အိန္ဒိယတွင် တမီနာဒူပြည်နယ်က ဆင်းရဲသော အမျိုးသမီးများအား ရင်သားခွဲစိတ်မှု အခမဲ့ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်း

အိန္ဒိယတွင် တမီနာဒူပြည်နယ်က ဆင်းရဲသော အမျိုးသမီးများအား ရင်သားခွဲစိတ်မှု အခမဲ့ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်း
Published 25 February 2018

Photo- AFP

အိန္ဒိယ၏ တမီနာဒူပြည်နယ်က ဆင်းရဲသော အမျိုးသမီးများအား ရင်သားအစားထိုးမှု အပါအဝင် ခွဲစိတ်အလှပြုပြင်မှုများကို အခမဲ့ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်းထားကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ တောင်ပိုင်း တမီနာဒူပြည်နယ်သည် အများကြိုက်အစီအစဉ်များ ဆောင်ရွက်ပေးမှုအတွက် ထင်ရှားသည့် ပြည်နယ်တစ်ခု ဖြစ်သည်။

ချို့တဲ့သူများကို ဆိတ်များ၊ လက်ပ်တော့များနှင့် စက်ဘီးများ အခမဲ့ပေးခြင်း၊ သက်သာဆိုင်များတွင် အခမဲ့စားသောက်ခွင့်ပေးခြင်းတို့ကို တမီနာဒူက ဆောင်ရွက်ခဲ့သည်။ ယခုအခါ အမျိုးသမီးများအတွက် အလှပြုပြင်မှု၊ ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုတို့ကို အခမဲ့ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အဆင်းရဲဆုံးသူများကို ကုသမှုပေးမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ဆင်းရဲတဲ့ အမျိုးသမီးတစ်ယောက်ကလည်း လှချင်မှာပါ။ ကျွန်တော်တို့က သူ့ကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးသွားမှာပါ” ဟု ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီဂျေအဘာစတာက ပြောကြားခဲ့သည်။ တမီနာဒူ ပြည်နယ်သည် အိန္ဒိယတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထိပ်တန်းကျသော ပြည်နယ်တစ်ခု ဖြစ်သည်။

သို့သော်လည်း ယခုအစီအစဉ်က ပြည်နယ်အစိုးရသည် ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးခြင်းဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။ အရေးကြီးသော ဖျားနာမှုများအတွက် ငွေကြေးသုံးစွဲသင့်သည့်အစား အလှပြုပြင်ခွဲစိတ်မှုအတွက် ပြည်သူ့ဘဏ္ဍာ သုံးစွဲခြင်းကို ဝေဖန်သူများက ရှုတ်ချခဲ့သည်။

“အသက်က ငယ်ဖို့အတွက် ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်ရမဲ့အစား အလှအပကို ကျွန်တော်တို့ အာရုံစိုက်နေတာအတွက် ဝမ်းနည်းရပါတယ်” ဟု တမီနာဒူပြည်နယ်၏ ပြည်သူ့ကျန်းမာရေး အရာရှိဟောင်းဖြစ်သူ ဒေါက်တာ အက်စ်အီလန်ဂိုက ပြောကြားခဲ့သည်။

အိန္ဒိယတွင် အလှပြုပြင်ခွဲစိတ်မှုသည် ခေတ်စားလာနေပြီး ပုဂ္ဂလိကဆေးရုံများတွင် အလှပြုပြင်မှု ဆောင်ရွက်ပါက ဒေါ်လာ ၂၃၀၀ မှ ၃၈၀၀ အတွင်း ကုန်ကျပြီး အိန္ဒိယအများစုအတွက် တစ်နှစ်စာ လစာနီးပါး ကုန်ကျမှုဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ အလှပြုပြင်ခွဲစိတ်မှု ၉၀၀၀၀ ကျော်ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလှပြုပြင်ခွဲ စိတ်မှုအသင်းက ဆိုသည်။ ၂၀၁၀ ပြည့်နှစ်က အလှပြုပြင်ခွဲစိတ်မှု ၅၀၆၀၀ သာရှိခဲ့သည်။  ပြည်နယ်မြို့တော် ချင်နိုင်းရှိ အစိုးရဆေးရုံတွင် အမျိုးသမီးများအတွက် အခမဲ့ခွဲစိတ်မှု အစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်က စတင်ခဲ့ပြီး ပြည်နယ်၏ အခြားခရိုင်များသို့ ချဲ့ထွင်သွားမည်ဟု ကတိပြုထားသည်။

တစ်လလျှင် အမျိုးသမီး ၁၅၀ ခန့်ကို ခွဲစိတ်မှုပေးရန် မျှော်လင့်ထားကြောင်း အစိုးရ ကျန်းမာရေးဆေးကုခန်းကို ဦးဆောင်သူ ရာမာဒေဝီက ပြောကြားခဲ့သည်။

Ref; AFP

Most Read

Most Recent