အာမခံပေးရမည့်ပြစ်မှုအဖြစ် ပြောင်းလဲစေရန် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ၏ပြစ်ဒဏ်ကို သုံးနှစ်အထိထောင်ဒဏ်အစား သုံးနှစ်အောက်ထောင်ဒဏ်ဟု ပြင်ဆင်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်း

အာမခံပေးရမည့်ပြစ်မှုအဖြစ် ပြောင်းလဲစေရန် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ၏ပြစ်ဒဏ်ကို သုံးနှစ်အထိထောင်ဒဏ်အစား သုံးနှစ်အောက်ထောင်ဒဏ်ဟု ပြင်ဆင်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတင်သွင်း
Published 10 August 2017

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို တင်သွင်းနေမှုအား တွေ့ရစဉ်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ၏ ပြစ်ဒဏ်ကို သုံးနှစ်အောက်ထောင်ဒဏ်ဟု ပြင်ဆင်လိုက်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ဇယား (၂) ၏ အပိုဒ် (၃) အရ အာမခံပေးရမည့် ပြစ်မှုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည့် အတွက် ပုဒ်မ ၆၆ ၏ ပြစ်ဒဏ်ကို သုံးနှစ်အထိ ထောင်ဒဏ်အစား သုံးနှစ်အောက်ထောင် ဒဏ်ဟုပြင်ဆင်ကာ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

နေပြည်တော်တွင် သြဂုတ် ၁၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ပြီး အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က လွှတ်တော်သို့  ဖတ်ကြားတင်သွင်းခဲ့သည်။

အဆိုပါဥပဒေကြမ်းအား ဆက်သွယ်ရေးကွန်ရက်ကို အလွဲသုံးစားပြုနေသူများအား စစ်ဆေးအရေးယူရာတွင် စွပ်စွဲခံရသူအနေဖြင့် ဖြေရှင်းထုချေရာ၌ အခွင့်အရေး အပြည့်အဝရရှိစေရန်၊ အသရေဖျက်မှုတွင် နစ်နာသူကိုယ်တိုင်နှင့် ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူမဟုတ်ဘဲ တိုင်တန်းတရားစွဲနေခြင်းကို တားဆီးနိုင်ရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများအတွက် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို တောင်းခံရန်မလိုအပ်တော့သဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိတော့ဘဲ အရေးယူဆောင်ရွက်နိုင်ရန်၊  ရာဇသတ်ကြီးဥပဒေတွင် ပါဝင်ပြီးဖြစ်သော အဓိပ္ပာယ်တိတိကျကျ သတ်မှတ်မဖော်ပြနိုင်သော ပြဋ္ဌာန်းချက်အချို့ကို ပယ်ဖျက်ခြင်းဖြင့်  တရားဥပဒေတစ်ရပ်၏ အင်္ဂါရပ်များနှင့် ညီညွတ်စေရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်း၊ အသုံးပြုခြင်းတို့နှင့်သာ သက်ဆိုင်သည့်  ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ပြစ်မှုများကို ဆက်သွယ်ရေးဥပဒေဘောင်အတွင်းမှ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ရေးဆွဲထားသည်ကို လေ့လာတွေ့ရှိကြောင်း ကော်မတီအစီရင်ခံစာတွင် ပါရှိသည်။

အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်တွင် ‘မူလဥပဒေ ပုဒ်မ ၆၆ ခြေဆင်းဖြစ်သည့် မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်’ ဆိုသည်ကို ပြင်ဆင်ထားခြင်းမရှိဘဲ ပုဒ်မခွဲ (ဃ) ကိုသာ အစားထိုးပြင်ဆင်ထားကြောင်း၊ အစားထိုးပြင်ဆင်ထားသည့် ပုဒ်မခွဲ (ဃ) ပြင်ဆင်ချက်သည် ‘(ဃ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း’ ဟု အဓိပ္ပာယ် တိတိကျကျမဖော်ပြနိုင်သော ပြဋ္ဌာန်းချက်အချို့ကို ပယ်ဖျက်ခြင်းဖြစ်သဖြင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လက်ခံကြောင်း၊ သို့သော် ‘နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း’ ဟု ရေးသားခြင်းမှာ အငြင်းပွားဖွယ် အရေးအသားဖြစ်သည့်အတွက် ဥပဒေကြမ်းကော်မတီအနေဖြင့် ‘(ဃ) ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း’ ဟု ဥပဒေကြမ်းကော်မတီက လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းသည်။

ထို့ပြင် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်တွင် မူလဥပဒေပုဒ်မ ၈၀ ကို အောက်ပါအတိုင်း အစားထိုးရမည်ဟု ပြင်ဆင်ထားကြောင်း၊ ပြင်ဆင်ချက်ကို လေ့လာကြည့်ပါက မူလပုဒ်မ ၈၀ ပါ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ)တို့ကို မူလပြဋ္ဌာန်းချက်အတိုင်းထားရှိ၍ ပုဒ်မ ခွဲ (ဂ) နှင့် ပုဒ်မခွဲ (ဃ) တို့ကို ဖြည့်စွက်ခြင်းဖြင့် ပြင်ဆင်ထားကြောင်း၊ အမျိုးသားလွှတ်တော်သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆  ပုဒ်မခွဲ (ဃ) ဖြင့် အရေးယူခံရလျှင် အာမခံရရှိရန် ပုဒ်မ ၈၀ ပုဒ်မခွဲ (ဂ) အဖြစ် ပုဒ်မ ၆၆ ပုဒ်မ ခွဲ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည် ဟုလည်းကောင်း၊ အသရေဖျက်ခံရသူ သို့မဟုတ် ၎င်းက ကိုယ်စားလှယ်လွှဲခံရသူက တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုနိုင်စေရန် ပုဒ်မခွဲ (ဃ) ကိုလည်းကောင်း ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဥပဒေကြမ်းကော် မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆိုသည်။

ဆက်သွယ်ရေးဥပဒေတွင် ပါဝင်သော ပြစ်မှုများနှင့်ပတ်သက်၍ အာမခံပေးခွင့်ရသည်၊ အာမခံပေးခွင့်မရသည်ကို ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ ထိုသို့ ပြဋ္ဌာန်းထားခြင်းမရှိပါက သိရှိလိုသော ပြစ်မှု၏ပြစ်ဒဏ်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေဇယား (၂) နှင့် တိုက်ဆိုင်စစ်ဆေးပြီး အာမခံပေးခွင့်ရ၊ မရကို စိစစ်ရမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဇယား (၂) တွင် ပြစ်ဒဏ်လေးမျိုးရှိပြီး ၎င်းပြစ်ဒဏ်များနှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ခြေဆင်းပါ ပြစ်ဒဏ်ကို တိုက်ဆိုင်စစ်ဆေးပါက ထိုပြစ်မှုသည် အာမခံပေးခွင့်ရ၊ မရ ထင်ရှားပေါ်လွင်မည်ဖြစ်ကြောင်း၊ ပုဒ်မ ၆၆ ၏ ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် ဇယား (၂) ဒုတိယအပိုဒ်ရှိ သုံးနှစ်နှင့်အထက်သို့သော်လည်း ခုနစ်နှစ်အောက်ပြစ်ဒဏ်နှင့် ကိုက်ညီသဖြင့် ထိုဇယား၏ ကော်လံ (၅) အရ အာမခံမပေးနိုင်သော ပြစ်မှုဖြစ်ကြောင်း ဦးထွန်းထွန်းဟိန်က ရှင်းပြသည်။

‘အထက်တွင် တင်ပြသကဲ့သို့ ပြစ်ဒဏ်ကို ဇယား (၂) ဖြင့် တိုက်ဆိုင်စိစစ်၍ အာမခံပေးနိုင်သော ပြစ်မှုအဖြစ်သို့ ပြောင်းလဲစေရန် ဆောင်ရွက်ပါက ပိုမိုလွယ်ကူပြီး ဆက်စပ်ဥပဒေများ တစ်နည်းအားဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့် ညီညွတ်စေနိုင်ပါသည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ၏ ပြစ်ဒဏ်ကို သုံးနှစ်အထိ ထောင်ဒဏ်ဟု သတ်မှတ်မည့် အစားသုံးနှစ်အောက်ထောင်ဒဏ်ဟု ပြင်ဆင်လိုက်ပါက ပုဒ်မ ၆၆ ပါ ပြစ်မှုများသည် ဇယား (၂ )၏ အပိုဒ် (၃) ထောင်ဒဏ်တစ်နှစ်နှင့်အထက် သို့သော်လည်း သုံးနှစ်အောက် ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတွင် အကျုံးဝင်သွားပြီး ယင်း၏ ကော်လံ (၅) အရ အာမခံ  ပေးရမည့် ပြစ်မှုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်’ ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ဥပဒေကြမ်းကော်မတီက ပုဒ်မ  ၆၆ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟု ပြင်ဆင်လိုက်ပါက ထိုသို့ ပြင်ဆင်ခြင်းသည် ဆက်စပ်ဥပဒေ သို့မဟုတ် တည်ဆဲဥပဒေဖြစ်သည့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေဇယား (၂) နှင့် ဆန့်ကျင်ကွဲလွဲသွားမည် ဖြစ်ကြောင်း၊ ပုဒ်မ ၆၆ ခြေဆင်းတွင်ပါရှိသော မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်အောက်ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်ဟု ပြင်ဆင်သင့်ကြောင်း၊ ထိုသို့ ပြင်ဆင်သည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် ပုဒ်မ ၈၀ ပုဒ်မခွဲ (ဂ) တွင် ‘ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်’ ဟူသောအချက်သည် မလိုတော့သည့်အတွက် ပယ်ဖျက်ရမည်ဖြစ်ကြောင်း တင်ပြထားသည်။

ထို့နောက် အသရေဖျက်မှုနှင့်ပတ်သက်၍ အသရေဖျက်မှု၏အဓိပ္ပာယ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၉တွင် ဖွင့်ဆိုထားကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အသရေအား ထိခိုက်စေတိုင်းလည်း ပြစ်မှုမမြောက်ကြောင်း၊ အသရေဖျက်မှုမမြောက်သော ကင်းလွတ်ချက် ၁၀ ချက်ရှိကြောင်း၊ အများပြည်သူ၏ အကျိုးအတွက် ပြုလုပ်ရန် သို့တည်းမဟုတ် ကြေညာရန်လိုအပ်သည့် မှန်ကန်သောအရာကို စွပ်စွဲခြင်း၊ ပြည်သူ့ဝန်ထမ်း၏ တာဝန်ဝတ္တရားဆိုင်ရာ အပြုအမူနှင့်စပ်လျဉ်း၍လည်းကောင်း၊ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍လည်းကောင်း၊ သဘောရိုးဖြင့် မိမိ၏ထင်မြင်ချက်ကို ဖော်ပြခြင်း၊ အများပြည်သူဆိုင်ရာကိစ္စတွင် တစ်ဦးတစ်ယောက်၏အပြုအမူနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာရိတ္တနှင့်စပ်လျဉ်း၍လည်းကောင်း၊ သဘောရိုးဖြင့် မိမိ၏ထင်မြင်ချက်ကို ဖော်ပြခြင်း စသည်တို့သည် အသရေဖျက်မှု မမြောက်ကြောင်း ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

“အသရေဖျက်မှုသည် ရာဇသတ်ကြီး ဥပဒေအခန်း (၂၁) တွင် ပါဝင်သော ပြစ်မှုဖြစ်ပါသည်။ အသရေဖျက်မှုနှင့်ပတ်သက်၍ တရားရုံးများက ဆောင်ရွက်သည့်အခါ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ အခန်း (၁၅) ပုဒ်မ ၁၉၈ တွင် ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း (၁၉) သို့မဟုတ် အခန်း (၂၁) သို့မဟုတ် ယင်းဥပဒေ၏ ပုဒ်မ ၄၉၃ မှ ၄၉၆ (ယင်းပုဒ်မ နှစ်ခုစလုံးအပါအဝင်) တို့တွင် အကျုံးဝင်သည့် ပြစ်မှုတစ်ရပ်ကို အဆိုပါပြစ်မှုအရ နစ်နာခြင်းခံရသူက တိုင်တန်းချက်မဟုတ်လျှင် မည်သည့်တရားရုံးက မျှအရေးမယူရ။ သို့ရာတွင် ထိုသို့နစ်နာခြင်း ခံရသူမှာ အမျိုးသမီးတစ်ဦးဖြစ်၍ ၎င်း၏ တိုင်းပြည်၊ ဓလေ့၊ ထုံးတမ်းနှင့် အပြုအမူ၊ အလေ့အထတို့အရ လူအများရှေ့သို့ ရောက်ရှိရန် အတင်းအကျပ်မပြုသင့်သူဖြစ်ခြင်း၊ သို့မဟုတ် အသက် (၁၈) နှစ်အောက်ဖြစ်ခြင်း၊ သို့မဟုတ် ဝမ်းတွင်းရူး၊ သို့မဟုတ် ရူးသွပ်သူ တစ်ယောက်ဖြစ်ခြင်း၊ သို့မဟုတ် ဖျားနာခြင်းကြောင့်ဖြစ်စေ၊ မစွမ်းမသန်ခြင်းကြောင့်ဖြစ်စေ တိုင်တန်းချက်မပြုနိုင်သောအခါ အခြားသူတစ်ဦးက တရားရုံး၏ခွင့်ပြုချက်ဖြင့် ထိုသူ၏ သို့မဟုတ် ထိုသူ၏ကိုယ်စားတိုင်တန်းချက် ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသဖြင့် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွင် ဖြည့်စွက်ထားသော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ ပုဒ်မခွဲ (ဃ) သည် လိုအပ်မှုမရှိဘဲ ထည့်သွင်းထားခြင်းဖြစ်သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ပိုမိုသိရှိလိုက်နာရန် လိုအပ်သည်ဟုယူဆ၍ ထည့်သွင်းပါကလည်း တည်ဆဲအခြားဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိနိုင်ပါသောကြောင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအနေဖြင့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထည့်သွင်းရန် သဘောတူပါသည်’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် သြဂုတ် ၁၄ ရက် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ကြေညာထားသည်။