မနေ့ကဖြစ်သည်၊ ပဉ္စလက်ရွာဇာတ်လမ်းတွဲများဖြင့် ပရိသတ်အားပေးမှု ပိုမိုခိုင်မာစေခဲ့သူ သရုပ်ဆောင်သူရိယ၏ ငယ်ဘ၀ ဖြတ်သန်းရာ

မနေ့ကဖြစ်သည်၊ ပဉ္စလက်ရွာဇာတ်လမ်းတွဲများဖြင့် ပရိသတ်အားပေးမှု ပိုမိုခိုင်မာစေခဲ့သူ သရုပ်ဆောင်သူရိယ၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 10 May 2018

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ခြေလှမ်းအစမှာ ပရိသတ်စိတ်ဝင်စား အားပေးမှု နည်းပါးခဲ့ပေမယ့် ဒီဘက်နှစ်ပိုင်းမှာတော့ ပရိသတ်စိတ်ဝင်စားမှု အတန်ငယ်ရရှိလာခဲ့ရာက ၂၀၁၇ နှစ်ဆန်းမှာတော့ ‘မနေ့ကဖြစ်သည်’ ရုပ်သံဇာတ်လမ်းတွဲက ပရိသတ် စိတ်ဝင်စားမှု အရှိန်အဟုန်ကို မြင့်တက်စေခဲ့ပါတယ်။ ‘မနေ့ကဖြစ်သည်’ ရုပ်သံဇာတ်လမ်းတွဲရဲ့ ပရိသတ်စိတ်ဝင်စားစေမှု အရှိန်အဟုန်နဲ့အတူ ဇာတ်ကားမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦးချင်းစီကလည်း ပရိသတ် စိတ်ဝင်စားမှု ပိုမိုရရှိလာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဒေါသကြီးသူ လူငယ်တစ်ဦး၊ မဟုတ်မခံစိတ်ထားနဲ့ စိတ်သဘောထားကောင်းမွန်သူ လူငယ်တစ်ဦးအဖြစ် ပါဝင်ထားသလို ထပ်မံထုတ်လွှင့်ပြသခဲ့တဲ့ ‘ပဉ္စလက်ရွာ’ ဇာတ်လမ်းတွဲမှာလည်း ပရိသတ် စိတ်ဝင်စားမှုကို ပိုမိုရရှိစေခဲ့သူ သရုပ်ဆောင်သူရိယရဲ့ ငယ်ဘဝအမှတ်တရတချို့ကို ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်သူရိယက ပရိသတ်နဲ့စိမ်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ် မှတ်မိသိရှိစေခဲ့ပြီးမှ တစ်ကျော့ပြန် အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်သူရိယကို ၁၉၈၉ ခုနှစ် မေ ၆ ရက်မှာ မိဘများဖြစ်တဲ့ ဦးကြည်လင်း၊ ဒေါ်ရွှေရွှေမာတို့ကနေ မွေးဖွားခဲ့ပါတယ်။ ပဲခူးဇာတိဖြစ်ပြီး မွေးစကနေ ကိုးတန်းစာမေးပွဲအောင်တဲ့အထိ ပဲခူးမြို့မှာပဲ နေထိုင်ကြီးပြင်းခဲ့သူပါ။

ငယ်စဉ်ဘဝရဲ့ အမှတ်တရအနေနဲ့တော့ မိခင်ဖြစ်သူက ကျောင်းဆရာမဖြစ်တာကြောင့် အဘွားတွေနဲ့ပဲ တစ်နေ့လုံးနေထိုင်ရပြီး မိခင်ဖြစ်သူကို အရမ်းတွယ်တာတယ်လို့ ဆိုပါတယ်။ မိခင်ပြန်လာချိန်ကိုလည်း အရမ်းမျှော်တတ်တယ်လို့ ရယ်မောရင်းဆိုပါတယ်။ ဒါ့အပြင် အနုပညာဝါသနာဗီဇကို ပြသမှုအနေနဲ့ ငယ်စဉ်ကလေးဘဝကတည်းက တခြားသူတွေရဲ့ပုံစံတွေကို အတုခိုးပြီး လိုက်လုပ်ပြတတ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်ငယ်ငယ်ကဆိုရင် အမူအရာ ပုံစံတူတွေ အရမ်းလိုက်လုပ်လေ့ရှိတယ်။ ဖေဖေ့ သူငယ်ချင်းတွေ အိမ်ကိုအလည်လာပြီဆိုရင် ဖေဖေ့သူငယ်ချင်း ဘယ်လိုစကားပြောလဲဆိုတာ အတုခိုးပြီး ဖေဖေ့ကို အဲဒီပုံစံအတိုင်းလိုက်ပြောတာမျိုး၊ တီဗွီထဲမှာ ကြည့်ရတဲ့သရုပ်ဆောင်တွေရဲ့ ဟန်ပန်အတိုင်း လိုက်လုပ်တာမျိုးတွေရှိတယ်။ အဲဒီကတည်းက အမူအရာလုပ်ရတာကို သဘောကျတာပါ” လို့ ငယ်ဘဝအမှတ်တရတွေကို သရုပ်ဆောင်သူရိယက ဆိုပါတယ်။

ကျောင်းပညာရေးကိုတော့ သူငယ်တန်းကနေ နဝမတန်းအထိကို အ.ထ.က (၃) ပဲခူးမြို့ မှာ တက်ရောက်သင်ယူခဲ့ပြီး ဒသမတန်းမှာတော့ ရန်ကုန်ကိုပြောင်းရွှေ့လာရတာကြောင့် အ.ထ.က(၁)ဒဂုံမှာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းစာထူးချွန်မှုမှာတော့ စိတ်ဝင်စား ကျက်မှတ်ချိန်မှာ ဆုတွေရတဲ့အထိ ထူးချွန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စာသေချာမလုပ်ဖြစ်ဘဲ သာမန်အဆင့်နဲ့သာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရိုးရိုးအောင်မြင်ပြီးတဲ့နောက် အင်္ဂလိပ်ဘာသာ အဓိကနဲ့ အဝေးသင်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ မိဘမျိုးရိုးလုပ်ငန်းဖြစ်တဲ့ တိုင်းရင်းဆေးလုပ်ငန်းကိုလည်း စိတ်ပါဝင်စားတာကြောင့် တိုင်းရင်းဆေးသိပ္ပံဘာသာရပ် ဒီပလိုမာကို သုံးနှစ်ကြာ တက်ရောက် သင်ယူခဲ့ပါတယ်။

သရုပ်ဆောင်သူရိယဟာ ‘စိန်ဘယက်’ တိုင်းရင်းဆေးကြော်ငြာမှာ ပါဝင်ခဲ့မှုနဲ့ ပရိသတ် စတင်သိရှိစေခဲ့သလို ရာဇဝင်သမိုင်းနောက်ခံ ဇာတ်ကားတွေမှာလည်း ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ကျောင်းကပွဲတွေ၊ ကျောင်းပြဇာတ်တွေမှာလည်း ထိပ်ဆုံးကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ အနုပညာလုပ်ငန်းတွေနဲ့ ခဏတာ အဆက်ပြတ်သွားခဲ့ပြီး ၂၀၀၉ ခုနှစ်မှသာ ပြန်လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပေမယ့် အစီအစဉ် တင်ဆက်သူတစ်ဦးအဖြစ်နဲ့လည်း ရုပ်သံအစီအစဉ်တွေမှာ ပါဝင်တင်ဆက်ဖြစ်ခဲ့ပါသေးတယ်။ ဒီနောက်မှာတော့ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ အကယ်ဒမီဝိုင်းတို့နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခွင့်ရရှိခဲ့ရာက မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ငါးနှစ်စာချုပ်ချုပ်ဆို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မဟော်ဂနီ ထုတ်လုပ်ရေးက စီစဉ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ၂၀၁၆ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ‘ဖေ့စ်ဘုတ်ရွာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာလည်း ဘုကလန့်ကျကျ လူငယ်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ရာမှာ ပရိသတ်သဘောကျနှစ်ခြိုက်မှုကို ပိုမိုရရှိစေခဲ့ပါတယ်။

၂၀၁၇ နှစ်ဆန်းမှာတော့ နောက်ထပ်မှတ်တိုင်တစ်ခုအနေနဲ့ ‘မနေ့ကဖြစ်သည်’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားမှုကို ပရိသတ်ရှေ့မှာ မှတ်ကျောက်တင်နိုင်စေခဲ့ပါတယ်။ ဒေါသကြီးတတ်တဲ့၊ မဟုတ်မခံစိတ်ရှိတဲ့၊ စိတ်နှလုံးသားဖြောင့်မှန်တဲ့ လူငယ်လေးတစ်ဦးအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး လူသတ်တရားခံဖော်ထုတ်မှုကို စိတ်ပါဝင်စားတဲ့ ပရိသတ်တွေအတွက် သတိပြုမိစရာ သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သရုပ်ဆောင်သူရိယက “အခက်အခဲတွေကတော့ အများကြီးကြုံခဲ့ရပါတယ်။ တစ်ခါတလေဆို ဘာမှဆက်လုပ်ချင်စိတ်မရှိဘဲ အိပ်ရာထဲမှာ လဲနေတဲ့အထိကို စိတ်ဓာတ်ကျဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ကြိုးစားဖြတ်သန်းရမယ်ဆိုတဲ့စိတ်နဲ့ပဲ ကြိုးစားခဲ့တာပါ။ အခုနောက်ပိုင်းတော့ ပရိသတ်တွေရဲ့ စိတ်ခွန်အားပေးမှုကြောင့် ခွန်အားတွေ အများကြီးရခဲ့ပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

သရုပ်ဆောင်သူရိယက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖို့ စီစဉ်ထားတဲ့အပြင်သူ ပါဝင်ထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အနုပညာရည်မှန်းချက်အပြင် တိုင်းရင်းဆေးလုပ်ငန်းကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် ရေရှည်မှာတော့ တိုင်းရင်းဆေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

သူရိယက သူ့ရဲ့အချစ်ရေးကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားသူဖြစ်ပြီး ချစ်သူဖြစ်တဲ့ သရုပ်ဆောင်ဆုအိမ့်စံနဲ့ အတွဲညီသူတွေ ဖြစ်တာကြောင့် ပရိသတ်များချစ်ခင်ကြတဲ့ အနုပညာရှင်စုံတွဲလို့ ဆိုရမှာပါ။ သူတို့ နှစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေက စောင့်ကြည့် အားပေးလေ့ ရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့လည်း သူရိယက “ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြာကြီး စိတ်ဆိုးနေတာမျိုးတွေ သိပ်မရှိဘူး။ ဒီလိုနားလည်မှုမျိုးနဲ့ပဲ ရှေ့ဆက်သွားပါမယ်။ ကျွန်တော်တို့နှစ်ယောက်ကို ချစ်ပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

လူငယ်တွေတိုင်းမှာ ထမ်းပိုးထားတဲ့ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာတော့ ကံဇာတ်ဆရာရဲ့ ခြယ်မှုန်းမှုအတိုင်း လွယ်ကူချောမွေ့သူရှိသလို ခက်ခဲကြမ်းတမ်းသူတွေလည်း ရှိတတ်ကြပါတယ်။ သရုပ်ဆောင် သူရိယရဲ့ အနုပညာခရီးလမ်းအစက မချောမွေ့ခဲ့ပေမယ့် လက်ရှိမှာတော့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းခွင့်ရနေပြီလို့ ဆိုရပါမယ်။ ဒါ့အပြင် မိဘလက်ငုတ်လက်ရင်း တိုင်းရင်းဆေးလုပ်ငန်းကို စိတ်ပါဝင်စား လေ့လာသင်ယူ လိုစိတ်ကလည်း သဘောကျစရာကောင်းတဲ့ အချက်တစ်ခုလို့ပဲ ဆိုရမှာပါ။

Most Read

Most Recent