အာဖဂန်မြို့တော်တွင် အီရတ်သံရုံအား တိုက်ခိုက်ခဲ့ဟု IS တို့ကပြောကြား

အာဖဂန်မြို့တော်တွင် အီရတ်သံရုံအား တိုက်ခိုက်ခဲ့ဟု IS တို့ကပြောကြား
Published 31 July 2017

ဇူလိုင် ၃၁ ရက်က ကဘူးရှိ အီရတ်သံရုံးအနီး အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့သည့်နေရာ၌ တွေ့ရသော အာဖဂန်လုံခြုံရေးများ (Photo: AFP)

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးသည် ဇူလိုင် ၃၁ ရက်က ပေါက်ကွဲမှုများ၊ သေနတ်ပစ်ခတ်သံများစွာဖြင့် တုန်လှုပ်ချောက်ချားစရာဖြစ်ခဲ့သည်။ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ အသေခံဗုံးခွဲသမားတစ်ဦးသည် အီရတ်သံရုံးရှေ့တွင် ဖောက်ခွဲမှုလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကဘူးရှိ အီရတ်သံရုံးအား တိုက်ခိုက်ခဲ့ကြောင်း IS တို့ကထုတ်ပြန်ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးဒဏ်ရာရသူများနှင့် ပတ်သက်၍လည်း တိတိကျကျ မသိရသေးပေ။

ဒေသစံတော်ချိန် နံနက် ၁၁ နာရီနောက်ပိုင်းက သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများနှင့်အတူ ပေါက်ကွဲသံကြီးလေးခု၏ အသံကိုကြားခဲ့ရကြောင်း မြို့တော်ကဘူးထဲရှိ သံတမန်ရပ်ကွက်အနီးမှ ဒေသခံများ၊ သတင်းထောက်များက ပြောကြားခဲ့သည်။ ထိုနေရာသို့ လုံခြုံရေးတပ်ဖွဲ့များ အလျင်အမြန် ရောက်ရှိလာကြပြီး လူနာတင်ယာဉ်များ၏ ဥသြသံများကိုလည်း ကြားနေရသည်။ ပေါက်ကွဲမှုတို့မှ ထွက်ပေါ်လာသော မီးခိုးလုံးကြီးများလည်း ထွက်ပေါ်နေခဲ့သည်။

ရဲတပ်ဖွဲ့ကမူ အီရတ်သံရုံးရှေ့တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုကို ရည်ညွှန်းပြီး ပေါက်ကွဲမှုတစ်ခုထက် မနည်းဖြစ်ပွားခဲ့သည်ဟုသာ အတည်ပြုနိုင်သေးပြီး အခြားသောသတင်းများကို ၎င်းတို့လည်း မရသေးကြောင်းဆိုသည်။ အီရတ်သံရုံးရှိသည့်နေရာသည် ဟိုတယ်များ၊ ဘဏ်များ၊ စူပါမားကတ်ကြီးများနှင့်အတူ ရဲစခန်းများရှိသည့် ကဘူးမြို့ အနောက်မြောက်ပိုင်းတွင် တည်ရှိခြင်းဖြစ်သည်။

နွေဦးတိုက်ခိုက်ရေးရာသီအတွင်း တာလီဘန်သူပုန်များသည် နိုင်ငံတစ်ဝန်း၌ ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။ ယခုတိုက်ခိုက်မှုသည် ကဘူးကိုလှုပ်ခါစေခဲ့သော နောက်ဆုံးတိုက်ခိုက်မှုဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကလည်း မြို့တော်ထဲတွင် နံနက်ပိုင်း လူစည်ကားသောအချိန်၌ ကားဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၂၆ ဦးသေဆုံးခဲ့ရသည်။

မကြာသေးမီက ထွက်ပေါ်လာသော ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုထဲ၌ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်၏ ပထမခြောက်လအတွင်း အာဖဂန်နစ္စတန်တစ်ဝန်း၌ သေဆုံးခဲ့သည့် အရပ်သားစုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ နီးပါးမှာ မြို့တော်ကဘူးမှဖြစ်သည်ဟု သိရသည်။ ကဘူးမှ သေဆုံးသူတို့အနက် အများအပြားမှာ မေလနှောင်းပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြီးတစ်ခုအတွင်း သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြီးသည်လည်း နံနက်ပိုင်းလူစည်ကားသည့် အချိန်မှာပင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၅၀ ကျော်သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
Writer- Ref: AFP

Most Read

Most Recent