ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံးကိရိယာ ကျန်ခဲ့မှုကို ၂၆ နှစ်ကြာမှ သိရှိပြီး ပြန်လည်ခွဲထုတ်ခဲ့ရသည့် အသက် ၅၀ အရွယ် လူနာအမျိုးသား ဟင်္သာတဆေးရုံကြီး၌ ဆေးကုသနေ

ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံးကိရိယာ ကျန်ခဲ့မှုကို ၂၆ နှစ်ကြာမှ သိရှိပြီး ပြန်လည်ခွဲထုတ်ခဲ့ရသည့် အသက် ၅၀ အရွယ် လူနာအမျိုးသား ဟင်္သာတဆေးရုံကြီး၌ ဆေးကုသနေ
Published 19 June 2018

ဓာတ်ပုံ - အောင်ကျော်မျိုး

ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာ ကျန်ခဲ့မှုအား ၂၆ နှစ်ကြာမှ သိရှိကာ ခွဲထုတ်ခဲ့ရသည့် လူနာအမျိုးသားမှာ ဟင်္သာတဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ လူနာ၏ ဝေဒနာမှာ ဆိုးဝါးလာသဖြင့် စစ်ဆေးကြည့်ရာမှ ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာ ရှိနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လူနာရှင် မိသားစုထံမှ သိရသည်။

“လွန်ခဲ့တဲ့ ၁၉၉၂ တုန်းက အူပုပ်လို့ဆိုပြီး ဟင်္သာတဆေးရုံမှာ ခွဲခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ခွဲစိတ်မှု မရှိဘူး။ ဒီကြားထဲ တရှောင်ရှောင်အောင့်တယ်။ အောင့်လိုက် ပျောက်လိုက်၊ ဆေးထိုးလိုက် ပျောက်လိုက်ပေါ့။ ဒီကတ်ကြေးကျန်ခဲ့လို့ အောင့်တယ်လို့တော့ မထင်ဘူးပေါ့။ တခြားခွဲစိတ်ထားတဲ့ ဒဏ်တွေကြောင့်ပဲ အောင့်တယ်ဆိုပြီး ထင်ခဲ့တာ။ အခုကျတော့ မနေနိုင် မထိုင်နိုင်အောင် အောင့်တယ်။ အောင့်တော့ အရည်တောင် မဝင်တော့ဘူး။ အဲဒီ့အဆင့် ရောက်သွားတာ။ သေဖို့ပဲ ရှိတော့တာပေါ့။ ဆရာဝန်ကိုပြတော့ အခြေအနေက အောင့်တာလည်း ကြာနေပြီ။ Ultrasound ရိုက်ပါဆိုလို့ Ultrasound ရိုက်တော့ ဆရာမကြီးက ဒီအထဲမှာ တစ်ခုခု ရှိနေတယ်ထင်တယ်။ X-ray ဓာတ်မှန်လေး ရိုက်ကြည့်ပါဆိုလို့ ရိုက်ကြည့်ရင်းနဲ့ ကတ်ကြေးတွေ့တာပေါ့။ တွေ့တော့ တက်ခွဲရတာပေါ့” ဟုလူနာ၏ သားဖြစ်သူက ဖြေကြားသည်။

အဆိုပါလူနာ၏ ဝမ်းဗိုက်ထဲ၌ တွေ့ရှိရသည့် ကိရိယာမှာ ခွဲစိတ်ခန်းသုံး သွေးကြောဖမ်း ကိရိယာဖြစ်ပြီး ယခင်ခွဲစိတ်မှုအပြီး ၂၆ နှစ်အကြာ၌ မြင့်မြတ်အထူးကုဆေးရုံတွင် ခွဲထုတ်ခဲ့ရခြင်းဖြစ်ကာ ဟင်္သာတ ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်မျိုး

ယင်းကိစ္စနှင့် ပတ်သက်၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်သောင်းအား မေးမြန်းခဲ့ရာ “ခွဲစိတ်ခန်းထဲမှာသုံးတဲ့ ၆ လက်မလောက်ရှိတဲ့ သွေးကြောဖမ်းတဲ့ ကိရိယာပေါ့။ ဝမ်းခေါင်းထဲမှာ မဟုတ်ဘဲ အူမကြီးထဲမှာ ကိရိယာလေးက ကျနေတယ်။ လိုက်စမ်းတဲ့အခါ အူမကြီးထဲ ရောက်နေတယ်။ အူမကြီးကို ဖောက်ထုတ်ရတာပေါ့။ မြင့်မြတ်မှာ ခွဲစိတ်ပြီး အဲ့ဒီဟာကို ထုတ်ပေးလိုက်တာပေါ့နော်။ ဆေးရုံကို ခွဲစိတ်ပြီး ခေါ်ထားတယ် ဆိုတာကလည်း ဆေးရုံဆိုရင် တတ်နိုင်သမျှ ထောက်ပံ့ပေးတာပေါ့လေ။ အပြင်ကနေ တတ်နိုင်သမျှ မဝယ်ရအောင် ထောက်ပံ့ပေးလို့ရအောင် စောင့်ရှောက်ပေးတယ်။ တခြားဘာအခက်အခဲရှိလဲ ဆိုတာသိဖို့ ဆေးလူမှုဆက်ဆံရေး အရာရှိနဲ့လည်း တွေ့ပေးပြီး ဘာအခက်အခဲတွေရှိလဲဆိုတာ တင်ပြခိုင်းထားတာလည်း ရှိပါတယ်” ဟု ဖြေကြားသည်။

လက်ရှိကုသနေမှု အခြေအနေနှင့် ပတ်သက်၍ “လောလောဆယ်ကတော့ သူ့ကို ယာယီဝမ်းသွားဖို့ ဖောက်ပေးထားတဲ့ဟာကို ပြန်ပိတ်ပြီးတော့ လုပ်ပြီးပါပြီ။ လုပ်ပြီးသွားတဲ့ အခါကျတော့ ဝမ်းသွားတဲ့နေရာ ကျွန်တော်တို့ ပိတ်ထားတဲ့ ချုပ်ကြိုးလေး အနာကျက်ဖို့ စောင့်နေတာပေါ့။ အနာကျက်လို့ရှိရင် သူ့ကိုတဖြည်းဖြည်း အစားအသောက်ကို အရည်ကနေ ဆန်ပြုတ်၊ ဆန်ပြုတ်ကနေ ထမင်းပြန်စားဝင်ဖို့ လုပ်ရမှာပေါ့။ အခုလက်ရှိကတော့ ပြန်ပိတ်ထားတဲ့ အနာလေး ကျက်ဖို့ရယ်၊ သူ့ရဲ့အာဟာရပြည့်ဖို့ရယ် အဲဒါလေးတွေ လုပ်ပေးတာပေါ့” ဟု ဒေါက်တာမြင့်သောင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ လူနာသည် ဟင်္သာတမြို့နယ်၊ ရွာသစ်တောင်ကျေးရွာတွင် နေထိုင်သူ အသက် ၅၀ နှစ်အရွယ်ရှိ ဦးဝင်းခိုင်ဆိုသူဖြစ်ပြီး လက်ရှိတွင် ဟင်္သာတ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်မျိုး

“လူနာက ကျွန်တော့်ဆီလာတာတော့ ကြာပြီ။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက် ကတည်းကပေါ့။ ဗိုက်အောင့်တယ် အောင့်တယ် ဆိုပြီးလာနေတာ။ ပထမပိုင်းတော့ နည်းနည်းကွာတယ်။ နောက်ပိုင်းကျတော့ တဖြည်းဖြည်း စိပ်စိပ်လာတယ်။ ဆေးကဘယ်လိုမှ ပေးလို့မရတော့ဘူး။ ဘာလိုဆေး ပြောင်းပေးပေး မပျောက်တော့ ညမအိပ်ရ ဖြစ်လာတယ်။ ဒါနဲ့ Ultrasound ရိုက်ခိုင်းလိုက်တဲ့ အခါမှာ ဆရာမက ဘာပြောလဲဆိုတော့ ဗိုက်ထဲမှာ မသင်္ကာတာတစ်ခုခု တွေ့နေတယ်။ X-ray ရိုက်ရင် ကောင်းမယ်ဆိုလို့ ရိုက်ခိုင်းလိုက်တော့ ဗိုက်ထဲမှာ Forcep သွားတွေ့တယ်။ အဲဒါနဲ့ Surgeon ကိုလွှဲပေးလိုက်တယ်။ နောက်ပိုင်း ဆေးရုံမှာကုပေးတာပေါ့။ ဆရာကြီးရော အားလုံးက သေချာလုပ်ပေးပါတယ်။ လူနာကတော့ သိပ်ပြီးအကောင်းကြီး မဟုတ်သေးဘူးပေါ့။ ရှေ့ဆက်တော့ ကုရမှာပေါ့။ သူလည်းကုရတာ နှစ်တွေကြာလာတဲ့အခါ ရှိတာရောင်းကုရတော့ တော်တော်လည်း ကုန်နေပါပြီ။ ရှေ့ဆက်ကုဖို့ အခက်အခဲ ဖြစ်တာပေါ့။ ကူညီထောက်ပံ့မှုတွေက အများကြီး လိုနေတယ်” ဟု ဒေါက်တာတင်သိန်းက ပြောကြားသည်။

ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာ ကျန်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယခင်ခွဲစိတ်မှု ပြုလုပ်ခဲ့စဉ်က တာဝန်ရှိသူများကို မိမိတို့အနေဖြင့် တုံ့ပြန်ဆောင်ရွက်လိုခြင်း မရှိသော်လည်း လူနာမှာ နှစ်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရသည့်အပေါ် များစွာစိတ်မကောင်း ဖြစ်မိကြောင်း လူနာရှင်များက ဆိုသည်။

 

 

 

 

 

 

Most Read

Most Recent