တေးသံရှင်မဒီ မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာပြီး တေးသီချင်းအချို့ အသံသွင်းယူခဲ့ကာ နှစ်ကုန်ပိုင်းတွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန် စီစဉ်ခဲ့ကြောင်းသိရ

တေးသံရှင်မဒီ မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာပြီး တေးသီချင်းအချို့ အသံသွင်းယူခဲ့ကာ နှစ်ကုန်ပိုင်းတွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန် စီစဉ်ခဲ့ကြောင်းသိရ
Published 27 February 2018

တေးသံရှင်မဒီသည် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည် ရောက်ရှိလာပြီး နှစ်ပတ်ကြာနေထိုင်ခဲ့ကာ ယခုနှစ်အတွင်း ဖျော်ဖြေပွဲကျင်းပနိုင်ရန် စီစဉ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် တေးသီချင်းအသစ်တချို့ အသံသွင်း ယူခဲ့ကြောင်း သိရသည်။ တေးသံရှင်မဒီသည် ပြည်ပနိုင်ငံသို့ ရောက်ရှိနေထိုင်လျက်ရှိသည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခင်နှစ်ကတစ်ကြိမ်ပြန်လာခဲ့ကာ တေးစီးရီးသစ်တစ်ခွေကို အသံသွင်းယူခဲ့ကြောင်း သိရသည်။ အဆိုပါတေးအယ်လ်ဘမ်ကို ယခုနှစ်အတွင်းဖြန့်ချိနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံကို နှစ်ပတ်ကြာပြန်လည် လာရောက်ဖြစ်ခဲ့ပါတယ်။ အဓိကတော့ ပရိသတ်တွေဆန္ဒရှိနေကြတဲ့ ဖျော်ဖြေပွဲတွေကို သီဆိုနိုင်ဖို့ ဒီနှစ်အတွင်းကျင်းပနိုင်ဖို့အတွက် ဒီခရီးစဉ်ကို လာဖြစ်တာပါ။ လာဖြစ်တဲ့အချိန်အတွင်းမှာ ဒီနှစ်အတွင်းပွဲကိုစီစဉ် နိုင်ဖို့ပွဲစီစဉ်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ မိသားစုနဲ့သူငယ်ချင်းတွေကိုလည်း အချိန်ပေးခဲ့ပါတယ်။ သီချင်းသစ် တချို့ကိုလည်း အသံသွင်းယူ ဖြစ်ခဲ့ပါတယ်” ဟု တေးသံရှင်မဒီက ဆိုသည်။

တေးသံရှင်မဒီသည် အောင်မြင်သည့် တေးသီချင်းများစွာသီဆိုခဲ့သူဖြစ်ပြီး အောင်မြင်နေဆဲအချိန်တွင်ပင် ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့သူဖြစ်သည်။ နှစ်ကာလကြာမြင့်ပြီး ချိန်မှသာ ခေတ္တပြန်လည်ရောက်ရှိလာခဲ့ပြီး အယ်လ်ဘမ်သစ်တစ်ခွေ ထွက်ရှိရန် အသံသွင်းယူထားခြင်း ဖြစ်သည်။ တေးသံရှင်မဒီသည် ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တေးသီချင်းအသစ်တချို့အား တင်ပေးထားသည်များလည်း ရှိသည်။

Most Read

Most Recent