ဂူအမ်သို့ ဒုံးကျည်ဖြင့်ပစ်မည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် ဂျပန်က ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်

ဂူအမ်သို့ ဒုံးကျည်ဖြင့်ပစ်မည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် ဂျပန်က ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်
Published 12 August 2017


သြဂုတ် ၁၂ ရက်က ဟီရိုရှီးမားစီရင်စု၊ ကာအီတာမြို့ရှိ စစ်စခန်းတွင် ချထားသော မြေပြင်မှ ဝေဟင်ပစ်ဒုံးခွင်းစနစ် PAC-3 ကိုတွေ့ရစဉ် (Photo: AFP)

ဂျပန်အစိုးရသည် သြဂုတ် ၁၂ ရက်က ၎င်း၏ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်ချထားလိုက်သည်ဟု ဒေသတွင်း အစိုးရအရာရှိများနှင့် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားက ဂျပန်ပေါ်မှဖြတ်ပြီး ပစိဖိတ်ဒေသထဲတွင်ရှိသော အမေရိကန်ကျွန်း ဂူအမ်သို့ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဂျပန်က ယခုကဲ့သို့ တပ်ဖြန့်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားကြားမှ စကားစစ်ပွဲသည် အရှိန်မြင့်တက်လာသည့်အတွက် ဒေသတွင်းမှ တင်းမာမှုများမှာလည်း မြင့်တက်လာခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်ကလည်း အမေရိကန်ကို မည်သည့်ရန်လိုသော ကိစ္စအတွက်မဆို မြောက်ကိုရီးယားသည် နောင်တရလိမ့်မည်ဟု သတိပေးထားသည်။

ဂျပန်သည် ယခင်ကတည်းက ၎င်း၏နိုင်ငံပေါ်မှ ဖြတ်သွားသည့် မည်သည့်မြောက်ကိုရီးယားဒုံးကျည် သို့မဟုတ် ဒုံးပျံကိုမဆို ပစ်ချမည်ဟု ကတိပြုထားဖူးသည်။ ရုပ်သံသတင်းဌာန NHK နှင့် ကျိုဒိုသတင်းတို့တွင် ဖော်ပြချက်အရ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသော ဒုံးကျည်သွားရာ လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် ဂျပန်နိုင်ငံအနောက်ပိုင်းမှ ရှီမာနီ၊ ဟီရိုရှီးမား၊ ကိုချီတို့တွင် Patriot Advanced Capability-3 (PAC-3) စနစ်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဖြန့်ခဲ့သည်ဟု သိရသည်။ ထို့ပြင် ကပ်ရပ်တွင်ရှိသော အီဟီမီဒေသတွင်လည်း ဒုံးခွင်းစနစ်အား တပ်ဖြန့်ခဲ့သည်ဟု သိရသည်။ ဂျပန်၏ကာကွယ်ရေး ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းကိုလည်း ဒုံးကျည်များကို ပစ်ချရန် ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ထဲတွင် တပ်ဖြန့်ထားသည်။

ဒုံးပစ်စင်နှင့် မြေပြင်မှဝေဟင်ပစ်ဒုံးစနစ်ထဲမှ အခြားပစ္စည်းကိရိယာများကို သယ်ဆောင်လာသော စစ်ဘက်ယာဉ်များသည် အရုဏ်မတက်မီအချိန်တွင် ကိုချီရှိ ဂျပန်အခြေစိုက်စခန်းထဲသို့ ဝင်လာသည်ကို ရုပ်သံသတင်းများထဲ၌ ဖော်ပြခဲ့သည်။

ယင်းတပ်ဖြန့်မှုများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးသော်လည်း ကိုချီစီရင်စုအစိုးရအဖွဲ့၏ ပဋိပက္ခဖြေရှင်းရေးရုံးမှ အရာရှိတစ်ဦးက PAC-3 တပ်ဖြန့်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သြဂုတ် ၁၂ ရက်အစောပိုင်းက မြောက်ကိုရီးယား ခြိမ်းခြောက်ထားသော ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်မတော်တဆမှုမျှ မဖြစ်စေရေးအတွက် ထပ်မံကတိပြုခဲ့သည်။

ဂျပန်သည် ယခင်ကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများမတိုင်မီတွင် ဒုံးကျည်ကြားဖြတ်သည့်ပစ်စင်များကို ချပြထားလေ့ရှိသော်လည်း မည်သည့်အခါကမျှ မပစ်ချခဲ့ဖူးပေ။ ၂၀၀၉ ခုနှစ်ကတစ်ကြိမ် မြောက်ကိုရီးယား ဒုံးကျည်တစ်စင်းသည် မည်သည့်ဖြစ်စဉ် တစ်စုံတစ်ရာမျှမရှိဘဲ ဂျပန်၏ နယ်နိမိတ်ထဲမှ ဖြတ်သန်းသွားခဲ့ဖူးသည်။ သို့သော်ယင်းလုပ်ရပ်ကို ဂျပန်က ချက်ချင်းရှုတ်ချခဲ့သည်။ ထိုစဉ်က မြောက်ကိုရီးယားသည် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် အမေရိကန်၊ တောင်ကိုရီးယာ၊ ဂျပန်တို့က ထိုဒုံးကျည်သည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

Ref: AFP

Most Read

Most Recent