အိမ်ကွင်းအားသာချက်ကို အမိအရအသုံးချရမည်ဟု အာဆင်နယ်တိုက်စစ်မှူး လာကာဇက် ကြုံးဝါး

အိမ်ကွင်းအားသာချက်ကို အမိအရအသုံးချရမည်ဟု အာဆင်နယ်တိုက်စစ်မှူး လာကာဇက် ကြုံးဝါး
Published 11 April 2019

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က ယနေ့ကစားမည့် နာပိုလီနှင့်ယူရိုပါလိဂ် ကွာတားဖိုင်နယ်(ပထမအကျော့)တွင် အိမ်ကွင်းအားသာချက်ကို အမိအရအသုံးချရမည်ဟု ကြုံးဝါးခဲ့သည်။

ဧပြီလ(၁၀)ရက်ကပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် လာကာဇက်က '' ကျွန်တော်တို့အသင်းဟာ အဝေးကွင်းထက် အိမ်ကွင်းမှာ ပိုကောင်းတယ်ဆိုတာ သိပါတယ်။ ဒါကြောင့် မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲမတိုင်မီ ကျရှုံးခဲ့တယ်။ ဒီအချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးပုံစံပြပြီး ရှေ့ဆက်သွားချင်တယ်။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲက တစ်သင်းလုံး ကစားပုံဆိုးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှုရှိနေတုန်းပါပဲ'' ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် အိမ်ကွင်းနှင့်အဝေးကွင်း စွမ်းဆောင်ရည် ကွာဟချက်မြင့်မားနေပြီး ပြီးခဲ့သည့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်နှစ်ပွဲတွင်လည်း BATE၊ ရန်းစ်စသည့်အသင်းများကို အရေးနိမ့်ခဲ့ရသည်။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ချာကာ၊ ကိုစီယဲလ်နီတို့တွင် ကြံ့ခိုင်မှုပြဿနာရှိနေကာ စမ်းသပ်မှုများပြုလုပ်ရမည်ဟု အတည်ပြုခဲ့ပြီး အူဘာမီယန်းကို အသင်းလူစာရင်းတွင် ပြန်သုံးဖွယ်ရှိသည်ဟု အရိပ်အမြွက်ဆိုခဲ့သည်။

'' အူဘာမီယန်းကို ပွဲထွက်မသုံးတဲ့ ပထမဆုံးအကြောင်းပြချက်က သူ့မှာ ပြဿနာအနည်းငယ်ရှိနေပါတယ်။ ပြီးတော့ နေမကောင်းလို့ ပိုးသတ်ဆေးတွေ သောက်ခဲ့ရတယ်။ ဒါကတော့ ပြီးခဲ့တဲ့(၂)ပွဲမှာ သူ့ကို ပွဲထွက်မသုံးတဲ့ အဓိကအကြောင်းပြချက်ဖြစ်ပါတယ်။ မနက်ဖြန်အတွက်တော့ သူ ပိုကောင်းလာနေပြီး ပွဲထွက် ဒါမှမဟုတ် လူစားထိုး ကစားနိုင်ပါတယ်'' ဟု အူနိုင်းအမ်မရီက ပြောကြားခဲ့သည်။

Most Read

Most Recent