သုံးလဆက်တိုက် မြင့်တက်နေသော စက်သုံးဆီစျေး၊ YP နှင့် အခြားဆီဆိုင်များ၏ စျေးကွက်ကို နှိုင်းယှဉ်ခြင်း

သုံးလဆက်တိုက် မြင့်တက်နေသော စက်သုံးဆီစျေး၊ YP နှင့် အခြားဆီဆိုင်များ၏ စျေးကွက်ကို နှိုင်းယှဉ်ခြင်း
သာကေတမြို့နယ် အတွင်းရှိ YP စက်သုံးဆီဆိုင်တွင် ဆီဖြည့်နေသည့် ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သာကေတမြို့နယ် အတွင်းရှိ YP စက်သုံးဆီဆိုင်တွင် ဆီဖြည့်နေသည့် ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 31 March 2019
စည်သူအောင်

လတ်တလော နှစ်များအတွင်း စျေးကွက်မတည်မငြိမ် ဖြစ်နေသော ကုန်စည်များအနက် စက်သုံးဆီ စျေးနှုန်းလည်း ထိပ်ဆုံးမှ ပါဝင်နေသည်။ ၂၀၁၈ ခုနှစ်အတွင်း ရေနံစျေးနှုန်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် တစ်စည် ၂၆ ဒေါ်လာဝန်းကျင်အထိ ကွာဟခဲ့ပြီး စျေးနှုန်းအတက်အကျ မြန်ဆန်ကာ လက်ရှိ ၂၀၁၉ ခုနှစ် တွင်လည်း စျေးအမြင့်ပိုင်းတွင် ဆက်ရှိနေသည်။ ပြီးခဲ့သည့်နှစ်အတွင်း စံချိန်တင် စက်သုံးဆီစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ခြင်းနည်းတူ ၂၀၁၉ ခုနှစ် နှစ်စပိုင်းကတည်းက ကမ္ဘာ့ရေနံစျေးနှုန်း၊ စင်ကာပူ စက်သုံးဆီစျေးနှုန်း MOPS များ ဆက်တိုက် ပြန်လည်မြင့်တက်နေခြင်းကြောင့် ပြည်တွင်းစျေးကွက်တွင်လည်း သုံးလဆက်တိုက် စက်သုံးဆီစျေး မြင့်တက်လျက်ရှိသည်။

ယခု ရက်သတ္တပတ်များအတွင်း ဒေါ်လာစျေးကျပ် ၁၅၀၀ အထက်တွင် အတက်အကျ နည်းပါးသော်လည်း ကမ္ဘာ့ရေနံစျေး အမြင့်ပိုင်းတွင် ရှိနေသောကြောင့် ပြည်တွင်း စက်သုံးဆီစျေးသည် သုံးလနီးပါးအတွင်း တစ်လီတာ ၁၃၅ ကျပ်မှ ၁၇၅ ကျပ်အထိ ဆက်တိုက်မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

မတ် ၂၉ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင် အများစုတွင် ရောင်းချနေသော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၉၈၅ ကျပ် (တစ်ဂါလန် ၄၄၇၈ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ  ၉၉၅ ကျပ် (တစ်ဂါလန် ၄၅၂၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၂၀ (တစ်ဂါလန် ၃၇၂၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၀၅ ကျပ် (တစ်ဂါလန် ၄၁၁၄ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ၁၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၁၄၀၊ 92 Ron တစ်လီတာ ကျပ် ၁၅၀၊ 95 Ron တစ်လီတာ ၁၇၅ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် သုံးလအတွင်း ဒီဇယ်ဆီ ၁၅ ဒသမ ၈၈ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ 92 Ron ၂၂ ဒသမ ၃၈ ရာခိုင်နှုန်း၊ 95 Ron ၂၃ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစ၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် တဖြည်းဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက် တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင်  ၄၂  ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀ ဒသမ ၂၃ အထိပြန်တက်ခဲ့ကာ မတ် ၂၉ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်ဖြစ် ပေါ်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံ စျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာလအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် စျေးနှုန်းများ အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့်စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေး နှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီ ယံဒီ ဇယ်တစ်လီတာ ၈၅၅ ကျပ် (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၆၇၀ (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၇၃၀ (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာစျေး ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်ခဲ့သောကြောင့် ပြည်တွင်း စက်သုံးဆီ စျေးကွက်တွင် ဇန်နဝါရီလအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ စျေးနှုန်း ပြန်လည်မြင့်တက် ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာ လျှင် ကျပ် ၄၀ အ ထိ၊ မတ်လအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ စျေးနှုန်းဆက်လက်မြင့်တက် ခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်စတက်သည့် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ် သော စက်သုံးဆီ လက်လီစျေးများ မှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ် ဂါလန် ကျပ် ၂၂၇၀)၊ ပရီမီယံဒီဇယ် တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၅၀ (တစ် ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော် အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း စက်သုံးဆီစျေးနှုန်း စံချိန်တင် မြင့်တက်လာမှုနှင့်အတူ နှစ်ကုန်ပိုင်းမှစ၍ Yangon Petro (YP) စျေးကွက်အတွင်း စတင်ဝင်ရောက်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ မြေနေရာ ပံ့ပိုးမှုများကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ အခြားစက်သုံးဆီဆိုင်များထက် စျေးနှုန်းများ သိသိသာသာ လျှော့ချရောင်းချ လာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက စက်သုံးဆီစျေးနှုန်း ကျဆင်းရေးအတွက် ရည်ရွယ်ပြီး တည်ထောင်နိုင်ရန် ပံ့ပိုးခဲ့သော YP တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (ရန်ကုန်တိုင်းဒေသကြီး) မှ အငြိမ်းစား အရာရှိတစ်ဦးက တာဝန်ယူထားပြီး ကျန်ဒါရိုက်တာ အဖွဲ့ဝင်များမှာ PT Power ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သည်။ PT Power သည် ယခင်ကတည်းက PT စက်သုံးဆီဆိုင်များနှင့် BOC စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး YP စက်သုံးဆီဆိုင်များ ဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ တစ်ပေပတ်လည် အနည်းဆုံး ကျပ် ၂၀၀၀ နှုန်းဖြင့် မြေနေရာများ ရရှိခဲ့ခြင်းကြောင့် PT နှင့် BOC အပြင် အခြားလုပ်ငန်းတူ စက်သုံးဆီဆိုင်များထက် စျေးနှုန်းများ လျှော့ချရောင်းခဲ့သည်။  

YP စက်သုံးဆီဆိုင်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် အခြားစက်သုံးဆီဆိုင်များနှင့် စျေးနှုန်းမကွာခြားဘဲ ဒီဇယ်တစ်လီတာ ၈၇၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၉၀၊ 92 Ron တစ်လီတာ ကျပ် ၆၉၀၊ 95 Ron တစ်လီတာ ကျပ် ၇၆၀ ဖြင့် ရောင်းချနေရာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ဒီဇယ်တစ်လီတာ ကျပ် ၇၉၀၊ ပရီမီ ယံဒီဇယ် တစ်လီတာ ၇၉၉ ကျပ်၊ 92 Ron တစ်လီတာ ကျပ် ၆၂၀၊ 95 Ron တစ်လီတာ ၆၉၉ ကျပ်အထိ စျေးနှုန်းလျှော့ချပြီး ရောင်းခဲ့သည်။ အခြားစက်သုံးဆီဆိုင်များ၏ စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၃၀ ကျော် မှ ကျပ် ၆၀ အထိ စျေးနှုန်းလျှော့ချခဲ့ခြင်းကြောင့် စျေးကွက်အတွင်း သိသိသာသာ လှုပ်ခတ်ခဲ့သည်။

သက်ရောက်မှု အနေဖြင့် YP ဆီဆိုင်များနှင့် မနီးမဝေးရှိ စက်သုံးဆီဆိုင်များလည်း စျေးနှုန်းများ လျှော့ချရောင်းခဲ့သလို ကမ္ဘာ့ရေနံစျေး၊ စင်ကာပူစက်သုံးဆီ ပေါက်စျေး MOPS မြင့်တက်လာခြင်းကြောင့် အခြားစက်သုံးဆီဆိုင်များ စျေးနှုန်းမြင့်လာသကဲ့သို့ YP လည်း စျေးနှုန်းများ တဖြည်းဖြည်း မြှင့်တင်လာသည်ကို တွေ့ရသည်။

YP ၏ မတ် ၃၀ ရက်တွင် ရောင်းချသော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၂၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၃၀၊ 92 Ron တစ်လီတာ ကျပ် ၇၆၀၊ 95 Ron တစ်လီတာ ကျပ် ၈၅၀ ဖြစ်ပြီး သုံးလနီးပါးအတွင်း ဒီဇယ်တစ်လီတာ ကျပ် ၁၃၀၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၃၁ ကျပ်၊ 92 Ron တစ်လီတာ ကျပ် ၁၄၀၊ 95 Ron တစ်လီတာ ၁၅၁ ကျပ် စျေးနှုန်းမြင့်တက်ခဲ့သည်။ ရာခိုင်နှုန်းအနေဖြင့် သုံးလအတွင်း ဒီဇယ်စျေးနှုန်း ၁၆ ဒသမ ၄၅ ရာခိုင် နှုန်း၊ ပရီမီယံဒီဇယ်စျေးနှုန်း ၁၆ ဒသမ ၃၉ ရာခိုင်နှုန်း၊ 92 Ron ၂၂ ဒသမ ၅၈ ရာခိုင်နှုန်း၊ 95 Ron ၂၁ ဒသမ ၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ် သည်။

YP ကဲ့သို့ အထူးအခွင့်အရေး မရရှိထားသော အခြားစက်သုံးဆီ ဆိုင်များတွင်လည်း ဒီဇယ်တစ်လီတာ ၁၃၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကျပ် ၁၄၀၊ 92 Ron တစ်လီတာ ကျပ် ၁၅၀၊ 95 Ron တစ်လီတာ ၁၇၅ ကျပ် အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ YP နှင့် အခြားဆိုင်များအကြား ရောင်းချသည့် စျေးနှုန်းကျပ် ၅၀ ကျော်မှ ၆၀ ကျော်အထိ ကွာဟလျက် ရှိသော်လည်း အခြားစက်သုံးဆီဆိုင်များတွင် သုံးလအတွင်း စျေးနှုန်းမြင့်တက်မှုနှုန်းမှာ ရာခိုင်နှုန်းအားဖြင့် ဒီဇယ် ၁၅ ဒသမ ၈၈ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ 92 Ron ၂၂ ဒသမ ၃၈ ရာခိုင်နှုန်း၊ 95 Ron ၂၃ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်သောကြောင့် YP ၏ စျေးနှုန်းမြင့်တက်မှုနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ဒီဇယ်၊ ပရီမီယံဒီ ဇယ်နှင့် 92 Ron တို့တွင် လျော့ကျနေပြီး 95 Ron တွင် ပိုများနေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံစျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်းများသည် ကမ္ဘာ့ရေနံစျေးနှုန်း၊ စင်ကာပူ စက်သုံးဆီစျေးနှုန်း (MOPS)၊ နိုင်ငံခြားငွေလဲနှုန်း၊ သယ်ယူပို့ဆောင်ရေး စရိတ်နှင့် ဝယ်လိုအား၊ ရောင်းလိုအားတို့အပေါ် အခြေခံပြီး စျေးနှုန်းအတက် အကျဖြစ်ပေါ်နေခြင်းဖြစ်သည်။ တင်သွင်းလာသော စက်သုံးဆီများ၏ အရင်းတန်ဖိုးတွင် ဆိပ်ကမ်း အရောက်တန်ဖိုး၊ အခွန်၊ ကုန်ကျစရိတ်များ ပါဝင်ခြင်းဖြစ်သည်။ ဆိပ်ကမ်းအရောက်တန်ဖိုးတွင် တင်သွင်းသည့် စက်သုံးဆီတန်ဖိုးနှင့် သင်္ဘောတင်ခများ ပါဝင်သည်။ အခွန်တွင် အကောက်ခွန် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း၊ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပါဝင်ပြီး ဆိပ်ကမ်းအရောက် တန်ဖိုး၏ ၁၃ ရာခိုင်နှုန်းဝန်းကျင်ကို အခွန်အဖြစ် ပေးဆောင်ရခြင်း ဖြစ်သည်။ ကုန်ကျစရိတ်တွင် ဘဏ်ငွေလွှဲဝန်ဆောင်ခများ၊ အကောက်ခွန် ရှင်းလင်းရေး သိုလှောင်ခများ၊ စက်သုံးဆီဆိုင် အရင်းအနှီးနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် စသည်တို့ ပါဝင်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း စက်သုံးဆီစျေးနှုန်း ဆက်တိုက်မြင့်တက်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက စျေးနှုန်းကျဆင်းစေရန်အတွက် YP ကို မြေနေရာပေး၍ စျေးကွက်အတွင်း ဝင်ရောက်စေခဲ့ခြင်းမှာ စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်နိုင်ရေးအတွက် လိုင်စင်ရရှိရန်၊ မြေနေရာရရှိရန် ခက်ခဲနေသည့် အခြားစက်သုံးဆီဆိုင် လုပ်ငန်းရှင်များအား အံ့အားသင့်စေခဲ့သည်။

YP စက်သုံးဆီဆိုင် ဖွင့်လှစ်မည့် မြေနေရာများအတွက် ရန်ကုန်တိုင်းအစိုးရက စျေးနှုန်းသက်သက်သာသာ ပေးခဲ့၍ နိုင်ငံ့အတွက် ကျပ်ဘီလျံ ရာဂဏန်းမျှ နစ်နာမှုရှိနိုင်သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။ ဆိုင်ဖွင့်လှစ်သည့် ကုန်ကျစရိတ် လျော့ကျမှုကြောင့် စက်သုံးဆီစျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးရန် YP နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအကြား သဘောတူညီ ရယူထားပြီး ကမ္ဘာ့စက်သုံးဆီစျေးနှုန်း အတက်အကျနှင့် ပြည်တွင်း စက်သုံးဆီစျေးနှုန်း အတက်အကျ ကွာဟမှုကို ကြပ်မတ်ထိန်းကွပ် နိုင်ရေးအတွက် မျှော်မှန်းလုပ်ဆောင်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် စက်သုံးဆီစျေးနှုန်း ကျဆင်းရေးအတွက် နီးစပ်သည့် ရင်းနှီးမြှုပ်နှံသူကို အခွင့်ထူးခံပေးခဲ့ခြင်းမှတစ်ဆင့် ယင်းဆိုင်၏ စျေးနှုန်းလျော့ကျမှုက အခြားသာမန်ဆိုင်များ၏ စျေးနှုန်းကျဆင်းရေး အတွက် သက်ရောက်မှု ဖြစ်စေမည်လား၊ အခြားကုန်ကျစရိတ် များစွာရှိသည့် စက်သုံးဆီ လုပ်ငန်းအတွက် မြေနေရာရရှိမှုကြောင့် ရေရှည်စက်သုံးဆီစျေးနှုန်း လျှော့ချရောင်းချနိုင်မည်လား၊ အစိုးရ သို့မဟုတ် တာဝန်ယူထားသူ ပြောင်းလဲ၍ သဘောတူညီမှု ရယူထားသော စျေးနှုန်းလျှော့ချရေး ကတိကဝတ် ပျက်ပြယ်နိုင်မည်လား စသည့် မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

YP ဆိုင်များကို လက်ရှိတွင် သာကေတမြို့နယ် ရတနာလမ်းပေါ်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းပေါ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း တောင်/မြောက် လမ်းဆုံတို့တွင် ဖွင့်လှစ်ခဲ့ပြီး အချိန်တို လပိုင်းအတွင်း ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသည့်နိုင်ငံဖြစ်ပြီး အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းထက် စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ချမှတ်ရန်က ပိုမိုအရေးပါသည်။ စီးပွားရေးလုပ်ငန်း တစ်ခုကိုသာ ပ့ံပိုးထောက်ကူပေးခြင်းထက် ပြည်သူအများစု အကျိုးရှိစေမည့် အခြေခံ အဆောက်အအုံများ၊ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ပိုမိုအဓိကကျသည်။ စျေးကွက်စီးပွားရေး စနစ်ကို အားပေးသော အစိုးရသည် စျေးကွက်လည်ပတ်ရေးအတွက် အရေးပါသော သတင်းအချက်အလက်အမှန် ရရှိရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးရေး၊ လက်ဝါးကြီးအုပ်မှု တားဆီးရေးနှင့် စီးပွားရေးလုပ်ငန်း အသေးအလတ် အကြီးများအကြား လုပ်သာကိုင်သာ ရှိစေရေး၊ စျေးကစားမှုများ တားဆီးရေး စသည်တို့ကို ဆောင်ရွက်ရမည် ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားသည်။

အစိုးရတစ်ရပ် အနေဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ရေးအတွက် စည်းမျဉ်း စည်းကမ်းများ လျှော့ပေးခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အခွန်လျှော့ပေးခြင်း၊ ငှားရမ်းခ သက်သာသော မြေနေရာများ ပေးအပ်ခြင်း စသည့်မက်လုံးများ ပေးအပ်နိုင်သော်လည်း စီးပွားရေးလုပ်ငန်း အားလုံးကို တစ်ပြေးညီပေးခြင်း မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း အချို့ကိုသာ အထူးအခွင့်အရေး အနေဖြင့် ပေးအပ်ပါက စျေးကွက်စီးပွားရေး စနစ်ကိုသာ ပျက်စီးစေမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ၂၄၀၀ ခန့် ရှိလာပြီး မန္တလေးတိုင်း ဒေသကြီးအတွင်း အများဆုံး ဖွင့်လှစ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

တိုင်းဒေသကြီးအလိုက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးထားမှုမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၈၇ ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇၄ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၀၈ ဆိုင်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဆိုင်၂၁၀၊ ပဲခူးတိုင်း ဒေသကြီးတွင် ၂၄၆ ဆိုင်၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ၁၉၂ ဆိုင်၊ မကွေး တိုင်းဒေသကြီးတွင် ဆိုင်၁၆၀၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂၂ ဆိုင်ဖြစ်သည်။

ပြည်နယ်များအလိုက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးထားမှုမှာ ကချင်ပြည်နယ်တွင် ၈၅ ဆိုင်၊ ကယားပြည်နယ်တွင် ၁၄ ဆိုင်၊ ကရင်ပြည်နယ်တွင် ၄၃ ဆိုင်၊ ချင်းပြည်နယ်တွင် လေးဆိုင်၊ မွန်ပြည်နယ်တွင် ၁၁၄ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၃၆ ဆိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၅၂ ဆိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၁၈၅ ဆိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၁၅၇ ဆိုင်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ မှတ်ပုံတင်ထားသော စက်တပ်ယာဉ် ၇ ဒသမ ၂၈ သန်းရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ကိုးသိန်းကျော်ရှိ သည်။ တစ်နိုင်ငံလုံးတွင် ကားအစီး ရေ  ၁၀၇၀၀၀၀ ကျော်ရှိသည့်အ နက် ကားအစီးရေ ၅၃၀၀၀၀ ကျော်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် မှတ်ပုံတင်ထားသည်။ ရန်ကုန်ကားများ အပြင် အခြားတိုင်းနှင့် ပြည်နယ်များတွင် မှတ်ပုံတင်ထားသောကား များလည်း ရန်ကုန်မြို့အတွင်း အသုံး ပြုနေခြင်း ရှိသောကြောင့် ရန်ကုန်မြို့ ၏ စက်သုံးဆီစျေးကွက်မှာ မက်လောက်ဖွယ်ရာ ဖြစ်နေသည်။ ကားတစ်စီး တစ်နေ့တစ်ဂါလန် အသုံးပြုလျှင်ပင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ တစ်နေ့လျှင် ဂါလန် ငါးသိန်းကျော်-ခြောက်သိန်း ရောင်းချရမည်ဖြစ်သည်။

ရန်ကုန်မြို့၏ စက်သုံးဆီစျေးကွက်ကြီးမားမှုနှင့်အတူ တစ်နိုင်ငံလုံး၏ စက်သုံးဆီ အဓိက တင်သွင်းနေသည့် ဆိပ်ကမ်းတစ်ခု လည်းဖြစ်သည်။ စက်သုံးဆီစျေးနှုန်း မြင့်မားခြင်းနှင့် အရည်အသွေး နိမ့်ကျခြင်းမှာ အစဉ်အဆက် ဖြစ်ပေါ်နေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ စက်သုံးဆီ ဆိပ်ကမ်းနှင့် သိုလှောင်ကန်များဖြင့် ပမာဏများစွာ တင်သွင်းနိုင်သော လုပ်ငန်းရှင် ဆယ်ဂဏန်းမျှသာရှိပြီး လုပ်ငန်းအများစုမှာစု၍ တင်သွင်းခြင်းဖြစ်သည်။ အစိုးရအနေဖြင့် လုပ်ငန်းတစ်ခုကိုသာ ပံ့ပိုးပေးနေခြင်းက စက်သုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လုံလောက်မည် မဟုတ်ဘဲ စျေးနှုန်းနှင့် အရည်အသွေး မှန်ကန်စေရန်အတွက် အစိုးရအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးခြင်းနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းပေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားသည်။ အစိုးရအနေဖြင့် အမြင့်ဆုံး ထားရှိသင့်သော ရည်မှန်းချက်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် စက်သုံးဆီ ထုတ်လုပ်နိုင်မည့် ရေနံချက်စက်ရုံများ တည်ထောင်နိုင်စေရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေရန်ဖြစ်သည်။

စျေးကွက်စီးပွားရေးစနစ်အရ နောက်ခံအကြောင်းတရား များစွာအပေါ် အခြေခံပြီး စျေးနှုန်းအတက်အကျ ဖြစ်ပေါ်မည်ဖြစ်ပြီး စျေးကွက်တန်ဖိုးကိုသာ အလေးထားရမည် ဖြစ်သည်။ အထူးသဖြင့် စက်သုံးဆီကဲ့သို့ ကုန်စည်သည် သွင်းကုန်ဖြစ်၍ ကုန်စည်စျေးနှုန်းတက်လျှင်၊ ဒေါ်လာစျေးတက်လျှင် ကုန်စျေးနှုန်း တက်မည်သာ ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေတွင် YP ကဲ့သို့ အစိုးရ ထောက်ပံ့မှုရထားသော စက်သုံးဆီလုပ်ငန်းက အရေအတွက် ပမာဏ မည်မျှစျေးလျှော့ ရောင်းနိုင်မည်နည်း။ ယင်းသို့ စျေးလျှော့နိုင်ရန်အတွက် အစိုးရက ကြားဝင် ဆောင်ရွက်မှုကြောင့် နိုင်ငံပိုင်ဘဏ္ဍာ မည်မျှနစ်နာသွားလဲ စောင့်ကြည့်ရပါဦးမည်။ စျေးကွက်စီးပွားရေး သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ပါက စျေးကွက်တန်ဖိုးကို ဝင်ရောက်စွက်ဖက်လေ့ရှိသော အစိုးရများသည် ကြီးမားသော ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ပြဿနာများဖြင့် ရင်ဆိုင်ကြရသည်ကို တွေ့မြင်ရမည် ဖြစ်သည်။                         

 

Most Read

Most Recent