
ဟားမာ့စ်တို့အနေဖြင့် ကျန်ရှိနေသည့် ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးခြင်းမရှိပါက ဂါဇာဒေသ ပျက်စီးသွားလိမ့်မယ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၅ ရက်က သတိပေးခဲ့သည်။
ထိုအချိန်အတောအတွင်း အမေရိကန်သည် ၎င်းတို့၏ အကြမ်းဖက်အဖွဲ့စာရင်းတွင် ထည့်သွင်းခံထားရသည့် ဟားမာ့စ်အဖွဲ့နှင့် တိုက်ရိုက်မဟုတ်သည့် ဆွေးနွေးမှုများကို ပြုလုပ်နေကြောင်းနှင့် ဂါဇာတွင် ဖမ်းဆီးခံထား ရသည့် အမေရိကန်ဓားစာခံများလွတ်မြောက်ရေးကို အာရုုံစိုက်လိုပ်ဆောင်နေကြောင်း အမေရိကန်က အတည်ပြုခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင် ့ပတ်သက်ပြီး အစ္စရေးအတွက် အိုအပ်သည့်အရာများကို ပံ့ပိုးပေးနေကြောင်း ထရန့်က ပြောကြားခဲ့သည်။
“ဓားစာခံတွေအားလုံးကို နောက်မကျစေဘဲ အခုလွှတ်ပေးပါ။ ခင်ဗျာင်းတို့သတ်ခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းတွေအားလုံးကို ချက်ချင်းပြန်လည်လွှဲပြောင်းအပ်နှံပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့ အဆုံးသတ်ပြီ”ဟု ထရန့်က ၎င်း၏ Truth Social ပလက်ဖောင်းတွင်ရေးသားဖော်ပြခဲ့သည်။
“ဒါက နောက်ဆုံးသတိပေးချက်ဖြစ်တယ်။ (ဟားမာ့စ်)ခေါင်းဆောင်တွေအတွက်တော့ အခွင့်အရေးရတုန်း ဂါဇာက ထွက်ပြေးဖို့ အခုကအချိန်ကောင်းပဲ” ဟု ထရန့်က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ဝင်ရောက်တိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေဖြင့် အစ္စရေးကဂါဇာကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သည့် ဒေသခံအား လုံးနီးပါးသည် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“ဂါဇာဒေသခံတွေအတွက် လှပတဲ့ အနာဂတ်က စောင့်ဆိုင်းနေပါတယ်။ ဒါပေမယ့်(ဟားမာ့စ်တို့က) ဓားစားခံတွေကို ဖမ်းဆီးထားဦးမယ်ဆိုရင်တော့ အကုန်လုံး အဆုံးသတ်သွားမှာပါ”ဟု ထရန့်က ရေးသားခဲ့ သည်။
ဟားမာ့စ်အဖွဲ့အနေဖြင့် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခဲ့သည့် ကျန်ရှိနေသည့် ဓားစာခံများကို လွှဲပြောင်းပေးအပ်ခြင်းမပြုပါက နောက်ဆက်တွဲအကျိုးဆက်များကို ခန့်မှန်းနိုင်လိမ့်မည်မဟုတ် ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးခဲ့ပြီးနောက် ထရန့်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက အစ္စရေးနှင့် ဟားမာ့စ်အကြား သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲမှု ပထမအဆင့်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အဆုံးသတ်သွားခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဂါဇာတွင် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့်အစ္စရေးဓားစာခံများနှင့် အစ္စရေးတို့က ဖမ်းဆီးထားသည့် ပါလက်စတိုင်းအကျဉ်းသားများကို လဲလှယ်ခဲ့ကြသည်။
အစ္စရေးကမူ အပစ်အခတ်ရပ်စဲရေးပထမအဆင့်ကို ဧပြီလလယ်ပိုင်းအထိ သက်တမ်းတိုးလိုကြောင်း ပြောကြားခဲ့သော်လည်း ဟားမာ့စ်အဖွဲ့ကမူအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်သည် ရေရှည်တည်တန့်သည့် အပစ်အခတ်ရပ်စဲရေးဖြစ်သင့်ကြောင်း ပြောကြားခဲ့ပြီး ပထမအဆင့် အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုးရန် ငြင်းဆိုခဲ့သဖြင့် ဥရောပသမဂ္ဂအပါအဝင် မဟာမိတ်နိုင်ငံများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
Ref: AFP