သုံးနှစ်ပြည့် NLD အစိုးရ၏ နိုင်ငံရေးစစ်တမ်း

သုံးနှစ်ပြည့် NLD အစိုးရ၏ နိုင်ငံရေးစစ်တမ်း
နေပြည်တော်၌ ၂၀၁၈ အောက်တိုဘာ ၁၅ ရက်က အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ရစဉ်
နေပြည်တော်၌ ၂၀၁၈ အောက်တိုဘာ ၁၅ ရက်က အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ရစဉ်
Published 31 March 2019
ဆန်းမိုးထွန်း

မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်ဧပြီတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အရပ်သား အစိုးရ (သို့မဟုတ်) NLD အစိုးရ ပေါ်ပေါက်လာသည်။

NLD ပါတီသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲပြီးချိန်တွင် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်မှာ ယခုဆိုလျှင် အစိုးရသက်တမ်း သုံးနှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

NLD အစိုးရဖြစ်ပြီး သက်တမ်း သုံးနှစ်သို့ ရောက်ရှိလာချိန်တွင် ပြည်သူများအနေဖြင့် ထောက်ခံမှုများအစား အပြစ်တင်မှု၊ ဝေဖန်မှုများက ပို၍ကျယ်လောင်လာခဲ့သည်။

NLD အစိုးရ၏ သက်တမ်း သုံးနှစ်ကာလအတွင်း စီးပွားရေးအခြေအနေ၊ တိုးတက်မှုနှေးကွေးသည့် ငြိမ်းချမ်းရေး၊ အစိုးရအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များ၊ ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအား၊ အရပ်သားအစိုးရ  လက်ထက်ဖြစ်သော်လည်း မေးခွန်းထုတ်ရမည့် လွတ်လပ်စွာပြောဆို ရေးသားခွင့်နှင့် ရွေးကောက်ပွဲ ကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်နိုင်မှု စသည့် အကြောင်းအ ရာများသည် NLD အစိုးရအပေါ် လူထု၏ယုံကြည်မှုက ပါးလျလာခဲ့သည်။

ယခုကဲ့သို့သော အခြေအနေများကြောင့် NLD အစိုးရ၏ သုံးနှစ်သက်တမ်းအတွင်း လူထုက ချီး ကျူးထောက်ခံမှုများအစား ဝေဖန်မှုများကသာ ပိုမိုများပြားလာခဲ့သည်။

မကြာမီကာလဖြစ်သည့် ၂၀၂၀ တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ NLD အစိုးရသက်တမ်း ငါးနှစ်သည်လည်း နှစ်နှစ်ကျော်သာ ကျန်တော့သည့် အခြေအနေတွင် ရှိနေသည်။

လာမည့်  NLD အစိုးရ၏ လက်ကျန်သက်တမ်း နှစ်နှစ်ကျော်အတွင်း မြန်မာ့နိုင်ငံရေးအခြေအနေသည် မည်သို့ဖြစ်မည်ဆိုသည်က စိတ်ဝင်စားစရာပင်။ ပြီးခဲ့သည့် NLD အစိုးရ၏ သက်တမ်း သုံးနှစ်အတွင်း မြန်မာ့နိုင်ငံရေးသည် ထင်သလောက် ခရီးမပေါက်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

အဘယ်ကြောင့်ဆိုသော်  NLD အစိုးရ၏ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲကြေညာစာတမ်းပါ နိုင်ငံရေးကတိကဝတ်များကို သုံးနှစ်အတွင်း အောင်အောင်မြင်မြင် အကောင်အထည်မဖော်နိုင်သေးသောကြောင့် ဖြစ်သည်။

 

နိုင်ငံရေး ကတိကဝတ်

NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သည့်  ရွေးကောက်ပွဲကြေညာစာတမ်းတွင် အဓိက အချက်လေးချက် ပါရှိသည်။ ယင်းအချက်လေးချက်အနက် နိုင်ငံရေးကတိကဝတ်များအဖြစ် (၁) တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ (၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်  ပေါ်ထွန်းရေး၊ (၃) ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး ဆိုသည့် အချက်သုံးချက် ပါရှိသည်။

NLD  ပါတီက အစိုးရ တာဝန်များကို လွှဲပြောင်းယူပြီးချိန်တွင် ယခင်ဦးသိန်းစိန် အစိုးရလက်ထက် ရှိပြီးသား ဝန်ကြီးဌာနများကို လျှော့ချ၍ ဝန်ကြီးဌာန ၂၁ ခုဖြင့် စတင် တာထွက်ခဲ့သည်။ ထူးခြားချက်အနေဖြင့် ဝန်ကြီးဌာန ၂၁ ခုတွင် ပြည်ထောင်စုဝန်ကြီးများကိုသာ ခန့်အပ်တာဝန်ပေးခဲ့ပြီး ဒုတိယဝန်ကြီးများ ခန့်အပ်ခဲ့ခြင်း မရှိခဲ့ပေ။

လူထုအနေဖြင့်လည်း ယင်းလုပ်ရပ်အပေါ် အစိုးရကုန်ကျစရိတ် သက်သာသည့်အတွက် ကြိုဆိုထောက်ခံခဲ့ကြပြီး ချီးကျူးမှုများလည်း ရှိခဲ့သော်လည်း ယင်းအင်အားဖြင့် အစိုးရယန္တရားများ လည်ပတ်နိုင်ရန် လုံလောက်ခြင်း မရှိသည့်အတွက် နောက်ပိုင်းတွင် ဒုတိယဝန်ကြီးများကို ပြန်လည်ခန့်အပ် တာဝန်ပေးခဲ့ရသည်။

ယင်းဝန်ကြီးဌာန ၂၁ ခုတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနလည်း တစ်ခုအပါ အဝင်ဖြစ်သည့်အတွက် တိုင်းရင်းသားများက မျှော်လင့်ချက်ထားခဲ့ကြသည်။ သို့သော် NLD အစိုးရ သက်တမ်း သုံးနှစ်ပြည့်သည်အထိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်သည် မည်မည်ရရ ဘာမျှမရှိခဲ့ပေ။

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲတွင် ဆောင်ရွက်မည့် အချက် ခြောက်ချက်ပါရှိသည်။

ယင်းအချက်များမှာ (၁) တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဦးတည်ဆောင်ရွက်မည်။ (၂) ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်သူ့ဘဝ လုံခြုံအေးချမ်းစေမည် (၃) လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးများ ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည် (၄) ပြည်ထောင်စုဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအား လုံးဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသော စီမံချက်များ ချမှတ်ဆောင်ရွက်မည် (၅) သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အညီ ဒေသအလိုက်မျှတစွာ ခွဲဝေခံစား ခွင့်ရရှိစေရမည် (၆) တိုင်းရင်းသားများသည် အချင်းချင်းအကြား ဖြစ်ပေါ်နေသော ပြဿနာများကို အပြန်အလှန်လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်ဟု ဖော်ပြ ထားသည်။

ရွေးကောက်ပွဲကြေညာစာတမ်း အချက်ခြောက်ချက်အနက် လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးများ ရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်ဆိုသည့်အချက်မှာ NLD အစိုးရ သက်တမ်း သုံးနှစ်ပြည့်သည်အထိ အကောင်အထည်ဖော် ဆောင်နိုင်ခြင်း မရှိသေးသလို ကျန်ငါးချက်ကိုလည်း ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသားများက ဆိုသည်။

“တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ သိပ်ပြီးတော့ ထင်သာမြင်သာ မတွေ့ရပါဘူး။ ဒါတွေကတော့ ထပ်ပြီးတော့ ကြိုးစားပေးဖို့ လိုပါလိမ့်မယ်။ အဓိက ပြောချင်တာကတော့ တိုင်းရင်းသားတွေ အပေါ်ကို ပိုပြီးတော့ နားလည်ပေးစေချင်ပါတယ်”ဟု SNLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။

တစ်ဆို့နေသော ငြိမ်းချမ်းရေး

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး NLD အစိုးရအနေဖြင့် ဦးသိန်းစိန်အစိုးရထားခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအမွေကို ဆက်ခံခဲ့သည်။

ငြိမ်းချမ်းရေးသည် NLD အစိုးရ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ပါဝင်သည့် အဓိက အချက် တစ်ချက်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။

NLD အစိုးရသက်တမ်း သုံးနှစ်ကာလအတွင်း  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး  NCA စာချုပ်တွင် မွန်နှင့် လားဟူအဖွဲ့တို့ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုမူ NCA တွင် ပါဝင်လာရန် စည်းရုံးနိုင်ခြင်း မရှိသေးပေ။

ထို့ပြင်  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၃၇ ချက်နှင့် တတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၁၄ ချက် စုစုပေါင်း သဘောတူညီချက် ၅၁ ချက် ရရှိခဲ့သော်လည်း အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများမှာ ပါဝင်လာခြင်း မရှိသည့်အပေါ် ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

“ပြည်ထောင်စု သဘောတူညီချက် ရခဲ့တယ်ဆိုတဲ့ အချက်အလက်ကလည်းပဲ အမှန်တကယ်တမ်း သုံးသပ်ကြည့်ရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သိပ်ပြီး မဆန့်ကျင် မကွဲလွဲတဲ့ အချက်တွေလောက်ပဲ ကျွန် တော်တို့ တွေ့ရတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က မှတ်ချက်ပြုသည်။

၂၀၁၈ အတွင်း ညီလာခံ တစ်ကြိမ်နှင့် ၂၀၁၉ တွင် ညီလာခံ နှစ်ကြိမ်ကျင်းပမည်ဖြစ်ပြီး ယင်း ညီလာခံ သုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ်ချမှတ်၍ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ တည်ဆောက်ပေးရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသော်လည်း ၂၀၁၉ ဧပြီ ရောက်သည်အထိ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ကျင်းပနိုင်ခြင်း မရှိသေးပေ။

ငြိမ်းချမ်းရေးအတွက် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများရရှိရေး ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ နှစ်ဖက်ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ၂၀၁၈ အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

၂၀၁၈ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များအကြား ခွဲမထွက်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ယင်းနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့အကြား လိပ်ခဲတည်းလည်းဖြစ်နေသည့် အကြောင်းအရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးကိစ္စပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခွဲမထွက်ရေးဆိုတဲ့အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်တွေရဲ့  ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲရေးစတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိထားပြီးမှ ချန်လှပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ်ဆိုတာကို ပြောချင်ပါ တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ခွဲမထွက်ရဟူသော တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် ရေရှည်အတွက် အာမခံချက်ပြည့်ဝပြီး ယုံကြည်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး သံသယကင်းစွာဖြင့် ထာဝရအတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသားညီအစ်ကို မောင်နှမများ အပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် ပြည့်စေဖို့ ၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရ အတူတကွလက်တွဲပြီး လုပ်တာဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကတစ်ဆို့မှုဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးဆိုသည့် အမြင်အပေါ်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အမြင်ကွာဟချက်များရှိနေပြီး အဆိုပါကိစ္စကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်နေသည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

“ဖက်ဒရယ်မူကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုတဲ့ ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ်ရှိမယ် ဆိုရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုး အခွင့်အရေးလဲဆိုတာကို တင်ပြချင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ပြည်ထောင်စုတစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဖြစ်တယ်။ ဒါကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲ ပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြ ဋ္ဌာန်းရမှာဖြစ်ပြီး တစ်ဆက်တည်း မှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေ ရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ခွဲမထွက်ရေး ကိစ္စ ပြေလည်မှုမရ၍ ၂၀၁၇ မေလက ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ ခွဲမထွက်ရေးဆိုသည့် အချက်နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲရေး စသည့်ကိစ္စများသည် သဘောတူညီချက်ရပြီးမှ ချန်လှပ်ခဲ့ရသည်။

နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကြာ အစိုးရ၊ တပ်မတော်နှင့် NCA-S EAO ခေါင်းဆောင်များက သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်များ ချမှတ်ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံသုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ် များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိ နိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ NCA အခန်း(၅)၊ နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊  NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရေး စသည့် အချက်များကိုလည်း သဘောတူညီမှု ရရှိခဲ့သည်။

ဖက်ဒရယ်တည်ဆောက်ရေးအတွက် အရေးကြီးလှသော အမျိုးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံ ဒေသန္တရအုပ်ချုပ်ရေး၊ သဘာဝ သံယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေရေး ဆိုင်ရာ၊ ဖက်ဒရယ် ဘဏ္ဍာရေးခွဲဝေသုံးစွဲမှုဆိုင်ရာ အခြေခံမူများ စသည့် အခြေခံအချက်များပေါ်တွင် ဆွေးနွေးခြင်း မရှိသေးဘဲ ဖက်ဒရယ်အခြေခံမူများကို အားသွန်ခွန်စိုက် ဆွေးနွေးညှိနှိုင်းရမည့်အစား ဖက်ဒရယ်မူနှင့် မသက်ဆိုင်သည့် ပြည်ထောင်စုမှ ခွဲထွက်ခွင့်၊ ခွဲမထွက် ခွင့်တို့ဖြင့်သာ အချိန်ကုန်နေသည်ဟု တိုင်းရင်းသားများက ရှုမြင်ကြသည်။

NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်း အဝေးတွင် သဘောတူညီချက် ၃၇ ချက်၊ တတိယအစည်းအဝေးတွင် သဘောတူညီချက် ၁၄ ချက် စုစုပေါင်း ၅၁ ချက်ကို ပြည်ထောင်စု သဘောတူညီချက်အဖြစ် ရရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများကို ဆွေးနွေးချ မှတ်နိုင်ခြင်းမရှိသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဘဝင်မကျစရာ ဖြစ်ခဲ့ရသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို  သုံးကြိမ်အထိ ကျင်းပပြီးသော်လည်း ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်၊ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် တိုက်ရိုက်ဆိုင်သည့် ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာကိစ္စများသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင် ဆက်လက်ညှိနှိုင်းရန် တစ်ဆို့နေသည်။

အဆိုပါကိစ္စများနှင့် ဆက်စပ်ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ရောက်ရှိနေသည့် NCA အကောင်အထည်ဖော်မှု လမ်းကြောင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မူလရည်မှန်းထားသည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုရောက်ရှိစေမည့် လမ်ကြောင်းမှ သွေဖည်သွားပြီဖြစ် ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ် ၅ ရက်က ကျင်းပခဲ့သည့် NCA- S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST ) အထူးအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှု လမ်းကြောင်းဟာ မူလက ကျွန်တော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ယင်းအခြေအနေကို တည့်မတ်ရန် ရည်ရွယ်ချက်ဖြင့် KNU  နှင့် RCSS ဥက္ကဋ္ဌ နှစ်ဦးမှ ဆွေးနွေးရမည့် အချက်သုံးချက်ပါရှိသော စာတစ်စောင်ကို ၂၀၁၈ အောက်တိုဘာ ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ပေးပို့ခဲ့သည်။

အဆိုပါစာတွင် ပါရှိသည့် အချက်သုံးချက်နှင့်ပတ်သက်၍  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အကြား ဘုံသဘောထားရယူပြီး မည်သို့ရှေ့ဆက်သွားမည်ကို PPST အထူးအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

NCA  လက်မှတ်ရေးထိုးထားသည်မှာ သုံးနှစ်ကျော် လေးနှစ်နီးပါး အချိန်ကာလတစ်ခုကို ဖြတ်သန်းလာခဲ့ပြီဖြစ်သော်လည်း ရလဒ်ကို ကြည့်မည်ဆိုပါက လောက်လောက်လားလား ဖြစ်သည့် ရလဒ် မျိုးမရရှိသေးကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်စစ်က သုံးသပ်သည်။

“ရှေ့လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့နေရာမှာ အချက်သုံးချက်ကို အဓိကထားပြီး ပြောပြလိုပါတယ်။ (၁) အချက်ကတော့ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်တဲ့ကိစ္စ၊ အရမ်းကို အရေးကြီးတယ်။ ယုံကြည်မှု တည်ဆောက်တယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ PPST နဲ့ NCA  လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ကြားတင်မဟုတ်ဘဲ ဆွေးနွေးဖော် ဆွေးနွေးဖက်ဖြစ်တဲ့ အစိုးရ၊ တပ်မတော်နဲ့လည်း ယုံကြည်မှု တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားဖို့ လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ရွက်စစ်က ပြောကြားသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသည့်ကိစ္စမှာ မခွဲထွက်ရကိစ္စနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စဖြစ်ပြီး ယင်းကိစ္စများကို ဆွေးနွေးမည်ဆိုပါက တရားဝင်ဆွေးနွေးခြင်းထက် အလွတ်သဘောနည်းဖြင့် တွေ့ဆုံဆွေးနွေးခြင်းက သင့်လျော်ကြောင်း ဗိုလ်ချုပ်ကြီး ရွက်စစ်ကဆိုသည်။

လက်ရှိတွင် NCA-S EAO အဖွဲ့များထဲမှ KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားပြီး  RCSS မှာမူ ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အစည်းအဝေးများ တက် ရောက်ခြင်းမှ ယာယီရပ်ဆိုင်းထားသည်။

NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးအပြီး ထိုင်းနိုင်ငံချင်းမိုင်မြို့၌ မတ် ၈ ရက် က  ငြိမ်းချမ်းရေးကော်မရှင် (PC)မှ ကိုယ်စာလှယ်များအနေဖြင့် ကရင် အမျိုးသားအစည်းအရုံး(KNU)၊  NCA-S EAO (၁၀) ဖွဲ့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့်လည်း အလွတ်သဘော လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ အလွတ်သဘောဆွေးနွေးရာတွင် တိုးတက်မှုများရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) ၏ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မတ် ၁၀ ရက်က ရေးသားထားသည်။

“အလွတ်သဘော ဆွေးနွေးပွဲရဲ့ သဘောသဘာဝက ဆုံးဖြတ်ချက်မရှိ ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ၊ နားလည်မှု၊ ယုံကြည်မှုတွေ ပိုရှိလာဖို့ ဖြစ်ပါတယ်။ ဒီတခေါက် ဆွေးနွေးမှုတွေကို အားရပါတယ်။ တိုးတက်မှုတွေရှိပါတယ်။ ဒီလိုပြောလို့ ချက်ချင်းအားလုံးပြေလည်မယ်လို့ မဆိုလိုပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ ခရီးရှည်ကြီးပါ။ နိုင်ငံရေးတို့ ငြိမ်ချမ်းရေးတို့ဆိုတာ အတက်အကျ ရှိတတ်ပါတယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။

ထို့ပြင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် မတ် ၁၁ ရက်က  NRPC နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့  ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် သဘောထားခြောက်ချက်ကို စုစည်းခဲ့နိုင်ပြီး တိုးတက်သည့် ဆွေးနွေးမှုဖြစ်သည်ဟု NRPC က သတင်းထုတ်ပြန်သည်။

ထို့ပြင် မတ် ၂၁ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အချက်ငါးချက်ကို သဘောထား စုစည်းနိုင်ခဲ့သည်။ ယင်းအချက်များမှာ (က) လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြရန်။ (ခ) တစ်နိုင်ငံလုံး တည်ငြိမ် အေးချမ်းမှုကိုထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ကြိုးပမ်းကြရန်။ (ဂ) ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံ ပြည်သူများအရေးအတွက် နှစ်ဖက်စလုံးက အလေးထား ဆောင်ရွက်ကြရန်။ (ဃ) အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အရင်းခံ အကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန်။ (င) နှစ်ဖက် အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ ပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ဆက်လက် ပြုလုပ်သွားရန်တို့ ဖြစ်သည်။

“ကျွန်တော်တို့က တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဆိုတာ ကျွန်တော်တို့သွားနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အောင်မြင်တဲ့အခါမှာဖြစ်စေ ဒါမှမဟုတ် ၂၁ ရာစုပင်လုံက သွားနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်မှု ရလာတဲ့အခါဖြစ်စေ ဒီတောင်းဆိုချက်တွေ အပြည့်ရသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်လမ်းတည်းမဟုတ်ဘဲ နည်းလမ်းအသွယ်သွယ်နဲ့ တိုင်းရင်းသားများရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

 

 

လွှတ်တော်တွင် တစ်ကျော့ပြန် ဖွဲ့စည်းပုံပြင်ဆင်ခြင်း

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် NLD အနေဖြင့် သူရဦးရွှေမန်းနှင့် ပူးပေါင်းပြီး နှစ်နှစ်ကျော် အချိန်ယူ၍ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းရာ၌ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်တွင် စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုသည့် စကားလုံးတစ်လုံးကိုသာ ပြောင်းလဲနိုင်ခဲ့ပြီး အဆုံးသတ်ခဲ့သည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့ရာတွင် မအောင်မြင်သည့်အတွက် NLD အစိုးရက ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့်လမ်းကို ရွေးခဲ့သည်။

ငြိမ်းချမ်းရေးမှတစ်ဆင့် ဖွဲ့စည်းပုံ ပြင်ဆင်ရန်ကြိုးပမ်းမှုသည် NLD အစိုးရသက်တမ်းအတွင်း ဖြစ်နိုင်ခြေနည်းပါးသည့် အနေအထား ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“ငြိမ်းချမ်းရေး ပရောဆက်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားမယ်ဆိုရင်တော့ ကျန်တဲ့ အစိုးရရဲ့ သက်တမ်းအတွင်းမှာ အောင်မြင်နိုင်ဖို့ အနေအထားမှာ မရှိဘူး။ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်မှုတွေက အစိုးရသစ်တက်ခါစတုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုပဲ။ ငြိမ်းချမ်းရေးက ပထမ၊ ငြိမ်းချမ်းရေးက ဒုတိယ၊ ငြိမ်းချမ်းရေးက တတိယအနေနဲ့ ကြိုးစားခဲ့ကြတာပဲ။ ဒါပေမဲ့ အခုကာလကြာလာတဲ့အခါမှာ ငြိမ်းချမ်းရေးဟာ ဒီအစိုးရ သက်တမ်းအတွင်းမှာ ရဖို့ဆိုတာက တော်တော်လေးကို ခဲယဉ်းနေပြီလေ”ဟု  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ)က “ဒေါ်အောင်ဆန်းစုကြည် အစိုးရကလည်း တက်လာတဲ့အချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးလို့ ပြောထားပေမယ့် ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ နည်းလမ်းအတိုင်းသွားတာက ပိုပြီးတော့ ဖြစ်နိုင်တယ်။ တပ်မတော်ကလည်း လိုလားတဲ့ဟာ ဖြစ်လိမ့်မယ်ဆိုပြီးတော့ အဲဒီလမ်းကို လျှောက်ခဲ့တယ်။ လျှောက်ရင်း လျှောက်ရင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရှေ့မတိုးဘဲနဲ့ နောက်ပြန်ဆုတ်တဲ့သဘောမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ ဒီ သက်တမ်းအတွင်းမှာ အဲဒီလမ်းအတိုင်းသွားလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက မဖြစ်နိုင်တော့ဘူးဆိုတာ သေချာသလောက် ဖြစ်လာတယ်” ဟု သုံးသပ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြင့် နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဦးတည်ခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့မှုများရှိခဲ့ ပြီး ရပ်တန့်နေသောကြောင့် NLD အစိုးရ သက်တမ်း သုံးနှစ်ပြည့်ခါနီး အချိန်တွင် လွှတ်တော်လမ်းကြောင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကြိုးပမ်းလာခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့သည်။

ထိုသို့ အဆိုတင်သွင်းခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်းနှင့် မဲခွဲဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ကြောင်း တင်ပြခဲ့ပြီး   မတ်တတ်ရပ်ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်တွင် အဆိုကို ဆွေးနွေးရန် မဲခွဲအတည်ပြုခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က “ကျွန်တော်တို့ကတော့ စောစောက ပြောသလို လုပ်ထုံးလုပ်နည်းနဲ့ညီအောင်လုပ်ပါ။ ဥပဒေအတိုင်းလုပ်ပါလို့ ပြောတာလေ။ အခုဟာက ဥပဒေကို ကျော်လွန်ပြီးတော့ လုပ်နေတယ်။ လုပ်နေပြီးတော့ ဥပဒေကျော်လွန်ပြီး လုပ်တဲ့ဟာကို အဆိုကို မဲခွဲပြီး အတည်ပြုပြီးတော့ အဆိုအတည်ဖြစ်တယ်လို့ လုပ်သွားမှာ။ ဒီလိုဖြစ်တာ လုပ်ထုံးလုပ်နည်းနဲ့ ညီလား။ အဆိုတင်ပြီးတော့ မဲခွဲလုပ်ရမယ့်ကိစ္စမဟုတ်ပါဘူးလို့ ကျွန်တော်တို့ ပြောနေတာ။ ပြောလျက်သားနဲ့ ဆက်လုပ်တဲ့အတွက် ကျွန်တော်တို့က လုံးဝသဘောမတူတဲ့အတွက် မတ်တတ်ရပ်ပြီးတော့ ကန့်ကွက် လိုက်တာ”ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုကိစ္စနှင့် ပတ်သက်၍  တပ်မ တော်သားကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော် နာယကထံ ကန့်ကွက်စာပေးပို့ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက် က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုအား NLD ပါတီမှ ကိုယ်စားလှယ် ၁၃ ဦး၊  USDP ပါတီ မှ ငါးဦး၊ ANP ပါတီမှ နှစ်ဦး၊ မွန် အမျိုးသားပါတီမှ တစ်ဦး၊ တအောင်း ပလောင်ပါတီမှ နှစ်ဦး၊ NUD ပါတီ မှ တစ်ဦး၊ SNLD ပါတီမှ သုံးဦး၊ တစ်သီးပုဂ္ဂလ တစ်ဦး စသည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၀ က ဆွေးနွေးခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခြင်း မရှိခဲ့ပေ။

ထို့နောက် ဖေဖော်ဝါရီ ၆ ရက် ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန်ကိစ္စနှင့် ပတ်သက်၍ ထောက်ခံ၊ ကန့်ကွက်၊ အကြံပြု အမျိုးမျိုးရှိသည့်အတွက် အဆိုအား စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲပေးသောနည်းဖြင့် လွှတ်တော်အဆုံးအဖြတ်ရယူရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၁ မဲတွင် အဆိုကို ထောက်ခံမဲ ၄၁၄ မဲ၊  ကန့်ကွက်မဲ ၁၉၁ မဲနှင့် ကြားနေမဲ ခြောက်မဲဖြစ်၍ အဆိုအား အတည်ပြုခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အား ကန့်ကွက်သူရှိသည့်အတွက် မဲခွဲဆုံးဖြတ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၄ ဦးအနက် ထောက်ခံဆန္ဒမဲပေါင်း ၃၈၉ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၁၉၂ မဲ၊ ကြားနေဆန္ဒမဲပေါင်း သုံးမဲရှိခဲ့ပြီး ထောက်ခံမဲ များသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းကို အတည်ပြုကြောင်း လွှတ်တော်က ကြေညာသည်။

ယင်းကော်မတီကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းရှိ နိုင်ငံရေးပါတီ ၁၄ ပါတီမှ ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့တာကစပြီးတော့ လုပ်နည်းလုပ်ဟန် မဟုတ်ဘူး။ ဖွဲ့စည်းပုံက သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး နည်းလမ်းမဟုတ်ဘူးဆိုပြီး တပ်မတော်နဲ့ အငြင်းပွားခဲ့ကြတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လမ်းကြောင်း နှစ်ကြောင်းကနေပြီးတော့ ကြိုးစားတာ တွေ့ရတယ်။ တစ်ခုကတော့ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးရရှိတဲ့ သဘောတူညီချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ထည့်ဖို့။ အခု တတိယပင်လုံညီလာ ခံပြီးသွားပြီဆိုပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ထိရောက်တဲ့ ပြင်ဆင်မှု ဘာမှ မလုပ်နိုင်သေးဘူး။ အဲဒီလို မလုပ်နိုင်ဘဲနဲ့ ရပ်တန့်နေတဲ့အတွက် လွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူပေါင်းကော်မတီဖွဲ့စည်းတာ ဖြစ်နေတယ်”ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ထောက်ပြပြောဆိုသည်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင် မည်ဆိုလျှင် လွှတ်တော်ကိုယ်စား ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်နိုင်မည်ဖြစ်သောကြောင့် NLD အနေဖြင့် တပ်မတော်သားကိုယ် စားလှယ်၊ တိုင်းရင်းသားကိုယ်စား လှယ်နှင့် အခြားပါတီကိုယ်စား လှယ်များနှင့်ပါ ဆက်ဆံရေးပြေ လည်ရမည်ဖြစ်ပြီး မပြေလည်ပါက အခက်အခဲကြုံလာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြား သည်။

“လွှတ်တော်ထဲကဆိုရင် ပြင်ဆင်နိုင်ဖို့ဆိုတာက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲရရှိမှ ဖြစ်တဲ့ အတွက်ကြောင့် တပ်မတော်နဲ့ ဆက်ဆံရေး၊ နောက်ပြီး တခြားသော တိုင်းရင်းသားပါတီ၊ တခြားသော ဆက်ဆံရေးတွေက ပြေလည်ဖို့ လိုအပ်လာပြီ။ ဒီဟာ မပြေလည်ဘဲနဲ့တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးက အခက်အခဲတွေနဲ့ ကြုံရဦးမယ်လို့ ထင်ပါတယ်” ဟု ဦးစိုင်းသီဟကျော်က ဆိုသည်။

 

 

အစိုးရနှင့် တပ်မတော် ဆက်ဆံရေး

NLD ပါတီအနေဖြင့် အစိုးရတာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် တပ်မတော်နှင့် သင့်မြတ်ရေးသည် အဓိက အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်အရ တပ်မတော်သည် လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်း နေရာရထားသည့်အပြင် အစိုးရပိုင်းတွင်လည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးသုံးဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင်းရပြီး သမ္မတက ခန့်အပ်ရခြင်းဖြစ်သည်။

ထို့ပြင် တိုင်းပြည်တွင် တစ်ခုခု မငြိမ်မသက် ဖြစ်လာပါက အခြေခံ ဥပဒေအရ တပ်မတော်သည် တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအပိုင်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို NLD အစိုးရအနေဖြင့် မျက်ကွယ်ပြု၍ မရပေ။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ချိန်တွင် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုက ကြီးမားခဲ့သည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ပထမဆုံး ဥပဒေဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို အတည်ပြုရာတွင် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရသည်။

ယင်းဥပဒေ အတည်ပြုခြင်း နှင့်ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်ဟု ထုတ်ဖော်ပြောကြားသည်အထိ ဖြစ်ပေါ်ခဲ့သည်။

NLD အစိုးရ သုံးနှစ်သက်တမ်းအတွင်း NLD ဘက်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသော်လည်း တပ်မတော်ဘက်က လိုက်လျောမှု နည်းပါးသောကြောင့် အစိုးရနှင့် တပ်မတော်ဆက်ဆံရေးက အောင်မြင်ဖြစ်ထွန်းမှုနည်းပါးကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

“အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးက NLD အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တပ်မတော်ကို ပြဿနာ တော်တော်များများမှာ တော်တော်လေး လိုက်လျောမှု ရှိစွာ ဆက်ဆံခဲ့ပါတယ်။ ဒါတင်မကဘူး။ အခုရခိုင်ပြည်နယ်က ဘင်္ဂါလီအရေး ဖြစ်လာတဲ့အခါမှာ တစ်ပြည်လုံးရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ထားတဲ့ တစ်ချိန်တည်းမှာ တပ်မတော်ကိုလည်း NLD အစိုးရဘက် ကနေပြီးတော့ ကာကွယ်ရပ်ခံမှုတွေ ရှိနေပါတယ်။ အဲဒီလိုရှိနေတဲ့ အခြေအနေအောက်မှာ တစ်ဖက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆိုင်တဲ့ အဆိုတွေကိုတောင် စစ်တပ်ကနေ လွှတ်တော်ထဲမှာ ကန့်ကွက်တာ တွေရှိပါတယ်။ အဲဒီတော့ ပြောချင်တာက NLD က အမျိုးသားရင်ကြားစေ့ပေမဲ့ တပ်မတော်ရဲ့ လိုက်လျော မှုကတော့ အတော်နည်းပါးတယ်။ ဒါကြောင့်မို့ အဲဒါကလည်း အောင်မြင်ဖြစ်ထွန်းတိုးတက်မှု နည်းတယ် လို့ ပြောချင်တယ်”ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

သို့သော် သုံးနှစ်ကာလအတွင်း အစိုးရနှင့် တပ်မတော်ကြားတွင် ပဋိပက္ခ ကြီးကြီးမားမားမဖြစ် ခြင်းသည် ကောင်းမွန်သည့်အချက် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ဆိုသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရနှင့် တပ်မတော် ဆက်ဆံရေး၏ အဓိက ပန်းတိုင်သည် တပ်မတော်ကို အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရေးဖြစ်ပြီး တပ်မတော်၏ လုပ်ပိုင်ခွင့် အာဏာကို တစ်ဆင့်ချင်း လျှော့ချရန် ဖြစ်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့်နိုင်ငံများတွင် တိုင်းပြည် တည်ငြိမ်ရေးသည် အရေးကြီးသည်ဟုဆိုသော်လည်း တပ်မတော်အနေဖြင့် နိုင်ငံရေးမှ တစ်ဆင့်ချင်း ဆုတ်ခွာဖို့ဆိုလျှင် အာဏာရအစိုးရနှင့် တပ်မတော်ကြားတွင် သဘောတူညီချက်ရရှိရန် လိုသည်။ သို့ သော် NLD အစိုးရသက်တမ်း သုံးနှစ်ရှိပြီဖြစ်သော်လည်း ယင်းသဘောတူညီချက်ကို လေသံပင် မကြားရသေးချေ။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ကို ချဉ်းကပ်ပုံသည် အမာလိုင်းမဟုတ်ဘဲ အ ပျော့လိုင်းဖြင့် ချဉ်းကပ်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ ယခင် အတိုက်အခံဘဝတွင် တပ်မတော်နှင့် ပတ်သက်၍ မာမာထန်ထန် ပြောကြားခဲ့သော်လည်း အစိုးရဖြစ်ပြီးချိန် တွင်မူ ပြည်သူမနာသည့်နည်းဖြင့် လုပ်ဆောင်သွားမည်ဟု  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောကြားလာသည်။

သမ္မတအိမ်တော်တွင် ၂၀၁၈ အောက်တိုဘာ ၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်မူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရနှင့် တပ်မတော် ဆက်ဆံရေးကောင်းမွန်မှု ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြား တွေ့ဆုံမှုများ မကြာခဏရှိကြောင်း၊ နှစ်ဦးတည်းတွေ့ဆုံခြင်း၊ အကြောင်းအရာပေါ် မူတည်ပြီး သမ္မတပါဝင်သည့် တွေ့ဆုံပွဲ ပြုလုပ်ခြင်း၊ သမ္မတမပါဝင်သော အခြားတွေ့ဆုံခြင်းများလည်း ရှိသည်ဟု ဦးဇော်ဌေးက ဆိုသည်။ 

သို့သော် ပြီးခဲ့သည့် မတ် ၂၇ ရက် နေပြည်တော်တွင်ပြုလုပ်သော (၇၄) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် မလိုလားအပ်သည့် နိုင်ငံရေးအကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း နည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ အဆင့်ဆင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

“ဒီလိုပြင်ဆင်တဲ့နေရာမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနည်းလမ်းများအတိုင်း ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင်သွားရမှာဖြစ်တယ်”ဟု ဒုတိယ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ထိုသို့ ပြောကြားလာခြင်းသည် NLD ၏ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ သတိပေးလိုက်ခြင်းမျိုး ဖြစ်နေသည်။

ထို့ကြောင့် အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးကောင်းသည်ဟု ပြောကြားနေသော်လည်း လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နေ့ အခမ်းအနားမျိုးတွင် ပေါ်ပေါ်တင်တင် ပြောကြားလာခြင်းသည် အစိုးရနှင့် တပ်မတော်ကြားက ဆက်ဆံရေးကို မေးခွန်းထုတ်ရမည့် အနေအထားမျိုး ဖြစ်နေသည်။

“လက်ရှိအခြေအနေတွေအရ သုံးသပ်ကြည့်ရင်တော့ အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးက မပြေလည်ခဲ့ဘူးလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်။ တကယ်လို့သာ ဆက်ဆံရေး ပြေလည်နိုင်ခဲ့မယ်ဆိုလို့ ရှိရင် နဂိုကတည်းကလုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ကြိုတင်ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်လို့ရတဲ့ ကိစ္စတွေရှိပါတယ်။ တပ်မတော်အနေနဲ့ကလည်း စိုးရိမ်ချက်တွေ ရှိနေတယ်။ တပ်ကလည်း မပြင်ဘူး လို့ မပြောဘူး။ ကန့်ကွက်တာကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာ မဟုတ်ဘူး။ လုပ်နည်းလုပ်ဟန်ကို ကန့်ကွက်နေတာဖြစ်တယ်။ တကယ်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အများကြီးကိုသွားပြီးဖွလိုက်မှာကို တပ်က စိုးရိမ်တယ်။ တပ်က အဓိက အရေးကြီးတဲ့အချက် တစ်ချက်နှစ်ချက်လောက် ပြင်သွားဖို့ဆိုရင်တော့ လက်ခံနိုင်တဲ့အနေ အထားရှိမယ်။ ဖွဲ့စည်းပုံပြင်ဖို့ အားလုံးက ဆန္ဒရှိပေမယ့် ပြင်ပုံပြင်နည်းနဲ့ပြင်မယ့်အချက် အလက်တွေအပေါ်မှာ သဘောထားတွေ ကွဲလွဲနေတာကို တွေ့ရတယ်။ အဲဒီလိုမျိုး သဘောထားတွေ ကွဲလွဲပြီဆိုရင်တော့ ကျွန်တော်တို့ သဘောတူညီချက်ရ နိုင်ဖို့ဆိုတာ ပိုပြီးတော့ အလှမ်းဝေးသွားပြီလို့ ထင်တယ်။ နဂိုကတည်းက ဆက်ဆံရေးတွေ မပြေလည်ခဲ့တာကြောင့်မိုလို့ ဒီအနေအထား အထိဖြစ်ခဲ့တယ်လို့ပဲ သုံးသပ်လို့ ရမယ်ထင်တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က သုံးသပ်ပြောကြားသည်။

 

အုပ်ချုပ်ရေးစစ်တမ်း

NLD အစိုးရ သက်တမ်းတစ်ဝက် ဆောင်ရွက်ချက်များအပေါ် အမြင်သဘောထားနှင့် ပတ်သက်၍ နိုင်ငံသားထက်ဝက်ခန့်က နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများမှာ ယခင် ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ယခုအစိုးရလက်ထက်တွင် ပိုမိုကောင်းမွန်လာသည် ဟုဖြေဆိုကြသော်လည်း ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံသားများ၏ ထက်ဝက်အောက်ကသာ ယခု အစိုးရလက်ထက်တွင် ပိုမို ကောင်းမွန်သည်ဟု ဖြေဆိုကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့(PACE) ၏ အစီရင်ခံစာက ဆိုသည်။ 

“အစိုးရသက်တမ်းတစ်ဝက် ဆောင်ရွက်ချက်များအပေါ် နိုင်ငံသားများ၏ သဘောထားအမြင်”ဟု အမည်ရသော အစီရင်ခံစာကို (PACE) အဖွဲ့က ၂၀၁၈ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

NLD ပါတီဦးဆောင်သော အစိုးရသက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်များအပေါ် လူ ထုသဘောထားစစ်တမ်း ကောက်ယူရာတွင် အကောင်းမြင်မှု ရာခိုင်နှုန်း များနေသေးကြောင်း ရွေးကောက် ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ယင်းအစီရင်ခံစာအတွက် ၂၀၁၈ စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ လူဦးရေ ၂၅၉ ဦးက နိုင်ငံအဝှမ်းရှိ နိုင်ငံသား ၂၃၆၄ ဦးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

အနိုင်ရပါတီအနေဖြင့် ၂၀၁၈ ခုနှစ်တွင် သက်တမ်းတစ်ဝက်ရှိပြီဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတို့မှာ လူထုအကြား ရေပန်းစားခဲ့သည့် ရွေးကောက်ပွဲကြွေးကြော်သံများ ဖြစ်ကြောင်း ယခုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယေဘုယျအားဖြင့် မေးခွန်းများအား ဖြေဆိုကြသူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနေအထားမှာ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက် အနေအထား ထက်ပို၍ ကောင်းမွန်သည်ဟု ဖြေကြားကြသော်လည်း ဒီမိုကရေစီ အပြည့်အဝ ရရန်မှာမူ အလှမ်းဝေးနေဆဲဟု သဘောထားပေးကြကြောင်း အစီရင်ခံစာက ဆိုသည်။

ဒီမိုကရေစီ၏ အဓိကလက္ခဏာ သုံးရပ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဖြေဆိုသူများအနက် ၅၇ ရာခိုင်နှုန်းခန့်က ဖြေဆိုနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ငြိမ်းချမ်းရေးဟု ဖြေဆိုသူ ၁၇ ရာခိုင်နှုန်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများဟု ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းနှင့် တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုနှင့် လုံခြုံမှုတို့ဖြစ်သည်ဟု ဖြေဆိုသူ ခုနစ်ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် မျှော်မှန်းချက်များနှင့် ပတ်သက်၍ မေးခွန်းများအား ဖြေဆိုသူ ထက်ဝက်ခန့်က တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ ဝန်ကြီးချုပ်များကို နိုင်ငံသားများက တိုက်ရိုက်ရွေးချယ်သင့်သည်ဟု ဆိုသည်။ သို့သော် ၂၇ ရာခိုင်နှုန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို အာဏာ ပိုပေးသင့်သည်ဟု ဆိုပြီး ၂၁ ရာခိုင်နှုန်းကမူ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ  များအကြား လုပ်ပိုင်ခွင့်အာဏာကို ယခုအတိုင်း ဆက်လက်ထားရှိသင့်သည်ဟု ဆိုထားသည်။

ထို့ပြင် ပြည်ထောင်စုအဆင့် လွှတ်တော်များရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ အရေအတွက်ကို ယခုအရေအတွက်အတိုင်း  ထားသင့်သည် သို့မဟုတ် ထပ်မံတိုးသင့်သည်ဟု ဖြေဆိုသူ၏ ၃၅ ရာခိုင် နှုန်းခန့်ရှိပြီး ၃၂ ရာခိုင်နှုန်းကမူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အရေအတွက်ကို လျှော့ချသင့်သည် သို့မဟုတ် လုံးဝ မရှိသင့်ဟု ဖြေဆိုခဲ့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီခံစာ ရလဒ်များအရ NLD အစိုးရ၏ သက်တမ်းဝက်ကာလအတွင်း လုပ်ဆောင်ချက်များအပေါ်တွင် ပြည်သူများက အကောင်းမြင်နေဆဲဟု ဖော်ပြထားသော်လည်း လက်တွေ့ပကတိအခြေအနေတွင် မူ အစိုးရသက်တမ်းတစ်ဝက်အတွင်း NLDအနေဖြင့် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

အုပ်ချုပ်ရေးပိုင်းတွင်မူ သက်တမ်းသုံးနှစ်အတွင်း ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ထွေအုပ်ကို သမ္မတနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ လက်အောက်သို့ ပြောင်းရွေ့နိုင်ခြင်း၊ အစိုးရအဖွဲ့တွင် အဂတိ လိုက်စားမှုရှိခဲ့သည့် ညွှန်ချုပ်အဆင့်၊ တိုင်းဥပဒေချုပ်အဆင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်အဆင့် ရာထူးရှိသူများကို တရားစွဲဆိုနိုင်ခဲ့ခြင်း၊ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် တိုင်းနှင့်ပြည်နယ်များသို့ ကိုယ်တိုင်ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံပြီး အောက်ခြေ၌ဖြစ်ပျက်နေသည်များကို တင်ပြလာပါက ပြည်သူများရှေ့တွင် ဝန်ကြီးချုပ်များကို ဖြေဆိုခိုင်းခြင်း စသည့်အချက်များကိုမူ အသိအမှတ်မပြု၍ မရပေ။

သို့သော် သက်တမ်းသုံးနှစ်အတွင်း အစိုးရအဖွဲ့အနေဖြင့် ပြည်သူများနှင့် ထိတွေ့မှု နည်းပါးခြင်း၊ အုပ်ချုပ်ရေးဝန်ထမ်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မှု အားနည်းချက်များလည်း ရှိခဲ့ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ ပြည်သူနဲ့ထိတွေ့မှု နည်းပါးတယ်။ နောက်တစ်ခါ အုပ် ချုပ်ရေးဝန်ထမ်းတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှုက အားနည်းတယ်လို့ သုံးသပ်တယ်။ ထွေအုပ်ကို သမ္မတနဲ့တကွ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်လက်အောက်ကို ရွှေ့ပြောင်းတာ၊ တရားစီရင်ရေး စနစ်ကို ပြောင်းလဲနေတာတွေက အုပ်ချုပ်ရေးပိုင်းကို ပြောင်းလဲနေတာဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။      

 

Most Read

Most Recent