ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် ယခုသီတင်းပတ်ထဲတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် စကားပြောမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား

ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် ယခုသီတင်းပတ်ထဲတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် စကားပြောမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား
၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ နှစ်ဦးနှစ်ဖက်ပါဝင်သော ဆွေးနွေးပွဲအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့်အမေရိကန် သမ္မတဒေါ်နယ်ထရန့်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို တွေ့ရစဉ်(Photo:Reuters)
၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ နှစ်ဦးနှစ်ဖက်ပါဝင်သော ဆွေးနွေးပွဲအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့်အမေရိကန် သမ္မတဒေါ်နယ်ထရန့်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို တွေ့ရစဉ်(Photo:Reuters)
Published 17 March 2025

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းသည် ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် မတ် ၁၈ ရက်တွင် ရုရှားသမ္မတဗလာဒီမာ ပူတင်နှင့် စကားပြောရန် စီစဉ်ထားသည်ဟု ပြောကြားလိုက်ပြီး စစ်ဖြစ်နေသော နှစ်နိုင်ငံ ၏အချို့သော ပိုင်ဆိုင်မှုများ ဝေခြမ်းရေးကိစ္စကိုလည်း ဆွေးနွေးနေဆဲဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်က ဆော်ဒီအာရေဗျ ဆွေးနွေးပွဲအပြီး ယူကရိန်းစစ်ပွဲပြီးဆုံးစေရေးကို အဆိုပြုထားပြီးနောက် ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သီတင်းပတ် အနည်းငယ်အတွင်း ရရှိနိုင်သည်ဟု အကောင်းမြင်ထားကြောင်း မတ်လ ၁၆ ရက်တွင် အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဆော်ဒီဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက်ကို ယူကရိန်းဘက်က လက်ခံထားသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မြေကိစ္စဆွေးနွေးရမယ်။  ဓာတ်အားပေးစက်ရုံတွေ ကိစ္စဆွေးနွေးရမယ် ထင်ပါတယ်”ဟု ထရန့်က Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့သည်။

“အဲဒီကိစ္စကို ယူကရိန်းနဲ့ရုရှား နှစ်ဖက်စလုံးက များများစားစား ဆွေးနွေးထားပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ ပိုင်ဆိုင်မှု အချို့ခွဲခြမ်းတာကို ကျွန်တော်တို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်”ဟု အမေရိကန်သမ္မတက ဆက်လက် ပြောကြားခဲ့သည်။

စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် အမေရိကန်နှင့် ယူကရိန်း၏ ဥရောပမဟာမိတ်နိုင်ငံများက ရုရှားကို ဖိအားပေးလျက်ရှိသည်ဆိုသော်လည်း သမ္မတပူတင်ကမူ ပြတ်သားသည့်အဖြေကို မပေးသေးပေ။ ထိုအစား ပူတင်က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့် လေးနက်သော မေးခွန်းများရှိနေသည်ဟု ပြောကြားထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဖြစ်လာနိုင်စရာရှိသော ယူကရိန်းအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အလွန်အလားအလာကောင်းသော စကားကို ပြောကြားခဲ့သည်ဆိုသော်လည်း မပြည့်စုံသေးဟု လွန်ခဲ့         သော ရက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားသည်။

“ကျွန်တော်က သူနဲ့တွေ့ချင်ပါတယ်။ စကားပြောချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မြန်မြန်ရအောင်လုပ်ရမှာ ဖြစ်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။                          

လွန်ခဲ့သောရက်ပိုင်းတွင် ပူတင်နှင့် နာရီအတန်ကြာ ဆွေးနွေးခဲ့သော ထရန့်၏ သံတမန် စတိဗ်ဝစ်ကော့ဖ်က သမ္မတနှစ်ဦးသည် ယခုသီတင်းပတ်ထဲတွင် တကယ်ကောင်းမွန်ပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုကို လုပ်ဆောင်ကြတော့မည်ဟု ထင်မြင်ကြောင်း CNN သတင်းဌာနကို ပြောကြားခဲ့သည်။

ရုရှားက စစ်ပွဲကိုအဆုံးသတ်ရန် ဆန္ဒမရှိဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက မတ်လ ၁၅ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။ ရုရှားသည် တစ်စုံတစ်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရမီ စစ်မြေပြင်တွင် အခြေအနေကောင်းမွန်ရေးကို ပထမဦးစားပေးဖြစ်ချင်နေကြောင်း ဇယ်လန်းစကီးက သတိပေးခဲ့သည်။

မတ်လ ၁၆ ရက်တွင် ရုရှားက ယူကရိန်း ဒေသကိုးခုကို အီရန်လုပ်ရှာဟက်ဒုံးကျည် ၉၀ ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။           

Ref:AFP

Most Read

Most Recent