ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၄၀ အနက် မြို့ပြနှင့်အလှမ်းဝေးကွာသည့် စစ်ဘေးရှောင်စခန်း ၃၀ ခန့်တွင် သောက်ရေအခက်အခဲကြုံတွေ့နေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၄၀ အနက် မြို့ပြနှင့်အလှမ်းဝေးကွာသည့် စစ်ဘေးရှောင်စခန်း ၃၀ ခန့်တွင် သောက်ရေအခက်အခဲကြုံတွေ့နေ
ရသေ့တောင်မြို့နယ် ပဲသဒူ ဒုက္ခသည်စခန်းတွင် သုံးရေအတွက် လက်တူးတွင်းများ တူးဖော်ထားသည်ကိုတွေ့ရစဉ် (REC)
ရသေ့တောင်မြို့နယ် ပဲသဒူ ဒုက္ခသည်စခန်းတွင် သုံးရေအတွက် လက်တူးတွင်းများ တူးဖော်ထားသည်ကိုတွေ့ရစဉ် (REC)
Published 28 March 2019

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၄၀ အနက် မြို့ပြနှင့်အလှမ်းဝေးကွာသည့် စစ်ဘေးရှောင်စခန်း ၃၀ ခန့်တွင် သောက်ရေအခက်အခဲကြုံတွေ့နေရကြောင်း Rakhine Ethincs Congress (REC) မှကောက်ယူထားချက်များအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းရှိ အထက်သင်ပုန်းတန်း၊ ဖားကြွယ်စခန်း၊ အောက်မြတ်လှဲစခန်း၊ ဘူးသီးတောင်မြို့နယ်ရှိ ခွဆုံ၊ စေတီတောင်စခန်းများ၊ ရသေ့တောင်မြို့နယ်ရှိ ပဲသဒူ၊ စျေးခေါင်း၊ ဆင်ခုံးတိုင်၊ အိုးဖောက်စခန်းများတွင် ပိုမိုပြီး အခက်အခဲကြုံနေရသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ပဲသဒူစစ်ရှောင် စခန်းတွင် အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၈၉ ဦးရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းခြင်း၊ မြို့ပြနှင့် အလှမ်းဝေးခြင်း၊ လုံခြုံရေး စိတ်မချရခြင်းတို့ကြောင့် ကူညီထောက်ပံ့မှု အနည်းဆုံးသာ ရရှိခဲ့သောစခန်းတစ်ခုလည်းဖြစ်ပြီး သောက်ရေအတွက် အနီးအနားကျေးရွာမှ မိသားစုတစ်စုအတွက် တစ်နေ့လျှင် လီတာ ၄၀ ခန့်သာ ခွင့်ပြုထားကာသုံးရေအတွက် ရေတွင်းများ တူးဖော်သုံးစွဲနေရကြောင်း သိရသည်။

“သုံးရေအတွက် ချောင်းရေကို သုံးလို့ရပေမဲ့ သောက်ရေကတော့ အခက်အခဲရှိနေပါတယ်။ အောက်မြတ်လှဲရွာမှာက နှစ်စဉ်နွေရာ သီရေရှားပါးပါတယ်။ ဒီနှစ်မှာက ဒုက္ခသည် ကလည်းများလာတဲ့အခါကျတော့ သောက်ရေအတွက် အခက်အခဲဖြစ်လာပါမယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လှဲကျေးရွာသားတစ်ဦးက ဆိုသည်။

ထို့ပြင် စစ်ဘေးဒုက္ခသည်အရေအတွက်မှာလည်း မတ်လနောက်ဆုံးပတ်တွင် နှစ်ဆခန့် တိုုးတက်လာကြောင်းနှင့် ပြီးခဲ့သောတစ်ပတ်အတွင်းက ပစ်ခတ်မှုများကြောင့် လူဦးရေ ၈၀၀၀ ကျော်နီးစပ်ရာသို့ ရုတ်တရက်ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ယင်းစစ်ဘေးဒုက္ခသည်များ ခိုလှုံနေကြသည့် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများမှ စခန်းများ၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများမှ စခန်းများနှင့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်း အဖျားပိုင်းရှိစခန်းများတွင် စားနပ်ရိက္ခာ လွန်စွာခက်ခဲနေကြောင်း REC မှ ကောက်ယူထားချက်များအရ သိရသည်။

Most Read

Most Recent