြီးဆိုးရွားလာပါတယ်။ သမိုင်းမှာ အလှည့်အပြောင်း အခြေအနေတစ်ခုကို ရောက်ရှိပြီလို့ပြောရင် လွန်မယ်မထင်ပါဘူး”ဟု အိုင်ဝါယာက မတ် ၂၂ ရက် အစည်းအဝေးအစတွင် ပြောကြားခဲ့သည်။

ဝမ်ကလည်း ယခုနှစ်သည် ဒုတိယကမ္ဘာ စစ်ကြီးအဆုံးသတ်သည့် နှစ်ပေါင်း ၈၀ ပြည့် နှစ်ပတ်လည်ဖြစ်ပြီး အတိတ်က ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကို တည်ထောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အိုင်ဝါယာနှင့် ဝမ်တို့သည် မတ် ၂၂ ရက်က သီးသန့်တွေ့ဆုံခဲ့ချိန်တွင်လည်း အိုင်ဝါယာက နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုများ၊ ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသားများ၊ တရုတ် (တိုင်ပေ) နှင့် တောင်တရုတ်ပင်လယ်အရေးတို့နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ၏ သဘောထားများနှင့် စိုးရိမ်မှုများကို ဝမ်အား ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းတို့၏ ဆွေးနွေးမှုများတွင် ယူကရိန်း ပဋိပက္ခအကြောင်းလည်း ပါဝင်ခဲ့ပြီး အိုင်ဝါယာကမူ ရှိရင်းစွဲ အခြေအနေကို အင်အားသုံးပြီး ပြောင်းလဲမည့် မည်သည့်အားထုတ်ကြိုးပမ်းမှုကိုမဆို ကမ္ဘာ၏ မည်သည့်နေရာတိုင်းတွင်မျှ သည်းခံလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent