ဥရောပသမဂ္ဂနှင့် အမေရိကန်က မြန်မာတပ်မတော် ခေါင်းဆောင်များအား ပစ်မှတ်ထားလျက် ပိတ်ဆို့မှုများပြုလုပ်ရန် စဉ်းစားနေ

ဥရောပသမဂ္ဂနှင့် အမေရိကန်က မြန်မာတပ်မတော် ခေါင်းဆောင်များအား ပစ်မှတ်ထားလျက် ပိတ်ဆို့မှုများပြုလုပ်ရန် စဉ်းစားနေ
Published 10 October 2017

စက်တင်ဘာ ၆ ရက်က ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး Facebook)

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က ဘင်္ဂါလီမွတ်စလင် ၅၀၀,၀၀၀ ကျော် နိုင်ငံတွင်းမှ ထွက်ပြေးရစေသည့် စစ်ဆင်ရေးတစ်ရပ်နှင့် ပတ်သက်၍ မြန်မာတပ်မတော် ခေါင်းဆောင်များအား ပစ်မှတ်ထားလျက် ပိတ်ဆို့မှုများ ပြုလုပ်ရန် စဉ်းစားနေကြောင်း ဆွေးနွေးမှုများနှင့် နီးစပ်သော သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ရန်ကုန်နှင့် ဥရောပအခြေစိုက် သံတမန်များနှင့် အစိုးရအရာရှိ တစ်ဒါဇင်ကျော်အား တွေ့ဆုံမေးမြန်းမှုများအရ အကျပ်အတည်းကို တုံ့ပြန်ရန်အတွက် ဆွေးနွေးကြရာ၌ ရွေးချယ်စရာ နည်းလမ်းများအနက် တစ်ခုအဖြစ် ထိပ်တန်းဗိုလ်ချုပ်များကို သီးသန့်ပစ်မှတ်ထားရန် ရည်ရွယ်လျက် ပိတ်ဆို့မှုများပြုလုပ်ရန်လည်း ပါဝင်ခဲ့သည်ဟုဆိုသည်။

သို့သော် ယခုအထိ တစ်စုံတစ်ရာ ဆုံးဖြတ်ရခြင်းမရှိသေးဘဲ အမေရိကန်နှင့် ဥရောပတို့က ယခုအခါ ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်နိုင်သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဆွေးနွေးမှုများပြုလုပ်ရာတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွက် အထောက်အပံ့ပစ္စည်းများ တိုးမြှင့်ပေးရန်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ထိရောက်သော ဆွေးနွေးမှုများသည် လွန်ခဲ့သည့်တစ်လက စိတ်ကူးပင်မရှိခဲ့သောကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြရခြင်းက အနောက်တိုင်းမှ မူဝါဒချမှတ်သူများအပေါ် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ဖိအားပေးလျက်ရှိကြောင်း ပြသနေသည်ဟုဆိုသည်။

ပြည်ပမှ ဝေဖန်မှုအများအပြားသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်၌ အဓိကထားခဲ့ကြသော်လည်း အနောက်တိုင်း သံတမန်အနည်းငယ်က သူ၏ဦးဆောင်မှုနှင့် ပတ်သက်၍ အခြားတစ်ဖက်မှနေ၍ ရှုမြင်ခဲ့သည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို ထိန်းချုပ်ထားသူမဟုတ်ကြောင်းနှင့် တပ်မတော်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် တပ်မတော်သည် အတော်အတန် ကြီးမားသောအာဏာကို ကိုင်စွဲထားဆဲဖြစ်ကြောင်း ရှုမြင်ခြင်းဖြစ်သည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မောင်တောခရိုင်အား စစ်ဆင်ရေးနယ်မြေအဖြစ် အစိုးရက သတ်မှတ်ခဲ့ခြင်းမှာ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် အချိန်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

တပ်မတော်က ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေရာယူခြင်းမှာ စစ်အုပ်ချုပ်ရေးမဟုတ်ဘဲ၊ အကြမ်းဖက်များကို နှိမ်နင်းရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်မည်ဆိုပါက သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ အကြောင်းကြားခြင်း၊ ခွင့်ပြုချက်တောင်းခံခြင်းများ ဆောင်ရွက်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများကောင်စီသည် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်တွင် ဆွေးနွေးမည်ဖြစ်ပြီး ယခုလောလောလတ်လတ်အချိန်၌ ပိတ်ဆို့မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆောင်ရွက်လိမ့်မည်ဟု မမျှော်လင့်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ဒိန်းမတ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး အာလာတော်နေးက ဒိန်းမတ်အစိုးရသည် မြန်မာအရေးကိစ္စကို အာဂျင်ဒါတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့ပြီး မြန်မာတပ်မတော်အပေါ် နောက်ထပ်ဖိအားများပေးရန် ဆန္ဒရှိကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဝါရှင်တန်အခြေစိုက် အမေရိကန်အာဏာပိုင်နှစ်ဦးက မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားဗိုလ်ချုပ်များစွာတို့အပြင် ဘင်္ဂါလီမွတ်စလင်ရွာများကို မီးရှို့ခဲ့သည်ဟု စွပ်စွဲခံရသော ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား ပြည်သူ့စစ်ခေါင်းဆောင်များကိုလည်း ပစ်မှတ်ထားလျက် ပိတ်ဆို့မှုများပြုလုပ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ပိတ်ဆို့မှုများ၌ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ရပ်ဆိုင်းထားခြင်း၊ အမေရိကန်သို့ ခရီးသွားလာမှုကို ရပ်ဆိုင်းထားခြင်း၊ အမေရိကန်နိုင်ငံသားများ ၎င်းတို့နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းကို တားမြစ်ခြင်းတို့အပြင် အတိအကျ သတ်မှတ်မထားသည့် အခြားပြစ်ဒဏ်များလည်း ပါဝင်နိုင်သည်။ အမေရိကန်သည် ယင်းကိစ္စကို သတိကြီးစွာဆောင်ရွက်နေပြီး ဥရောပ၊ ဂျပန်နှင့် အရှေ့တောင်အာရှတို့မှ အစိုးရများနှင့် တိုင်ပင်ခဲ့သည်ဟုဆိုသည်။

Most Read

Most Recent