ဆိုးလ်မြို့မှ ရထားဘူတာရုံတစ်ခုရှိ ရုပ်မြင်သံကြားတွင် မြောက်ကိုရီးယားသတင်း ပြနေသည်ကို သြဂုတ် ၁၅ ရက်က တွေ့ရစဉ် (Photo: AFP)
အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းအနီးသို့ ဒုံးဖြင်ပစ်ခတ်မည့် အစီအစဉ်အား ဆိုင်းငံ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သော်လည်း ဝါရှင်တန်၏ နောက်ထပ်အဆင်အခြင်မဲ့ လုပ်ရပ်များကြုံရလျှင် ပို၍ပြင်းထန်သော အစီအစဉ်များ ကြုံရမည်ဖြစ်ကြောင်း ၎င်းကသတိပေးခဲ့သည်။ ကင်၏မှတ်ချက်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အပြန်အလှန်ရန်လိုသော စကားလုံးစစ်ပွဲကြောင့်ဖြစ်ပေါ်ခဲ့သည့် တင်းမာမှုများကို ပြန်လည်ပြေလျော့စေရန် လမ်းပွင့်စေခဲ့ကြောင်း လေ့လာသူအချို့က သုံးသပ်ခဲ့ကြသည်။
မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ အမေရိကန်၏ မဟာဗျူဟာမြောက် စစ်စခန်းများ တပ်စွဲထားသော ဂူအမ်အနီးသို့ ဒုံးလေးစင်းပစ်လွှတ်ရန် ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား စိုးရိမ်စရာကောင်းသော စကားလုံးစစ်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား၏ ဒုံးတပ်ဖွဲ့များအား တာဝန်ခံသည့် Strategic Force ကွပ်ကဲတပ်သို့ ကင်ဂျုံအွန်က သြဂုတ် ၁၄ ရက်တွင် သွားရောက်စစ်ဆေးစဉ် ဒုံးဖြင့်ပစ်ခတ်မည့် အစီအစဉ်ကို တာဝန်ရှိသူများက ၎င်းထံ အစီရင်ခံခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်ကင်က သူသည်မည်သည့်အမိန့်ကိုမျှ မပယ်ဖျက်မီ ယန်းကီးများ၏ ရူးနှမ်းသောလုပ်ရပ်များကို အနည်းငယ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီ KCNA ကဖော်ပြခဲ့သည်။
ကိုရီးယားကျွန်းဆွယ်တွင် ၎င်းတို့သည် အလွန်အမင်း အန္တရာယ်ကြီးသော အဆင်ခြင်မဲ့လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်နေပါက မြောက်ကိုရီးယားသည် ကြေညာထားသည့်အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပြေလျော့စေရန်နှင့် အန္တရာယ်ကြီးမားသော စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အမေရိကန်အနေဖြင့် သင့်တော်မှန်ကန်သော ရွေးချယ်မှုအား ဦးစွာပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်ဟု KCNA ကဖော်ပြခဲ့သည်။
ကင်၏မှတ်ချက်များကြောင့် ယခုလနှောင်းပိုင်းတွင် စတင်ပြုလုပ်မည်ဟု မျှော်မှန်းထားသော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်ပြုလုပ်နေကျ ကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်နိုင်ဖွယ်ရှိသည်။ ယင်းစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်ရန်အတွက် အကြိုလေ့ကျင့်မှုဖြစ်ကြောင်း မြောက်ကိုရီးယားက အမြဲတမ်းရှုတ်ချလေ့ရှိပြီး အတိတ်ကာလတွင် ယင်းစစ်ရေးလေ့ကျင့်မှုအား ဖျက်သိမ်းရန်အတွက် ၎င်းတို့၏ နောက်ထပ် နျူကလီးယားနှင့် ဒုံးစမ်းသပ်မှုများအား ဆိုင်းငံ့ပေးမည်ဟု မြောက်ကိုရီးယားက ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် ဝါရှင်တန်နှင့် ဆိုးလ်တို့က ယင်းကမ်းလှမ်းမှုအား အကြိမ်ကြိမ်ပယ်ချခဲ့သည်။
မြောက်ကိုရီးယားသည် ဂူအမ်သို့ ဒုံးပစ်မည့်အစီအစဉ်နှင့် စစ်ရေးလေ့ကျင့်မှုနှစ်ခုစလုံးအား ရပ်ဆိုင်းရန်အတွက် ဆွေးနွေးရန် တိုက်ရိုက်ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း Centre for American Progress မှအကြီးတန်းအဖွဲ့ဝင် အဒမ်မောင့်တ်က ပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက မည်သို့ပေးဆပ်ရသည်ဖြစ်စေ ဆိုးလ်သည် ဒုတိယကိုရီးယားစစ်ပွဲအား ရှောင်လွဲှသွားမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားက ၎င်း၏နျူကလီးယားနှင့် ဒုံးအစီအစဉ်များအား မရပ်တန့်လျှင် ဆွေးနွေးပွဲရှိလာမည်မဟုတ်ကြောင်း သြဂုတ် ၁၅ ရက်တွင် သတိပေးခဲ့သည်။
Ref: AFP