ယူကရိန်းလုံခြုံရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ အာမခံချက်များရရှိရန် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမား ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့

ယူကရိန်းလုံခြုံရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ အာမခံချက်များရရှိရန် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမား ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့
အိမ်ဖြူတော်၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမား နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အိမ်ဖြူတော်၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမား နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 28 February 2025

ဒေါ်နယ်ထရန့်သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမားကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံသည့်အခါ ယူကရိန်းအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများနှင့်စပ်လျဉ်း၍ လေသံပိုပျော့သွားသည် ဆိုသော်လည်း ဥရောပက အသည်းအသန် အလိုရှိနေသော အမေရိကန် လုံခြုံရေးအာ မခံချက်များနှင့်ပတ်သက်၍ ခိုင်ခိုင်မာမာ ကတိပေးခဲ့ခြင်းမရှိပေ။

ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရာတွင် ကုန်သွယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတက ကီယာစတာမားကို အနိုင်ပေးခဲ့သည်။ တတိမြောက်ချားလ်ဘုရင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဗြိတိန်သို့ နိုင်ငံတော်အလည်အပတ် ခရီးလာရန် ဖိတ်စာဖြင့် ဖိတ်ကြားမှုကို ကီယာစတာမားက ဆောင်ရွက်ပေးခဲ့သည်။

ရုရှားကို ရုတ်တရက် မဏ္ဏိုပြုလိုက်ခြင်းနှင့်အတူ ဥရောပအစိုးရများကို သတိပေးလိုက်သည့် ထရန့်က ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် တိုးတက်မှု အများအပြားရှိနေကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုများသည် အရေးကြီးသော အဆင့်သို့ရောက်နေသည်ဟု ပြောကြားခဲ့သည်။

“မကြာခင် ပြီးချင် ပြီးသွားလိမ့်မယ်။ မပြီးချင်လည်း လုံးလုံး ပြီးမှာမဟုတ်ပါဘူး”ဟု ကီယာစတာမားနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထရန့်က ပြောကြားခဲ့သည်။

စိတ်အပြောင်းအလဲမြန်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စောစောပိုင်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးနှင့် စိတ်ဝမ်းကွဲခဲ့ခြင်းကို လျှော့ချပြောကြားခဲ့သည်။

“ကျွန်တော်က သူ့ကို အများကြီးလေးစားပါတယ်”ဟု ထရန့်က ဇယ်လန်းစကီးအကြောင်း ပြောကြားခဲ့သည်။

ဇယ်လန်းစကီးကို အာဏာရှင်ဟု ပြောခဲ့သော စကားကို စောစောပိုင်းတွင် ထရန့်က ဘဲဥပုံရုံးခန်း၌ ပျက်လုံး ထုတ်လိုက်ပြီး“ကျွန်တော်က အဲဒီလိုပြောခဲ့လို့လား။ ကျွန်တော် ပြောခဲ့တယ်ဆိုတာကို ကျွန်တော် မယုံနိုင်ပါ ဘူး”ဟု ပြောကြားခဲ့သည်။

သို့သော် စစ်ပွဲပြီးဆုံးစေရန် ရုရှားနှင့်သဘောတူညီချက် ရခဲ့မည်ဆိုပါက ဗြိတိန်နှင့် ပြင်သစ်တို့က ယူကရိန်းသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်သားများ စေလွှတ်ပေးသည့်အတွက် အတုံ့အလှယ်အဖြစ် အမေရိကန် လုံခြုံရေးအာမခံချက်နှင့်ပတ်သက်၍ ထရန့်က ကတိပြု ပြောကြားခြင်းမရှိပေ။

အမေရိကန်သမ္မတက ၎င်းသည် လုံခြုံရေး အာမခံချက်နှင့်ပတ်သက်ပြီး အကြောင်းအရာအများအပြားကို လမ်းဖွင့်ထားသည်ဟု ပြောကြားခဲ့သည်ဆိုသော်လည်း ရုရှား-ယူကရိန်း သဘောတူညီချက်ကို ပထမဦးစား ပေးဖြစ်စေချင်သည်ဟု ပြောကြားခဲ့သည်။

ပူတင်သည် စကားတည်သူဖြစ်လိမ့်မည်ဟု ထင်မြင်ကြောင်း ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်လုံခြုံရေး အာမခံချက်မပါသော အပစ်အခတ်ရပ်စဲရေးသည် ယူကရိန်းကို ရုရှားထပ်မံ ကျူးကျော်စေလိမ့်မည့် အနေအထားဖြစ်လိမ့်မည်ဟူသော ကီယာစတာမား၏ သတိပေးစကားများကို ထရန့်က ပယ်ချခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က ထရန့်ကို ယူကရိန်းကိစ္စ အာမခံပေးရန် ပြောကြားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုလည်း ကီယာစတာများက ယူကရိန်းကိစ္စပြောဆိုရာတွင် အောင်မြင်မှုမရခဲ့ပေ။        

Ref:AFP

Most Read

Most Recent