ယမ်းငွေ့တွေကြားက မီးအိမ်ရှင်

ယမ်းငွေ့တွေကြားက မီးအိမ်ရှင်
Published 31 March 2019
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ယမ်းငွေ့တွေကြားထဲမှာ ပြည်သူတွေက မြေစာပင်တွေအဖြစ် ယနေ့ထက်တိုင် ပြေးလွှားနေကြရဆဲ ဖြစ်ပါတယ်။ ဒီလိုပြေးလွှားနေကြတဲ့ တိုက်ပွဲဒေသတွေမှာ တာဝန်ကျ ဝန်ထမ်းတွေဘဝဟာ သိပ်ပြီးသာယာလှပတယ်လို့ မမြင်လိုက်ပါနဲ့။ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသတွေက ဝန်ထမ်းတွေရဲ့ဘဝမှာ ရသမျှလစာလေးနဲ့ ကြုံရာဒေသမှာ ဖြစ်သလိုနေပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်နေခြင်းဟာ နိုင်ငံကိုချစ်စိတ်ကြောင့်သာ အောင့်အည်းသည်းခံနေကြတာဖြစ်ပြီး ယုံကြည်ချက်တစ်ခုကြောင့်သာ ရပ်တည်နိုင်ခြင်းဖြစ်ပါတယ်။

မိမိတို့ ပတ်ဝန်းကျင်မှာလည်း သတိမထားမိလို့သာ အဲဒီလို စေတနာ့ဝန်ထမ်းတွေ ရှိမှန်းမသိတာ ဖြစ်ပါတယ်။ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတာ သေချာဂရုတစိုက် လေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ်။

သူတို့ဟာ အင်မတန်မှ လေးစားစရာကောင်းသူ၊ စံပြုထိုက်သူ၊ ဂုဏ်ပြုထိုက်သူတွေလည်း ဖြစ်ကြပါတယ်။ အဲဒီလို ရွက်ပုန်းသီးတွေကို ဘယ်သူမှ အသိအမှတ်မပြုတောင် သူတို့ရဲ့ ဖြူစင်တဲ့စေတနာကြောင့် နောင်တစ်ချိန်မှာ စေတနာရောင်ပြန်ဟပ်ပြီး အကျိုးခံစားရမှာ မလွဲမသွေဖြစ်ပါတယ်။

ယမ်းငွေ့တွေကြားက မီးအိမ်ရှင်

ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းမှာလည်း ယမ်းငွေ့တွေကြားက မီးအိမ်ရှင်တစ်ဦး၊ အမှောင်ထုထဲက လမ်းပြကြယ်၊ ပင်လယ်ထဲက မီးပြတိုက်တစ်လုံး ပေါ်ထွန်းခဲ့ပြီဖြစ်ပါတယ်။ သူမကတော့ မောက်မယ်ပြည်သူ့ဆေးရုံကြီးက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်မြမြသန်းဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့ ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြမြသန်းဟာ ၂၀၁၇ ခုနှစ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့အတွက် စွမ်းဆောင်ရည် ထူးချွန်မြို့နယ်ဆုကို ကမ္ဘာ့ကျန်းမာရေးနေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဧပြီ ၇ ရက်မှာ နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆုချီးမြှင့်ခဲ့ပါတယ်။ အဆိုပါဆုကို ပြည်နယ်နှင့်တိုင်းအသီးသီးမှ သက်ဆိုင်ရာ မြို့နယ်အလိုက် ရွေးချယ်ဆုချီးမြှင့်ခြင်းဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် သုံးနေရာဆုပေးခြင်းဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ၂၁ မြို့နယ်ထဲမှ မောက်မယ်မြို့နယ်ကို ရှမ်းတောင်ကိုယ်စားပြု ဆုရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာပဲ လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲမှာလည်း ပြည်နယ်အဆင့် မြို့နယ်ဆုကို တတိယဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။

သံမဏိစိတ်ဓာတ်ပိုင်ရှင်

မောက်မယ်မြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးအဖြစ် ဒေါက်တာဒေါ်မြမြသန်း စတင်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၈-၆-၂၀၁၃ ခုနှစ်တွင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ခုဆိုရင် ခြောက်နှစ်တိုင် ကြာမြင့်နေပြီလို့ ပြောပါတယ်။

ဒေါက်တာဒေါ်မြမြသန်းသည် ၂၀၀၃ ခုနှစ်မှာ ဆရာဝန်ဖြစ်ခဲ့ပြီး ရန်ကုန်အလုပ်သမားဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် နှစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒုတိယမြောက်အဖြစ် လပွတ္တာ တူးမြောင်းတိုက်နယ်ဆေးရုံမှာ လေးနှစ်ကျော်နဲ့ တတိယ ပို့စတင်ဖြစ်တဲ့ မောက်မယ်မြို့နယ်မှာ ရာထူးတိုးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည်မှာ လာမည့်ဇူလိုင်တွင် ခြောက်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး နှစ်ခုစလုံးကို တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး ကုသရေးသည် ဆေးရုံလာသောလူနာများ၊ အရေးပေါ်လူနာများအား ကုသခြင်းနှင့် အဓိကအားဖြင့်အားနည်းသည်မှာ ပြည်သူ့ကျန်းမာရေးဖြစ်ပြီး ကျေးရွာအထိ ကွင်းဆင်းရကာ လက်လှမ်းမမီသော ရွာတွေဟာ ကျန်းမာရေးဝန်ထမ်း အရောက်အပေါက်နည်းတဲ့အတွက် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုတွေ၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှု၊ မွေးစာရင်းလုပ်ပေးမှုတွေကို အစစအရာရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

သွားလာရခက်ခဲခြင်း၊ လုံခြုံရေးအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရွာတွေကို ဦးစားပေးကွင်းဆင်း၍ အခမဲ့ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သဖြင့် ယခုဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မောက်မယ်ဒေသမှာ NCA လက်မှတ်ထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ ထိန်းချုပ်ရာ၊ ကျင်လည်ရာနယ်မြေများလည်း ဖြစ်ပါတယ်။ အဆိုပါလက်နက်ကိုင်များနှင့် ပူးပေါင်း၍ လက်တွဲဆောင်ရွက်ခဲ့သဖြင့် အောင်မြင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်လို့ တောင်ပေါ်ကဒူးကြီးဒေသကို ညအိပ်ခရီး တစ်ရွာဝင်တစ်ရွာထွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် ကျန်းမာရေးလုပ်ငန်း စွမ်းဆောင်ရည်ထူးချွန်ဆုကို မောက်မယ်မြို့က ရရှိခဲ့ခြင်းဖြစ်တယ်လို့ ဒေါက်တာဒေါ်မြမြသန်းက ပြောပါတယ်။

ခံယူချက်

သူမ မောက်မယ်မြို့တွင် ဆက်လက်လုပ်ကိုင်နေခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများအတွက်ဖြစ်ပြီး ဝေးလံခက်ခဲသော နေရာများတွင် ယခင်က ထိုသို့သွားလာနိုင်ခြင်း မရှိခဲ့ကြောင်း၊ တိုင်းရင်းသားများ၏ ကျန်းမာရေးကို ဖြည့်ဆည်းလိုသည့်အတွက် ဆက်လက်နေထိုင်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

မောက်မယ်မြို့နယ်မှာ မြို့ပေါ် ခုနစ်ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်းရှစ်စု၊ ကျေးရွာပေါင်း ၁၀၃ ရွာ၊ လူဦးရေ ၃၈၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

မောက်မယ်မြို့တွင် ရှမ်းနှင့် ပအိုဝ်းအများစုဖြစ်ပြီး ကယား၊ ကယန်း၊ ဗမာ၊ အင်းသား (အနည်းငယ်) နေထိုင်ကြပြီး မြေသြဇာကောင်းမွန်သဖြင့် စပါးဖြစ်ထွန်းကာ မောက်မယ်ရှောက်ချိုသီးဟာ နာမည်ကြီးပါတယ်။

လူမျိုးပေါင်းစုံနဲ့ သင့်တင့်အောင်နေရတဲ့ သူမ

သူမဟာ လူမျိုးပေါင်းစုံနဲ့ သင့်တင့်အောင် ပေါင်းသင်းနေရပြီးတော့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်ကာ ထိန်းချုပ်နယ်မြေတွေမှာ သွားလာလှုပ်ရှားရပါတယ်။ သူမဟာ မြန်မာ၊ ရှမ်း၊ ပအိုဝ်း၊ အင်္ဂလိပ် စတဲ့ တိုင်းရင်းသားဘာသာစကား တော်တော်များများ ပြောဆိုနိုင်ပါတယ်။

“မောက်မယ်မှာ အရင်ဆိုရင် ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုက အရင်ဆိုမရကြဘူး။ အဓိကအားဖြင့် တိုက်ပွဲတွေကြောင့် ပြေးလွှားနေကြတယ်။ ရွာတွေကိုလည်း မသွားနိုင်ကြဘူး။ ခုဆိုရင် ကောက်သင်းကောက်စနစ်နဲ့ ကျန်တဲ့ကလေးတွေကို အပိုင်းခြားလိုက် ထိုးရမယ့် ကလေးတွေကို တစ်ရွာတက် ဆင်း လိုက်ထိုးပေးတယ်။ နောက်တစ်ခုက မွေးစာရင်းပေါ့။ အရင်ကဆိုရင် တစ်နှစ်အောက်ပဲ လုပ်ပေးတယ်။ နောက်တစ်ခါ ငါးနှစ်အောက်ဖြစ်သွားတယ်။ ခုဆိုရင် ၁၀ နှစ် အောက်ပေါ့နော်။ ကျွန်မ ၁၀ နှစ်အောက်ပေါ့။ ဟိုးလက်လှမ်းမမီတဲ့ရွာမှာ ရှိတဲ့ကလေးတွေကို ကလေးစာရင်းတွေ ကောက်တယ်။ ပြီးရင် သူတို့လက်ထဲကို မွေးစာရင်းတွေ အခမဲ့ပြန်ထည့်ပေးတယ်။ အဓိကဖြစ်တဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေသွားတယ်။ ရွာတွေအထိ အခမဲ့ကုပေးပါတယ်။ ပြည်နယ်ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနက အထူးကုဆရာဝန်ကြီးတွေ တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ်လာပါတယ်။ ကျေးရွာအထိ ဆင်းပြီးတော့ အခမဲ့သလိပ်စစ်ဆေးတယ်။ ဓာတ်မှန်ရိုက်တယ်။ လောလောဆယ် ၂၀၁၉ မှာ အနာကြီးရောဂါတိုက်ဖျက်ရေး လုပ်နေတယ်။ ပြီးခဲ့တဲ့လက ခုနစ်ရွာသွားခဲ့ပြီးတော့ လူနာခုနစ်ယောက်ထွက်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ စပ္ပာယ်ရှယ် ကမ်ပိန်းဆိုပြီးတော့ ၂၀၁၉ ထဲမှာ နောက်ထပ် ၂၁ ရွာ ထပ် ဝင်ဖို့တော့ရှိပါတယ်။ အဲဒါကတော့ WHO ရဲ့ ဘတ်ဂျက်အစီအစဉ်နဲ့ပါ။ အနာကြီးရောဂါတွေကို ကျေးရွာအထိ ရှာဖွေကုသပေးပါတယ်။ ရွာတွေမှာ ပုန်းလျှိုးကွယ်လျှိုးဖြစ်တဲ့ လူနာတွေကိုရှာတယ်။ ကုသပေးတယ်။ နောက်ပြီး အထွေထွေရောဂါတွေလည်း ရှာဖွေကုသပေးတယ်။ နောက် ကျွန်မတို့လုပ်နိုင်တာ တစ်ခုကတော့ အရေးပေါ် ကိုယ်ဝန်ဆောင်မိခင်ပေါ့။ ရွာတွေမှာက သူတို့လက်သည်တွေနဲ့ မွေးရတယ်။ အခက်အခဲရှိရင် အသက်အန္တရာယ် ဆုံးရှုံးတယ်။ အဲဒီလိုလူတွေအတွက် ကျွန်မတို့က ညွှန်းပို့စနစ်တစ်ခုကို ထူထောင်ထားတယ်။ တကယ်လို့ ဝေးလံခေါင်ဖျားရွာက အရေးပေါ် ကိုယ်ဝန်ဆောင်မိခင် မွေးဖွားရခက်ခဲရင် မောက်မယ်ဆေးရုံလာဖို့အတွက် လမ်းကြောင်းပေါ့နော်။ ကုန်ကျတဲ့ ခရီးစရိတ်အကုန်လုံးကို RI ဆိုတဲ့အဖွဲ့အစည်းတစ်ခုနဲ့ ထောက်ပံ့ပေးတယ်ပေါ့။ သူတို့သည် မလိုအပ်ဘဲ အသက်အန္တရာယ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်တာပေါ့။ အရေးပေါ် ကိုယ်ဝန်ဆောင်မိခင်နဲ့ ငါးနှစ်အောက် ကလေးငယ်တွေရယ်ပေါ့” လို့ ဆေးရုံ အုပ်ကြီး ဒေါက်တာဒေါ်မြမြသန်းက ပြောပါတယ်။

မောက်မယ်ရှိ လက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်တဲ့ RCSS နဲ့ PNLO တို့မှာ ကျော ထောက်နောက်ခံပြုထားသော EHO(Ethnic Health Organization) တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းရှိပြီး အဆိုပါအဖွဲ့အစည်းများနဲ့ ၂၀၁၅ ခုနှစ်ကတည်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ တရားဝင်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ နေပြည်တော်မှဆရာကြီးများ၊ ပြည်နယ်မှ ဆရာကြီးများခွင့်ပြုချက်ဖြင့် လုပ်ဖြစ်ခြင်းဖြစ်ကြောင်း၊ သုံးလတစ်ကြိမ်တွေ့ဆုံပြီး ပုံမှန်အစည်းအဝေးတွေမှာ အခက်အခဲများတင်ပြခြင်း၊ EHO ဝန်ထမ်းများကိုလည်း အစိုးရသင်တန်းတွေမှာ ခေါ်ယူသင်ကြားပေးခဲ့ကြောင်း၊ လက်ရှိ မတ် ၂၈ ရက်မှာပြုလုပ်ခဲ့တဲ့ မျက်စိကျန်းမာရေးစောင့်ရှောက်သော သင်တန်းတွင် ရှမ်းအဖွဲ့မှ သုံးဦး၊ ပအိုဝ်းအဖွဲ့မှနှစ်ဦး ပေါင်း ငါးဦး ကို မောက်မယ်ဆေးရုံကြီးမှာ သင်ကြားပေးနေပြီး သွားရေးလာရေးလွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးရွာတွေမှာ လူစုစည်းခြင်းများကို ၎င်းတို့က တာဝန်ယူပေးသဖြင့် အခက်အခဲမရှိ အဆင်ပြေကြောင်း ပြောပါတယ်။

မောက်မယ်ဒေသမှာ စစ်ဘေးဒဏ်ကြောင့် လူငယ်တွေ မရှိကြတော့

တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် မောက်မယ်ဒေသမှာ လူငယ်အတော်များများ မရှိကြတော့ဘဲ နိုင်ငံခြားတိုင်းတစ်ပါးတို့ကို ရွှေ့ပြောင်းသွားလာလုပ်ကိုင်ကြလို့ လူငယ်တွေ မရှိသလောက်ဖြစ်သွားပါပြီ။ ခုဆိုရင် လက်နက်ကိုင်အဖွဲ့တွေရဲ့ နှိပ်စက်မှု၊ ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် မနေရဲတော့ဘဲ ထွက်ပြေးကြတာပါ။

မောက်မယ်မြို့နယ်မှာ မြို့နယ်ဆေးရုံတစ်ခု၊ တိုက်နယ်ဆေးရုံတစ်ခု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခု၊ ကျေးလက် ကျန်းမာရေးဌာနသုံးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၂ ခုရှိပြီး မြို့နယ်ကျန်းမာရေး ဦးစီးမှူးက အောက်ခြေဝန်ထမ်းအထိ ၈၃ ဦး နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မောက်မယ်ပြည်သူ့ဆေးရုံမှာ တစ်လအတွင်း လူနာ ၁၀၀ ဝန်းကျင်နဲ့ ပြင်ပလူနာ တစ်နေ့ ၅၀ မှ ၇၀ အထိ ကြည့်ရှုရကြောင်း သိရပါတယ်။

မောက်မယ်တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုလိုအပ်ပြီး တိုင်းရင်းသားများသည် လူကြောက်ခြင်း၊ ရိုးသားခြင်း၊ ဝမ်းစာအတွက် လွန်စွာရုန်းကန်နေရခြင်း၊ လူထုပူး ပေါင်းပါဝင်မှု အားနည်းချက်ရှိကာ မြို့နယ်မှာလည်း ပရဟိတအသင်း မရှိသလောက်ဖြစ်ပါတယ်။ နမ့်ခုံးပရဟိတအသင်းတစ်ခုသာရှိပြီး လူငယ်များ ဦးဆောင်ပါဝင်မှုနည်းသဖြင့် သွေးလိုအပ်ချိန် ရှာရလွန်စွာခက်ခဲသဖြင့် လုပ်ငန်းမှာ အခက်အခဲတွေ ကြုံတွေ့ရကြောင်း သူမ ပြောပါတယ်။

“မျှော်လင့်မထားဘူး။ ဒီဆုကြီးပေးမယ် ဆိုတာ သိလည်းမသိဘူး။ ဘယ်လို စံနှုန်းနဲ့ ရွေးတယ်ဆိုတာလည်း မသိဘူး။ ရွေးခါနီးမှာ မှတ်တမ်းဓာတ်ပုံလေးတွေ တောင်းတယ်ပေါ့နော်။ ကျွန်မတို့ ဆုသွားယူမှ ဘာကြောင့် ဆုပေးတယ်ဆိုတဲ့အကြောင်းနဲ့ ဘယ်လိုအမှတ်တွေပေးတယ်ဆိုတာ ဝန်ကြီးက ချပြမှ သိရပါတယ်။ အဓိက ခက်ခဲတဲ့နေရာ သွားနိုင်တယ်။ နောက်ပြီး တကယ်လည်းလုပ်နိုင်တယ်။ အကျိုးတစ်ခုခုရှိတဲ့အတွက် အကဲဖြတ်မှတ်တမ်းနဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းလုပ်တဲ့အတွက် ပေးတာဆိုတော့ ကျွန်မအနေနဲ့ ကိုယ့်ရဲ့ပင်ပန်းမှုတွေ အသိအမှတ်ပြုတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ကိုယ့်ဌာနကိုလည်း အများကြီး ကျေးဇူးတင်တာပေါ့နော်” လို့ သူမက ပြောပါတယ်။

ဟိုနမ့်တိုက်နယ်ဆေးရုံ

မောက်မယ်မြို့နယ် ဟိုနမ့်တိုက်နယ်မှာ ကျေးရွာအုပ်စု နှစ်စုရှိပြီး တိုက်နယ်ဆေးရုံ တစ်ခုထားရှိကြောင်း သိရပါတယ်။

“အဓိကတော့ ကျွန်မတို့ ကျေးရွာမှာရှိတဲ့ တိုင်းရင်းသားတွေက အစိုးရဌာနဆိုင်ရာတွေဆိုရင် ကြောက်တယ်။ အစိုးရဆေးရုံဆိုရင် ကျွန်မက အစိုးရဆေးရုံမဟုတ်ဘူး။ ပြည်သူ့ဆေးရုံပါ။ ပြည်သူတွေအတွက်ပါလို့ သူတို့ကို အသိပေးချင်တယ်။ အဓိကတော့ ပညာမတတ်ကြဘူး။ ဘာသာစကား မတတ်ဘူး။ မူလတန်းလောက်တတ်ရင် ဘာသာစကား ပြောနိုင်မယ်လေ။ ပညာမတတ်တော့ ဘာသာစကား အခက်အခဲပေ့ါ။ ဆေးရုံဆေးခန်းမှ မဟုတ်ဘူး ဘယ်ရုံးမဆိုပေါ့။ အစိုးရနဲ့ပတ်သက်ရမယ့် ဌာနဆိုင်ရာတွေကို ကြောက်နေတယ်။ ကျွန်မတို့နယ်မှာတော့ တိုင်းရင်းသားတွေက ဆေးရုံဆေးခန်း လာရမှာကြောက်တယ်။ အဓိက ဘာသာစကား အခက်အခဲပေါ့။ အဲဒါကြောက်တော့ ဆေးရုံမလာရဲဘူး။ ရွာကဆရာတွေနဲ့ပဲ ကုတယ်။ အဓိက နယ်မှာ တွေ့ရတဲ့ ပြဿနာလေးတွေက အဲဒါတွေပေ့ါ။ နောက်တစ်ခုက ဘာသာစကားတတ်တဲ့ ဆရာမတွေရှိမှ ဆေးရုံလာရဲတယ်။ အရင်က ပညာပေးအားနည်းခဲ့တယ်။ အခုတော့ ပညာပေးတော့ ဆေးရုံဆေးခန်းတွေ လာရဲကြပြီ” လို့ ဟိုနမ့်တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာဖြူဖြူအေးက ပြောပါတယ်။

ပိုလုပ်လာနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်

မောက်မယ်မြို့မှာ PNLO ဆက်ဆံရေးရုံးရှိပြီးတော့ RCSS ဆက်ဆံရေးရုံးခွဲ မရှိပါဘူး။ PNLO ဆက်ဆံရေးရုံးကို သွားရောက်မေးမြန်းကြည့်ရာ တာဝန်ခံဖြစ်သူက ဒေါက်တာဒေါ်မြမြသန်းအနေနဲ့ ယခုထက် ပိုမို၍ လုပ်ငန်းများ ပိုမိုစွမ်းဆောင်ရည်မြင့်မားလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ပြောပါတယ်။

“တော်တော်များများ သိသလောက် မြို့နယ်ဆရာဝန်ကြီးက သွားလာတာတွေ့တယ်။ အဖွဲ့အစည်းတွေ နယ်မြေထဲမှာ ကျွန်တော်တို့နဲ့ RCSS ရှိတယ်။ ဒီလို RCSS နဲ့လည်း ချိတ်ဆက်ပြီးတော့ အဲဒီနယ်မြေထဲ သွားပြီးတော့ ကျန်းမာရေးလှုပ်ရှားတာရှိတယ်။ ကျွန်တော်တို့ PNLO နယ်မြေထဲမှာလည်း သူသွားတယ်။ တကယ်လည်း တော်တော်ကြီးကို လုပ်ခဲ့တယ်လို့ မြင်တယ်ပေါ့နော်။ မိုးရာသီ ကျွန်တော်တို့ဒေသတွေမှာ အရမ်းလမ်းဆိုးတဲ့ ဒေသတွေမှာ သူတို့တွေဟာ ဖိုးဝှီးတွေနဲ့ တကယ့်ကို တောင်တက်တောတိုး သွားလာတာကတစ်ကြောင်း၊ တစ်ခါတလေ လမ်းလျှောက်၊ တစ်ခါတလေ ဆိုင်ကယ်နဲ့ အဲဒီ လောက်အထိ သွားလာတာ တွေ့ပါတယ်။ ကျွန်တော်တို့ဆီက PHWC အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ ရှိသလို၊ RI အဖွဲ့တွေ နဲ့လည်း ပူးပေါင်းလုပ်ဆောင်တာ တွေ့တယ်။ ထိရောက်မှုလည်းရှိတယ်။ တကယ့်ကို ချောင်ကျတဲ့ဒေသက လူတွေကို ဒီမှာသင်တန်းတွေ ပြန်ပေးတာမျိုးတွေ မြို့ပေါ်ခဏခဏလုပ်နေတာလည်း တွေ့ရတယ်။ ဆုပေးတယ်ဆိုတာ သူ့ကို အားပေးအားမြှောက်ပေါ့။ အားပိုရှိသွားအောင် လုပ်ပေးလိုက်တာလို့ မြင်တယ်။ သူကိုယ်တိုင်လည်း တကယ်လည်း လုပ်နေတာပါ။ တော်တန်ရုံ မြို့နယ်ဆရာဝန်ကြီးတစ်ယောက်က ကြမ်းတမ်းပြီး ဆိုးရွားတဲ့တော်လှန်သမား၊ သူပုန်တွေရှိတဲ့ နေရာထဲအထိသွားပြီးတော့ နဂိုကတည်းကလုပ်နိုင်တဲ့ အနေအထားရှိတဲ့ကြားက ခုလို ဆုပေးလိုက်တော့ ပိုပြီး အားကြိုးမာန်တက် လုပ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မောက်မယ်ရုံး ဆက်ဆံရေးတာဝန်ခံ ခွန်မျိုးမြင့်ထွန်းက ပြောပါတယ်။

သူမလို သူရဲကောင်းများစွာ ရှမ်းပြည်နယ်၌သာမက ပြည်နယ်နှင့်တိုင်းအသီးသီးမှာ ကဏ္ဍပေါင်းစုံကနေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ချက်နဲ့ ထိုအဖြစ်အပျက်လေးများကို မှတ်တမ်းတင် ဖော်ပြရခြင်းဖြစ်ပါတယ်။

 

Most Read

Most Recent