စင်ကာပူနိုင်ငံသား IS အဖွဲ့ဝင်တစ်ဦးက ဟာရီမင်းသားအား ဗီဒီယိုတွင် စိန်ခေါ်

စင်ကာပူနိုင်ငံသား IS အဖွဲ့ဝင်တစ်ဦးက ဟာရီမင်းသားအား ဗီဒီယိုတွင် စိန်ခေါ်
Published 26 September 2017

စင်ကာပူ IS ဟုဆိုသူ အဗ္ဗဒူဆာမက်အား ဗီဒီယိုမှရယူထားသော ဓာတ်ပုံ (Photo: ST)

ဆီးရီးယားရှိ IS အဖွဲ့မှ စင်ကာပူ အဖွဲ့ဝင်တစ်ဦးက ဗြိတိန်၏ ဟာရီမင်းသားအား ဂျီဟတ်များကို တိုက်ခိုက်ရန်အတွက် ဗီဒီယိုတစ်ခုထဲတွင် စိန်ခေါ်ထားခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့နှင့် စင်ကာပူတာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ကြသည်။

ယင်းသည်မြို့ပြနိုင်ငံ စင်ကာပူမှ တိုက်ခိုက်ရေးသမားတစ်ဦးက IS ဗီဒီယိုတစ်ခုထဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်ဟု ယူဆရသည်။ စက်တင်ဘာ ၂၃ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ခဲ့သော ယင်းဗီဒီယိုအပိုင်း၌ စင်ကာပူမှ အဘူအူကေဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့သော အမျိုးသားတစ်ဦးက ပြီးခဲ့သော ဇွန်တွင် စင်ကာပူသို့ လာရောက်စဉ် လန်ဒန်အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သော ဟာရီမင်းသားအား စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

SITE Intelligence Group က ဖြန့်ချိခဲ့သော ယင်းဗီဒီယိုအပိုင်းတွင် အဆိုပါအမျိုးသားက “ခင်ဗျားယောကျ်ားဆိုရင် ဘာလို့ ဒီကိုလာပြီး ကျုပ်တို့ကို မတိုက်သလဲ။ ကျုပ်တို့က ခင်ဗျားနဲ့ ခင်ဗျားရဲ့ အပါချီရဟတ်ယာဉ်တွေကို ငရဲပြည် ပို့လို့ရတာပေါ့” ဟု စိန်ခေါ်ထားခဲ့ကြောင်း သိရသည်။

ဟာရီမင်းသားသည် ဗြိတိန်စစ်တပ်တွင် ထမ်းဆောင်ခဲ့ဖူးပြီး အာဖဂန်တွင် အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်များအား မောင်းနှင်ခဲ့သည်။ ပြီးခဲ့သော ဇွန်တွင် စင်ကာပူသို့ ဟာရီမင်းသား သွားရောက်စဉ် လန်ဒန်တွင် IS က တာဝန်ခံထားသည့် အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းက အရိပ်မိုးနေခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် ဓားကိုင်ဆောင်ထားသည့် အမျိုးသားများက ညဘက်အပြင်ထွက်သူများအား ဓားဖြင့် လိုက်ထိုးမှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ရပြီး ၎င်းတို့ကိုလည်း ရဲများက ပစ်သတ်ခဲ့သည်။

ယင်းဗီဒီယိုအပိုင်းတွင် ပါဝင်သူသည် စင်ကာပူနိုင်ငံသားဟု ယုံကြည်ရကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားတွင် အသက် ၃၉ နှစ်ရှိ စင်ကာပူနိုင်ငံသား ရှာဒန်ဘင်အဗ္ဗဒူဆာမက် ရောက်ရှိနေကြောင်း စင်ကာပူလုံခြုံရေးအေဂျင်စီများက သိထားပြီး ၎င်း၏ လုပ်ဆောင်မှုများအား စောင့်ကြည့်နေခဲ့ကြောင်း၊ ယင်း ဗီဒီယိုအပိုင်းတွင် အဘူအူကေဟု မိတ်ဆက်ထားသူသည် ရှာဒန်ဖြစ်နိုင်ဟု ယုံကြည်ရကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စင်ကာပူသည် အကြမ်းဖက်မှုအား အခိုင်အမာဆန့်ကျင်ပြီး ဒေသဆိုင်ရာဘဏ္ဍာ ရေးဗဟိုချက်တစ်ခုဖြစ်နေခြင်းကြောင့် အကြမ်းဖက်သမားများ၏ မူလပစ်မှတ်တစ်ခု ဖြစ်နေကြောင်း စင်ကာပူခေါင်းဆောင်များက သတိပေးထားခဲ့သည်။

Ref: AFP

Most Read

Most Recent