လူမှုကွန်ရက်တွင် ယခင်အစိုးရအမည်ဖြင့် မာစီဒီးကားများ ဝယ်ယူထားသည်ဟုဆိုကာ သတင်းများထွက်ပေါ်မှုအပေါ် ယခင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်လည်ရှင်းလင်း

လူမှုကွန်ရက်တွင် ယခင်အစိုးရအမည်ဖြင့် မာစီဒီးကားများ ဝယ်ယူထားသည်ဟုဆိုကာ သတင်းများထွက်ပေါ်မှုအပေါ် ယခင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်လည်ရှင်းလင်း
Published 6 August 2018

လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သော သတင်းများနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ဦးရဲထွဋ်၏ လူမှုကွန်ရက်စာမျက်နှာတွင် အသုံးပြုထားသည့်ကားပုံကိုတွေ့ရစဉ်

သြဂုတ် ၄ရက်က လူမှုကွန်ရက်စာမျက်နှာများတွင် ယခင်အစိုးရလက်ထက်က ဝယ်ယူထားပြီး အသုံးပြုခြင်းမရှိသော မာစီဒီးကားများ အပါအဝင် ဇိမ်ခံကားပေါင်းများစွာကို ဂိုဒေါင်အတွင်း သိမ်းဆည်းထားသည်ဆိုသော ရေးသားချက်များနှင့်ယာဉ်များ၏ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်ခြင်းများနှင့်ပတ်သက်၍  ပြန်ကြားရေးဝန်ကြီးဟောင်း     ဦးရဲထွဋ်၏ရှင်းလင်းရေးသားချက်တွင် “မာစီဒီးကားတွေ သံချေးတက်နေလို့၊ ဆီထုတ်စားနေလို့ဝန်ကြီးတွေ ကိုထုတ်ပေးရပါတယ် ဆိုတဲ့စကားတွေ ကြားရတယ်။ နောက် အဲဒီစကားမှားမှန်းသိတော့ ဂိုဒေါင်ထဲမှာ ဒီအတိုင်း ရှိနေတဲ့ ကားတွေကိုစစ်ဆေးတွေ့ရှိဆိုပြီး ပုံတွေနဲ့ တက်လာတယ်။ စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးမှတွေ့တယ်တဲ့။ အဲဒီသတင်းကို ဖြန့်နေတဲ့သူတွေ ရေးသားပုံအရဆိုရင် အရင် အစိုးရက လွှဲမပေးဘဲဖွက်ထားခဲ့တဲ့ ဆော်လမွန် ဘုရင်ကြီးရဲ့ သိုက်ကို ရှာတွေ့တဲ့ အတိုင်းပဲ။ ပထမဆုံးသိထားသင့်တဲ့အချက်က အစိုးရပိုင်ကားမှန်သမျှ ဗဟိုစက်ပစ္စည်းစာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာနက စာရင်းထိန်းတယ်၊ ပစ္စည်းထိန်းတယ်။ ECC လို့ အလွယ် ခေါ်နေတဲ့ အဲဒီဌာနက အရင်က အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အောက်မှာရှိတယ်။ အခုအစိုးရ လက်ထက်မှာတော့ ဝန်ကြီးဌာနနှစ်ခုပေါင်းလိုက်တဲ့အတွက် စီမံဘဏ္ဍာဝန်ကြီးဌာန အောက်မှာရှိတယ်။ ပြန်ချုပ်ပြောရရင် အစိုးရပိုင်ကားမှန်သမျှ ငယ်စာရင်း ၊ မွေးစာရင်း ECC မှာရှိတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေး တာကိုခံရတယ်။ အရင်ကတော့ တစ်လတစ်ခါ အစိုးရအဖွဲ့အစည်းအဝေးမှာ ECC မှာရှိတဲ့ကားတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြရတယ်။ အစိုးရအဖွဲ့အစည်းအဝေးက မှတ်တမ်းတင်တယ်။ လူမသိ သူမသိဝယ်ထား၊ သစ်ပင်ကြား ထိုးထားလို့ရတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီလိုထင်နေရင်လည်း အတော်ပိန်းတယ် လို့ပဲပြောရမှာပဲ” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ထို့ပြင် လက်ရှိ မာစီဒီးများ အပါအဝင် ဧည့်ကားအများစုသည်၂၀၁၄ အာဆီယံ ထိပ်သီးအစည်းအဝေးများနဲ့ ဆက်စပ်အစည်း အဝေးများတွင် အသုံးပြုရန်ဝယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က လွှတ်တော်မှ အရေအတွက် လျှော့ချခဲ့မှုများလည်းရှိကြောင်း၊ အာဆီယံအစည်းအဝေးတွေပြီးစီးနောက်ပိုင်းတွင် အဆိုပါကားများကို သမ္မတနှင့် ဝန်ကြီးများ စီးမည်လားဟုမေးသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးမှ မစီးပါဘူးဟူ၍ ရှင်းပြခဲ့မှုလည်း ရှိကြောင်းနှင့် ကားများကို ECC မှ ပုံမှန် စစ်ဆေးပြီး အချိန်မရွေးသုံးနိုင်အောင် အသင့်လုပ်ထားရကြောင်း၊ ခရီးစဉ်ရှိပါက  သီးခြား ထုတ်ပြီးစမ်းခြင်း၊ သွားရမည့် လမ်းကြောင်းအတိုင်း ယာဉ်မောင်းများ အကျွမ်းတဝင်ဖြစ်ရန် မောင်းကြည့်ခြင်း၊ ယာဉ်ထိန်း ဆိုင်ကယ်များဖြင့် အတူလိုက်၍ စမ်းသပ်ရခြင်း၊ ခရီးစဉ်အတွက်တွဲထားသည့် ယာဉ်များ တစ်ခုခုချို့ယွင်းပါက လဲလှယ်နိုင်ရန်အရန်သင့်ပြင်ထားရကြောင်း ဦးရဲထွဋ်က ဓာတ်ပုံနှင့်တကွ ရှင်းလင်းရေးသားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော သတင်းများနှင့်ပတ်သက်၍ရှင်းလင်းရာတွင် ဦးရဲထွဋ်၏ လူမှုကွန်ရက်စာမျက်နှာတွင် အသုံးပြုထားသည့် ကားပုံကိုတွေ့ရစဉ်

“အစိုးရတာဝန်လွှဲတော့လည်း ဒကားတွေဟာဝန်ကြီးဌာနလွဲှပြောင်းလက်ခံမှာ ပါပြီးသားပါ။ ဒီကားတွေ ရှိတယ်။ သုံးလို့ရတယ်ဆိုတာ အစိုးရသစ် မသိစရာလည်း အကြောင်းမရှိပါဘူး။ သူတို့လက်ထက် နိုင်ငံတကာအစည်းအဝေးတွေမှာလည်း သုံးခဲ့ဲပြီး သားပါ။ ကားတွေကို ထားတဲ့ဂိုဒေါင်တွေကလည်း ဖွက်ထားတာမဟုတ်ပါဘူး။ နေပြည်တော်မှာ လမ်းမကြီးပေါ်က လှမ်းကြည့်ရင်တောင် ခေါင်မိုးတွေမြင်နေရပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ဝယ်ထားတဲ့ ကားတွေဖြစ်လို့မိုးရေထဲမှာ သံချေးတက်အောင်ထားလို့လည်းမရပါဘူး။ ဒီကားတွေ ဂိုဒေါင်ထဲမှာ ထားမယ့်အစား အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေက အကြီးအကဲတွေ စီးသင့်တယ်ထင်ရင်လည်း ရဲရဲဆုံးဖြတ်ပြီးစီးပေါ့။ အရင်ကမလွဲခဲ့လို့ အခုမှ သိသလိုလို၊ ဝန်ထမ်းတွေက မထိန်းသိမ်းဘဲ ပစ်ထားသလိုလို၊ ပျက်စီးကုန်မှာစိုးရိမ်လို့ စီးပေးရသလိုလို တစ်ဆင့်ခံလော်ဘီတွေနဲ့ အင်တာနက်ပေါ်မှာ သတင်းဖြန့်တာလုပ်မနေပါနဲ့။ သက်ဆိုင်ရာဌာနက ရှင်းလင်းတင်ပြတဲ့ တင်ပြချက်စာတမ်းတွေ၊ ပါဝါပွိုင့်တွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးလိုက်။ ပြီးရင် စီးသင့်တယ်ထင်လို့ စီးတယ်လို့ ပြောလိုက်။ ပြည်သူ က သူတို့ဘာသာဆုံးဖြတ်လိမ့် မယ်။ တစ်ခုပဲ ဒီကားတွေကိုထုတ်စီးပြီး ဧည့်သည်တွေ အတွက်လိုအပ်လို့ ဝယ်ပါတယ်ဆိုပြီး ကားအသစ်တွေတော့ ထပ်မဝယ်နဲ့ပေါ့” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ယခင်အစိုးရလက်ထက်တွင် ကားပေါင်းမြောက်မြားစွာ ဂိုဒေါင်ထဲ ကျန်ရှိနေခြင်းကို NLD အစိုးရလက်ထက်တွင် ပြန်လည် စိစစ်၍ လက်ရှိ ဝန်ကြီးများနှင့် ဝန်ကြီးချုပ်များအား အသုံးပြုစေခြင်းဖြစ်ကြောင်းနှင့် ဝယ်ယူစီးစေ ခြင်းမဟုတ်ကြောင်း ပဲခူးမြို့ မြို့တော်ခန်းမ ၌ ဇူလိုင် ၂၈ရက် က ပြုလုပ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲ တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

 

Most Read

Most Recent