နှစ် ၃၀ ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံး ပြုလုပ်

နှစ် ၃၀ ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံး ပြုလုပ်
Published 7 August 2018

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် (၃၀) ပြည့် အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်သည့်မြင်ကွင်းကို သြဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နှစ် ၃၀ ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်အတွင်းရှိ အပန်းဖြေရိပ်သာတွင် ပထမဆုံးအကြိမ်အဖြစ် သြဂုတ် ၆ ရက်က စတင်ပြုလုပ်လျက်ရှိပြီး သြဂုတ် ၈ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ရိပ်သာတွင် ရှစ်လေးလုံးသမိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဓာတ်ပုံများ၊ အမှတ်တရပစ္စည်များ၊ အရေးအခင်းကာလက အသုံးပြုခဲ့သော လက်နှိပ်စက် အပါအဝင် လူ့အသုံးအဆောင်ပစ္စည်းများ၊ အရေးတော်ပုံတွင် ကျဆုံးခဲ့သော ပုဂ္ဂိုလ်များ၏ ဓာတ်ပုံများ စသည့်မှတ်တမ်းမှတ်ရာများဖြင့် ခင်းကျင်းပြသထားပြီး အရေးတော်ပုံ ကာလတွင် နိုင်ငံခြားသတင်းဌာနများက ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများကိုလည်း တီဗွီများဖြင့် အခမ်းအနားသို့ လာရောက်သူများ လေ့လာကြည့်ရှုနိုင်ရန် ပြသထားသည်။

အခမ်းအနား ပထမနေ့သို့ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နယ်အသီးသီးမှ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားများ၊ ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၊ ကျောင်းသူ၊ ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ စသည့်ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

“ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကြောင့် ဒီကနေ့ ရနေတဲ့ ဒီမိုကရေစီ အခွင့်အရေးပေါ့။ ပြီးပြည့်စုံတယ်လို့တော့ ပြောလို့မရဘူး။ သို့သော် ဒီကနေ့ရနေတဲ့ ဒီမိုကရေစီ အခွင့်အရေးပေါ့။ ဒီမိုကရေစီ အခွင့်အရေးတွေဟာ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးကြောင့် ရတာ”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်ထားသော ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောကြားသည်။

သို့သော် လက်ရှိအချိန်တွင် ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့သော တောင်းဆိုချက်များမှာ အပြည့်အ၀ မရရှိသေးကြောင်း ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက ပြောကြားသည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူ၊ ကျဆုံးခဲ့သူများကို မှတ်တမ်းတင် ဖော်ပြထားစဉ် (ဓာတ်ပုံ- ကြည်နိုင်)

“ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ ပါတီစုံ ရွေးကောက်ပွဲတွေ၊ ပါတီစုံ လွှတ်တော်တွေ၊ အစိုးရတွေ၊ ကျွန်တော်တို့ အဲဒီအခြေအနေကိုတော့ ရရှိခဲ့ပြီး ဖြစ်ပါတယ်။သို့သော်လည်းပဲ လက်ရှိနိုင်ငံရေး အခြေအနေဟာ ရှစ်လေးလုံးကာလက တောင်းဆိုခဲ့တဲ့ အခြေအနေကိုတော့ ပြည့်ပြည့်၀၀ မရရှိသေးပါဘူး။ တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ကျွန်တော်တို့ အလှမ်းဝေးနေဆဲကာလပဲ ဖြစ်ပါတယ်”ဟု ဦးမြအေးက ပြောကြားသည်။

ထို့ပြင် ရှစ်လေးလုံး အရေးတော်ပုံသမိုင်း ဖြစ်ရပ်မှန် ပေါ်ပေါက်ရန်အတွက် အစိုးရက ဦးဆောင်ပြုစုသင့်ကြောင်း ဦးရဲနိုင်အောင်က တိုက်တွန်းသည်။

“ရှစ်လေးလုံး လူထုအရေးတော်ပုံသမိုင်း ပြုစုဖို့နဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကဏ္ဍအသီးသီး၊ မြို့နယ်အသီးသီးမှာ ကျရာတာဝန် ထမ်းဆောင်ခဲ့တဲ့ လူတွေရဲ့ အတ္ထုပ္ပတ္တိ နိုင်ငံခြားမှာတော့ သူတို့က အတ္ထုပ္ပတ္တိ အဘိဓာန်လိုဟာမျိုး ရှိတယ်။ အဲလို အတ္ထုပ္ပတ္တိ အဘိဓာန်လိုဟာမျိုး ရှစ်လေးလုံး သမိုင်းဖြစ်ရပ်မှန်မျိုးကို အမြန်ဆုံး အစိုးရက ဦးဆောင်ပြီးတော့ ပြုစုဖို့ လိုအပ်နေပြီလို့ ကျွန်တော်က အဲဒါတော့ တိုက်တွန်းချင်တယ်”ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

လက်ရှိတွင် ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဖွင့်လှစ်ထားပြီး တနင်္လာနေ့မှအပ အခြားနေ့များတွင် သွားရောက် လေ့လာနိုင်သည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားတွင် ဒီမိုကရေစီအရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသား တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင် ဟူသော ခေါင်းစဉ် သုံးခုဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နေပြီး အဆိုပါ ဆွေးနွေးပွဲများမှ ထွက်ရှိလာသော ရလဒ်များကို ပေါင်းချုပ်ကာ သြဂုတ် ၈ ရက်တွင် နိုင်ငံတော်နှင့် ပြည်သူလူထုထံသို့ အကြံပြုစာတမ်းအဖြစ် တင်သွင်းသွားရန် စီစဉ်ထားကြောင်းလည်း ဦးမြအေးက ရှင်းလင်းပြောကြားသည်။

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံသည် ယခုနှစ်တွင် နှစ် ၃၀ ပြည့်ပြီ ဖြစ်သည်။

Most Read

Most Recent