အမေရိကန်က ထောက်ခံပေးထားသည့် အပစ်အခတ်ရပ်စဲရေးထက် ရေရှည်တည်မြဲမည့် ငြိမ်းချမ်းရေး သဘောတူညီမှုကို လိုလားကြောင်း ရုရှား ပြောကြား

အမေရိကန်က ထောက်ခံပေးထားသည့် အပစ်အခတ်ရပ်စဲရေးထက် ရေရှည်တည်မြဲမည့် ငြိမ်းချမ်းရေး သဘောတူညီမှုကို လိုလားကြောင်း ရုရှား ပြောကြား
ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးယက်ကော့ဗ်ကို တွေ့ရစဉ်(Photo:Reuters)
ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးယက်ကော့ဗ်ကို တွေ့ရစဉ်(Photo:Reuters)
Published 24 February 2025

အမေရိကန်က ထောက်ခံပေးထားသည့်  လျှင်မြန်သည့် အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုထက် ပဋိပက္ခ၏ ရင်းမြစ်များကို ဖြေရှင်းနိုင်မည့် ရေရှည်တည်မြဲသော ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရုရှားက လိုလား ကြောင်း ရုရှားထိပ်သီးသံတမန်တစ်ဦးက RIA သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အမိန့်ဖြင့် ရုရှားစစ်သားများက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် သုံးနှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ရု ရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေး ယက်ကော့ဗ်က ရုရှားသည် ရှေရည်တည်မြဲပြီး ခိုင်မာသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

လျှင်မြန်သည့် အပစ်အခတ်ရပ်စဲရေးကို ရှေးရှုလုပ်ဆောင်လိုသည့် အမေရိကန်၏ လိုအင်ဆန္ဒကိုလည်း လုံလောက်သည့် ယုံကြည်မှုနှင့်အတူ အသိအမှတ်ပြုနိုင်ကြောင်း ယက်ကော့ဗ်က ပြောကြားခဲ့သည်။

သို့သော် ရေရှည်ပြေလည်မှုရရှိစေသည့် သဘောတူညီချက်မပါပါက အပစ်အခတ် ရပ်စဲရေးသည် ပဋိပက္ခကို လျှင်မြန်စွာ ပြန်လည်ဖြစ်ပွားစေနိုင်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအတွက် ဆိုးကျိုးများအပါအဝင် ယခုထက်ပိုမိုဆိုးရွားသည့် နောက်ဆက်တွဲ အခြေအနေမျိုးပင် ဖြစ်ပွားလာနိုင်ပြီး ထိုအခြေအနေမျိုးကို မိမိတို့က အလိုမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ရေရှည်စီမံကိန်းတစ်ခု ရှာဖွေရန် လိုအပ်ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းနိုင်ငံအတွင်းနှင့် ယူကရိန်းနိုင်ငံ အနီးတစ်ဝိုက်တွင် ဖြစ်ပျက်နေသည့် ပဋိပက္ခဖြစ်စေသည့် အကြောင်းရင်းခံများကို ဖြေရှင်းမှု အပါအဝင် ရေရှည်တည်မြဲမည့် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေရန်လိုအပ်ကြောင်း ယက်ကော့ဗ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဆော်ဒီအာရေဗျနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရုရှား-အမေရိကန် ဆွေးနွေးပွဲတွင် ရုရှားက ယူကရိန်းနှင့် ဆွေးနွေးပွဲများအတွက် ပြင်ဆင်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးများကို ပြန်လည်ထိန်းသိမ်းရန် သဘောတူကြောင်း ပြောကြားခဲ့သည်။သို့သော် ယူကရိန်းအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး ရုရှားက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိကြောင်း ယက် ကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ရုံမှလွဲပြီး ရွေးချယ်စရာမရှိခဲ့သည့် အချက်ကို ယက်ကော့ဗ်က ပြောကြားခဲ့ပြီး ယူကရိန်းနှင့် အနောက်နိုင်ငံများသည် ကိုလိုနီခေတ်က စစ်ပွဲဖြင့် သိမ်းပိုက်သည့်ပုံစံမျိုးဖြင့် နေတိုးမဟာမိတ်အဖွဲ့၏ အင်အားကို ချဲ့ထွင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားဘာသာစကားကို ပြောဆိုသည့် လူ့အသိုင်းအဝိုင်း၏ အခွင့်အရေး များသည်လည်း ဖိနှိပ်ခံထားရကြောင်း ယက်ကော့ဗ်က ပြောဆိုခဲ့ပြီး ထိုအချက်ကို ယူကရိန်းအစိုးရက ငြင်းဆိုခဲ့ သည်။

အမေရိကန်သည် ယူကရိန်းကို ငွေကြေးနှင့်စစ်ရေး အကူအညီများပေးခဲ့သော်လည်း ထရန့်သည် အာဏာရလာကတည်းက အမေရိကန်၏ မူဝါဒကို ပြောင်းလဲခဲ့ကာ ရုရှားနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကို အာဏာရှင်ဟု ခေါ်ဆိုခဲ့သည်။

Ref:Reuters                                       

Most Read

Most Recent