မြောက်ကိုရီးယားက ရုရှားသို့ နောက်ထပ်စစ်သားအများအပြား စေလွှတ်နေကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားက ရုရှားသို့ နောက်ထပ်စစ်သားအများအပြား စေလွှတ်နေကြောင်း တောင်ကိုရီးယား ပြောကြား
ဖေဖော်ဝါရီ ၂၆ ရက်က ဒိုနက်ဆစ်ဒေသရှိ နေရာတစ်နေရာတွင် ယူကရိန်းကျည်းတပ်မှ စစ်သားများကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂၆ ရက်က ဒိုနက်ဆစ်ဒေသရှိ နေရာတစ်နေရာတွင် ယူကရိန်းကျည်းတပ်မှ စစ်သားများကို တွေ့ရစဉ်(Photo: AFP)
Published 27 February 2025

မြောက်ကိုရီးယားက ရုရှားသို့နောက်ထပ်စစ်သားအများအပြားစေလွှတ်ခဲ့ပြီး ကာ့စ်ဒေသရှိရှေ့တန်းသို့ စစ်သားအများအပြားကို ပြန်လည်တပ်ဖြန့်ချထားခဲ့ကြောင်း တောင်ကိုရီးယား၏ထောက်လှမ်းရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၇ ရက်တွင် အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

တောင်ကိုရီးယားနှင့် အနောက်အစိုးရထောက်လှမ်းရေးအေဂျင်စီများ၏ ပြောပြချက်အရ ကာ့စ်နယ်စပ်ဒေသရှိ ယူကရိန်းထိုးစစ်ဆင်မှုကို ခုခံတိုက်ခိုက်မှုတွင် အကူအညီပေးရန်အတွက် မြောက်ကိုရီးယားသည်လွန် ခဲ့သည့်နှစ်က ရုရှားသို့ စစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်ဟုဆိုသည်။

ကာ့စ်ရှေ့တန်းစစ်မျက်နှာပြင်တွင် ရုရှားစစ်တပ်နှင့်အတူ တိုက်ပွဲဝင်နေသော မြောက် ကိုရီးယားစစ်သားများသည် ဇန်နဝါရီလ လယ်ပိုင်းကတည်းက တိုက်ပွဲများတွင်ပါဝင်ခြင်းမရှိကြောင်း တောင်ကိုရီးယားအစိုးရက ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားစစ်သားများသည် ဆုံးရှုံးမှုအများအပြားရှိလာခဲ့ပြီးနောက် နောက်ပြန်ဆုတ်သွားကြောင်း ယူကရိန်းက ပြောပြခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင်ကိုရီးယား၏ အမျိုးသားထောက်လှမ်းရေးအေဂျင်စီက မြောက်ကိုရီးယားစစ်သားများကို ယင်းနေရာများတွင် ပြန်လည်တပ်ဖြန့်ချထားခဲ့ကြောင်း ပြောကြားခဲ့သည်။

“အရေအတွက်အတိအကျကိုတော့ အကဲဖြတ်စမ်းစစ်နေတုန်းဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားအစိုးရနှင့် မြောက်ကိုရီးယားအစိုးရတို့က ယင်းတပ်ဖြန့်ချထားမှုအပေါ် အ တည်ပြုပြောကြားထားခြင်းမရှိပေ။

သို့သော် ရုရှားသမ္မတဗလာဒီမာပူတင်က လွန်ခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး သွားရောက်သောခရီးစဉ်တွင် နှစ်နိုင်ငံကာကွယ်ရေးသဘောတူညီချက်အပါအဝင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယူကရိန်းက ၎င်းတို့သည် ကာ့စ်ဒေသတွင် မြောက်ကိုရီးယားစစ်သားအများအပြားကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်နိုင်ခဲ့ကြောင်း အစောပိုင်းက ထုတ်ပြန်ထားသည်။

ကာ့စ်ဒေသတွင် ယူကရိန်းစစ်တပ်က ဖမ်းဆီးရမိခဲ့သော မြောက်ကိုရီးယားအကျဉ်းသားများကို စုံစမ်းစစ်ဆေးနေသည့် ဗီဒီယိုဖိုင်တစ်ခုအား ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက ထုတ်ပြန်ခဲ့သည်။

ထိုလတွင် တောင်ကိုရီးယား၏ Chosun IIbo သတင်းစာတွင် ရှေ့တန်းစစ်မျက်နှာပြင်၌ တိုက်ပွဲဝင်ခဲ့သည့် မြောက်ကိုရီးယားစစ်သားတစ်ဦးနှင့် အင်တာဗျူးတစ်ခုကို ဖော်ပြခဲ့သည်။

ဒဏ်ရာရထားသော ယင်းစစ်သားက ၎င်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သောမြောက်ကိုရီးယားစစ်သားများသည် ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု ပြောပြခဲ့သည်။

ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင်ရှေ့တန်း၌ လိုအပ်နေသော ရုရှား၏လက်နက်ခဲယမ်းများမှ ၅၀ ရာခိုင်နှုန်းကို မြောက်ကိုရီးယားက ထောက်ပံ့ပေးနေကြောင်းယူကရိန်းစစ်တပ်ထောက်လှမ်းရေးအကြီးအကဲ  ခိုင်လိုဘူဒါနော့ဗ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားသမ္မတဗလာဒီ မာပူတင်က ယူကရိန်း အထူးစစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည်။                                            

Ref: AFP

Most Read

Most Recent