ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မနီလာလေဆိပ်တွင်ဖမ်းဆီးခံရ

ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မနီလာလေဆိပ်တွင်ဖမ်းဆီးခံရ
Photos -AP
Photos -AP
Published 11 March 2025

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC ၏ ဖမ်းဝရမ်းဖြင့် မတ်လ ၁၁ ရက်တွင် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးအား မြို့တော်မနီလာရှိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်ပြီဖြစ်သည်။

ဟောင်ကောင်မှပြန်ရောက်အလာ ဒူတာတေးအား ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း လက်ရှိသမ္မတဖာဒီနန်မားကို့စ်ရုံးက ကြေညာချက်ထုတ်ထားသည်။ICC သည် ဒူတာတေးလက်ထက်က ပြင်းထန်သည့်မူးယစ်ဆေးနှိမ်နင်းရေးစီမံချက်များအတွင်း လူပေါင်းများစွာသေဆုံးခဲ့သည်ကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

“ သူပြန်ရောက်လာတာနဲ့ အစိုးရရှေ့နေချုပ်က သမ္မတဟောင်းကို လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့တာတွေအတွက် ICC ရဲ့ဖမ်းဝရမ်းစာကို ပေးပို့လိုက်တယ်။ခုတော့သူ့ကို ထိန်းသိမ်းလိုက်ပြီ ”  ဟု အစိုးရကကြေညာချက်ထုတ်သည်။

ဒူတာတေးကို အမှတ်မထင်ဖမ်းဆီးလိုက်မှုကြောင့် လေဆိပ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး ဒူတာတေး၏ရှေ့နေနှင့်ဘက်တော်သားများက အော်ဟစ်ကန့်ကွက်ခဲ့ကြသည်။ “ဒါက ဒူတာတေးရဲ့တရားဝင်အခွင့်အရေးကို ချိုးဖောက်တာ” ဟု ဒူတာတေးနှင့်အနီးကပ်ရှိသူ အထက်လွှတ်တော်အမတ် ဘွန်ဂိုဆိုသူက သတင်းထောက်များအားပြောသည်။

ဖိလစ်ပိုင်အစိုးရထုတ်ပြန်ချက်အရ နိုင်ငံတကာရဲတပ်ဖွဲ့၏ မနီလာရုံးက  ICC ထံမှ တရားဝင်ဖမ်းဝရမ်းစာကို ရခဲ့သည်ဟုသိရသည်။ အသက် ၇၉ ရှိပြီဖြစ်သည့် သမ္မတဟောင်းအား မည်သည့်နေရာဖမ်းခေါ်သွားသည်ကို လတ်တလောမသိရသော်လည်း ၎င်းမှာကျန်းကျန်းမာမာရှိပြီး အစိုးရဆရာဝန်များက စစ်ဆေးပြီးပြီဟု အစိုးရထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖိလစ်ပိုင်တောင်ပိုင်း ဒါဗိုမြို့၏မြို့တော်ဝန်နေရာကို ဒူတာတေးတာဝန်ယူထားစဉ် ၂၀၁၁ ခုနှစ်၊  နိုဝင်ဘာ ၁ ရက်မှ သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်အထိ မူးယစ်ဆေးနှိမ်နင်းရေးလှုပ်ရှားမှုများအတွင်း သတ်ဖြတ်ခံခဲ့ရမှုများကို ICC က စစ်ဆေးလာပြီးနောက် ဖမ်းဝရမ်းထွက်လာခြင်းဖြစ်သည်။

ဒူတာတေးသည် မတ်လ ၁၀ ရက်က ဟောင်ကောင်တွင်ရှိနေစဉ် ICC သာဖမ်းဝရမ်းထုတ်ပါက အဖမ်းခံရန်အသင့်ဟု ပြောဆိုခဲ့သေးသည်။

Ref:AP

 

Most Read

Most Recent