အဆိုတော်ရွှေထိုက် အပါအဝင် ခုနစ်ဦးအား မူးယစ်ဆေးဝါး အများအပြားဖြင့် မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ

အဆိုတော်ရွှေထိုက် အပါအဝင် ခုနစ်ဦးအား မူးယစ်ဆေးဝါး အများအပြားဖြင့် မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ
Published 11 August 2018

သန့်စင်မောင်(ခ)ကိုပေါက် (၄၇ နှစ်)၊ ကျော်သူရ (၃၈ နှစ်)၊ မရွှေမှုံ(၁၈ နှစ်)၊ မအိအိခိုင် (၁၉ နှစ်)၊ လင်းလွင် (၄၀ နှစ်)၊ သက်ဆွေမင်း (ခ)ကိုစိုင်း (၃၅ နှစ်)နှင့် မဝေလွင်ဇော် (ခ) မရွှေထိုက် (၃၇ နှစ်)တို့အား မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ရဲဇာနည်)

 

အဆိုတော် ရွှေထိုက် အပါအဝင် ခုနစ် ဦးအား မူးယစ်ဆေးဝါး အများအပြားဖြင့် မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်တို့တွင် ဖမ်း ဆီးရမိခဲ့ကြောင်း သြဂုတ် ၁၀ ရက်တွင် ရဲတပ် ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ် ၉ ရက် နံနက် ၁၁ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ သန့်စင်မောင်(ခ)ကိုပေါက်၏ နေအိမ်ကိုရှာဖွေရာ ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်းနှင့် ခုတင်ပေါ်ရှိ မျက်မှန်ဘူးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကို ဖမ်းဆီး ရမိခဲ့သိသည်။

ယင်းအမှု၏ ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ရပ်ထားသည့် Mark II မော်တော်ယာဉ်ကိုရှာဖွေရာ ကျော်သူရအားတွေ့ရပြီး ၎င်းထိုင်သည့် ယာဉ်မောင်းထိုင်ခုံပေါ်မှ Ecstasy ဆေးပြား ၃၆ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ ပြားနှင့် အိုက်စ် ၇ ဂရမ်တို့ကိုဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ညနေ ၄ နာရီ မိနစ် ၂၀ တွင်  ကျော်သူရတည်းခိုနေသည့် My Dream Hotel၊ အခန်းအမှတ်(၁၀၁) ကိုရှာဖွေရာ လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင်တို့အားတွေ့ရပြီး ရေချိုးခန်းဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးနှင့် ၎င်း၏ ကွင်းဆက်အရ  ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ သက်ဆွေမင်း(ခ)ကိုစိုင်းနှင့် မဝေလွင်ဇော်(ခ)မရွှေထိုက်တို့၏နေအိမ်နှင့် သက်ဆွေမင်း ငှားရမ်းထားသော ရန်ကင်းမြို့နယ်၊ အဝေရာလမ်း၊ အမှတ်(၁၅)ရပ်ကွက်ရှိနေအိမ်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သက်ဆွေမင်း၊ ဝေလွင်ဇော်နှင့် သက်သေခံ ပစ္စည်းများ (Photo - Yangon Police)

“ရန်ကင်းစခန်းမှာ ခြောက်ယောက်ကို ဖမ်းထားတယ်။ မရမ်းကုန်းစခန်းမှာ တစ်ယောက် ဖမ်းထားတယ်။ သူတို့အားလုံးကို ရမန်မယူထားရသေးဘူး” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၀ ရက်ညပိုင်းတွင် ပြောကြားသည်။

လက်ရှိတွင် သန့်စင်မောင်(ခ)ကိုပေါက် ၊ ကျော်သူရ  ၊ လင်းလွင် ၊ မရွှေမှုံ ၊ မအိအိခိုင် ၊ သက်ဆွေမင်း (ခ)ကိုစိုင်း နှင့် မဝေလွင်ဇော်(ခ) မရွှေထိုက် တို့ကို မရမ်းကုန်းနှင့် ရန်ကင်း မြို့မ ရဲစခန်းတို့တွင် ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent