မင်းသားအများအပြား ပါဝင်မည့် ‘နိုင်ငံကြီးသား’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနား ပြုလုပ်

မင်းသားအများအပြား ပါဝင်မည့် ‘နိုင်ငံကြီးသား’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနား ပြုလုပ်
Published 27 June 2018

မင်းသားအများအပြား ပါဝင်မည့် “နိုင်ငံကြီးသား” ဟု ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးသည့် အခမ်းအနားကို ဇွန် ၂၅ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အောင်မြေနေရာ၌ ပြုလုပ်ခဲ့သည်။

“နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားက အက်ရှင်ဇာတ်ကားဖြစ်သလို ကျွန်တော်တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ရဲအရာရှိတစ်ဦးအဖြစ် ပါဝင်ရမှာပါ။ အဲဒီအတွက် အသေးစိတ်ကစပြီး အမှားအယွင်းမရှိအောင် လေ့လာပြီး အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက်လည်း သေသေချာချာ လေ့လာပြင်ဆင်ထားပါတယ်” ဟု ထွန်းထွန်းက ဆိုသည်။

အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်သည့် “နိုင်ငံကြီးသား” ဇာတ်ကားသည် ဈာန်သခင်သွေးနှင့် ဒွေးမေတ္တာတို့၏ ဇာတ်လမ်းဖြစ်ပြီး မောင်မြတ်ဆွေက ဇာတ်ညွန်းရေးဖွဲ့ထားသည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူးမည်ဖြစ်သည်။

“မင်းသားတွေ အများကြီးပါမယ့် “နိုင်ငံကြီးသား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက တစ်ကားလုံး အက်ရှင်အဓိက ဦးစားပေးထားတဲ့ ဇာတ်ကားပါ။ အဲဒီဇာတ်လမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဇာတ်ကားနာမည်ပေးထားတဲ့အတိုင်း လူတိုင်းလူတိုင်း နိုင်ငံကြီးသားတွေပါပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို ပြသနိုင်ဖို့ ရိုက်ကူးသွားမှာပါ။ ဒီဇာတ်လမ်းမှာ နေတိုးနဲ့ ထွန်းထွန်းတို့နှစ်ယောက်ကို မမြင်ဘူးတဲ့ ဇာတ်ကောင်စရိုက်မျိုးတွေနဲ့ မြင်တွေ့ရမှာပါ” ဟု ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ဆိုသည်။

အဆိုပါ ဇာတ်ကား၏ အက်ရှင်ဇာတ်ဝင်ခန်းများအတွက် ဖိုက်တင်နည်းပြများနှင့် ဆက်တင်အပြင်အဆင်များအတွက် အိန္ဒိယနိုင်ငံမှ အဖွဲ့သားများက ပါဝင်ဆောင်ရွက်ပေးမည်ဟု သိရသည်။

“လက်ရှိမှာ နိုင်ငံကြီးသား ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာပါ။ အဲဒီဇာတ်ကားက ပရိသတ်တွေအတွက်တော့ ထူးခြားတဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ” ဟု မင်းမော်ကွန်းက ဆိုသည်။

“နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားတွင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီး၊ အောန်ဆိုင်းတို့နှင့်အတူ ဇာတ်ပို့ဇာတ်ရံများစွာ၊ အနုပညာရှင်များစွာ ပါဝင်ကြမည်ဟု သိရသည်။

Most Read

Most Recent