■ Shin Bet  ပြည်တွင်းလုံခြုံရေးဌာန၏အကြီးအကဲ ရိုနင်ဘားအား ရာထူးမှဖယ်ရှားရန် အစ္စရေးဝန်ကြီးချုပ်ကြိုးပမ်းနေ 

■ Shin Bet  ပြည်တွင်းလုံခြုံရေးဌာန၏အကြီးအကဲ ရိုနင်ဘားအား ရာထူးမှဖယ်ရှားရန် အစ္စရေးဝန်ကြီးချုပ်ကြိုးပမ်းနေ 
Published 18 March 2025

ပြည်တွင်းလုံခြုံရေးအေဂျင်စီ Shin Bet  ကိုဦးဆောင်နေသည့် ရိုနင်ဘားအား ရာထူးမှဖယ်ရှားနိုင်ရေး ကြိုးပမ်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက မတ်လ ၁၆ ရက်တွင်ကြေညာထားသည်။

Shin Bet အေဂျင်စီက နေတန်ရာဟု၏အနီးကပ်အရာရှိများကို စုံစမ်းစစ်ဆေးနေချိန် ယခုကြေညာချက်ထွက်လာခြင်းဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ ရိုနင်ဘားအပေါ် ယုံကြည်မှုပျက်ပြားလာသည်ဟု နေတန်ရာဟုကဆိုသည်။ 

ရိုနင်ဘားကမူ အရေးကြီးသည့် စုံစမ်းစစ်ဆေးမှုများကို အပြီးသတ်နိုင်အောင် ၊ ကျန်အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်လာအောင်နှင့် ၎င်းနေရာဆက်ခံရန် အလားအလာရှိသူများကို ပြင်ဆင်ပေးနိုင်အောင် လက်ရှိတာဝန်ကို ဆက်ယူထားဦးမည်ဟု တုံ့ပြန်ထားသည်။

ထို့ပြင် လူထု၏အကျိုးစီးပွားနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအရသစ္စာရှိမှုကို နေတန်ရာဟုကမျှော်လင့်နေသည့်အပေါ်  ရိုနင်ဘားကဝေဖန်ခဲ့သည်။ သို့သော် ၎င်း၏ရာထူးတာဝန်နှင့်ပတ်သက်၍ မည်သည့်ဥပဒေအဆုံးအဖြတ်မဆို လိုက်နာမည်ဟု၎င်းကဆိုသည်။ 

အစ္စရေးရှေ့နေချုပ်အဆိုအရ နေတန်ရာဟုသည် မည်သည့်အကြောင်းကြောင့် ရိုနင်ဘားအား ဖယ်ရှားလိုသည်ကို ရှင်းလင်းချက်ပေးရမည်ဖြစ်သည်။ 

Shin Bet သည်  ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာ့စ်ကို စောင့်ကြည့်ရေးတာဝန်ယူထားသည့် အဖွဲ့အစည်းလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ခဲ့ရခြင်းမှာ အေဂျင်စီ၏ ပေါ့လျော့မှုများပါသကဲ့သို့ နေတန်ရာဟုအစိုးရ၏ပေါ်လစီများ လိုအပ်ချက်ရှိခြင်းကြောင့်ဟု မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင် ထုတ်ပြန်ခဲ့သည်။

နေတန်ရာဟုကလည်း အောက်တိုဘာ ၇ ရက် ဟားမာ့စ်တိုက်ခိုက်မှုအတွက် စစ်ဆေးရေးကော်မရှင်တစ်ရပ်ကိုသာ တောင်းဆိုလာခဲ့ပြီး အစ္စရေးစစ်တပ်နှင့် လုံခြုံရေးအေဂျင်စီများ၏ ပေါ့လျော့မှုကြောင့်ဟု ထောက်ပြခဲ့သည်။

နေတန်ရာဟုလက်ထက် အဖြုတ်ခံရ(သို့မဟုတ်) ရာထူးမှဆင်းရန် ဖိအားပေးခံရသည့် ထိပ်ပိုင်းလုံခြုံရေးအရာရှိများစွာထဲ ကာကွယ်ရေးဝန်ကြီး ယိုအက်ဂဲလန့်လည်းပါခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း လက်ရှိရာထူးတွင်ရှိနေသည့် လုံခြုံရေးအရာရှိအနည်းစုထဲတွင် ရိုနင်ဘားလည်း ပါနေပြီး အကယ်၍ ၎င်းကိုဖယ်ရှားမှုအောင်မြင်ခဲ့ပါက ၎င်းနေရာတွင် သစ္စာခံတစ်ဦးကို နေတန်ရာဟုက အစားထိုးခန့်အပ်ဖွယ်ရှိသည်။ 

ရိုနင်ဘားအားဖယ်ရှားလိုက်ပါက  အစ္စရေး၏စစ်ရေးရည်မှန်းချက်များ ဖြစ်မြောက်လာပြီး နောက်ထပ်ကံဆိုးမှုတစ်ခုကို တားနိုင်လိမ့်မည်ဟု နေတန်ရာဟုကပြောသည်။

Ref: AP

AP photos

Most Read

Most Recent