Black Panther ဇာတ်ကား မြောက်အမေရိကတွင် လက်မှတ်ရောင်းချမှုဝင်ငွေ စံချိန်တင်ရရှိ

Black Panther ဇာတ်ကား မြောက်အမေရိကတွင် လက်မှတ်ရောင်းချမှုဝင်ငွေ စံချိန်တင်ရရှိ
Published 7 March 2018

Black Panther ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခု (Photo: AP)

စူပါဟီးရိုးဇာတ်ကား Black Panther သည် ဖြန့်ချိပြီး သီတင်းသုံးပတ်မြောက်တွင် မြောက်အမေရိက၌ လက်မှတ်ရောင်းချမှု ဝင်ငွေစုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့ပြီး ဝင်ငွေအများဆုံးရ ဇာတ်ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့သည်ဟု လက်မှတ်ရောင်းချမှု ဝင်ငွေများကို စောင့်ကြည့်သည့် Exhibitor Relations က ထုတ်ပြန်ခဲ့သည်။

Marvel Cinematic Universe ၏ ၁၈ ခုမြောက်ဇာတ်ကားနှင့် လူမည်းသရုပ်ဆောင် ချဒ်ဝစ်ဘိုစီမန်း အဓိကဇာတ်ကောင်အဖြစ် ပါဝင်သည့် ယင်းဇာတ်ကားသည် တတိယ သီတင်းပတ်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၆၆ ဒသမ ၃ သန်း ရရှိခဲ့သည်။

ယင်းဝင်ငွေသည် ဒေါ်လာ ၁၆ ဒသမ ၉ သန်းဖြင့် ယခုသီတင်းပတ်လက်မှတ် ရောင်းချမှုဝင်ငွေစာရင်း၏ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည့် Red Sparrow ဇာတ်ကားထက် လေးဆနီးပါး ပိုများခဲ့သည်။ ဖြန့်ချိပြီး သီတင်းသုံးပတ်မြောက် ဝင်ငွေအများဆုံးဇာတ်ကား စာရင်းတွင် Star Wars: The Force Awakens က ဒေါ်လာ ၉၀ ဒသမ ၂ သန်းနှင့် Avatar က ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ပထမနှင့် ဒုတိယနေရာတို့တွင် ရပ်တည်နေသည်။

T'Challa ဟု လူသိများသော Black Panther သည် ဖခင်ဖြစ်သူ ဝါကန်ဒါဘုရင် ကွယ်လွန်ပြီးနောက်တွင် ထီးနန်းအရိုက်အရာ ဆက်ခံရန် နည်းပညာဖွံ့ဖြိုးတိုးတက်သည့် အာဖရိကနိုင်ငံတစ်ခုသို့ ပြန်လာသည့်အကြောင်း ရိုက်ကူးထားသည့် Black Panther ဇာတ်ကားတွင် ချဒ်ဝစ်ဘိုစီမန်း၊ လူပီတာညောင်အို၊ မိုက်ကယ်ဘီဂျော်ဒန်၊ မာတင်ဖရီးမန်းနှင့် ဒယ်နီရယ်ကာလူယာတို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။ ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေစုစုပေါင်း ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိထားသည်။

လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေသည့် Red Sparrow သည် နာမည်ကြီးရုရှား ဘဲလေးကချေသည်မှ လက်ရွေးစင် သူလျှိုတစ်ဦးဖြစ်လာသည့် Dominika Egorova အမည်ရ မိန်းကလေးတစ်ဦးအကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ဂျနီဖာလောရင့်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။

၁၉၇၄ ခုနှစ်က ဖြန့်ချိခဲ့သည့်ဇာတ်ကားကို ပြန်လည်ဆန်းသစ် ရိုက်ကူးထားသည့် Death Wish ဇာတ်ကားက ဒေါ်လာ ၁၃ သန်းဖြင့် လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ တတိယနေရာတွင် ရပ်တည်ခဲ့သည်။

Most Read

Most Recent